ဇန်နဝါရီ စျေးကွက် ပိတ်သိမ်းဖို့ တပတ် အလို ချဲလ်ဆီး အသင်းရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်း စုစည်းမှု

ချဲလ်ဆီး အသင်းဟာ လက်ရှိ ဇန်နဝါရီ စျေးကွက် အတွင်း ကစားသမားသစ် ၆ဦး အတွက် ယူရိုသန်း ၂၀၀ နီးပါး သုံးစွဲထားပြီး ၊ စျေးကွက် ပိတ်သိမ်းဖို့ တပတ် အလို အတွင်းမှာလည်း နောက်ထပ် ကစားသမားသစ် ၁ဦး ( သို့မဟုတ် ) ၂ဦး ဖြည့်တင်းဖို့ ပစ်မှတ်ထား ကြိုးပမ်းသွားဖွယ်ရှိပါတယ် ။

အထူးသဖြင့် ညာနောက်ခံလူသစ် တဦးနဲ့ ကွင်းလယ်လူသစ် တဦး ဖြည့်တင်းဖို့က ခြင်္သေ့ပြာတို့ အတွက် အဓိက ဦးစားပေး ဖြစ်ကာ ၊ မနေ့ကပဲ လိုင်ယွန် အသင်းရဲ့ ပြင်သစ် ဆယ်ကျော်သက် ညာနောက်ခံလူ မာလို ဂတ်စ်တိုကို ခေါ်ယူဖို့ စတင် ချဉ်းကပ်မှု လုပ်ခဲ့တယ်လို့ နာမည်ကြီး အပြောင်းအရွှေ့ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ် ။

အသက် ၁၉နှစ် အရွယ်ရှိ ဂတ်စ်တို အတွက် ပထမဆုံး ချဉ်းကပ်မှုကို လိုင်ယွန်ဖက်ကတော့ လက်ခံဖို့ အစီအစဉ် မရှိသေးပဲ ၊ ၄င်းကို အသင်းမှာ ရာသီကုန်အထိ အနည်းဆုံး ဆက်ထိန်းနိုင်ဖို့ ကြိုးပမ်းနေပါတယ် ။ ကစားသမားဖက်ကတော့ ချဲလ်ဆီးနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားပြီး ၊ ဒီဇန်နဝါရီ အတွင်းမှာပဲ လိုင်ယွန်ကနေ ထွက်ခွာဖို့ အလိုရှိနေတယ်လို့ သိရပါတယ် ။

ဒါ့အပြင် ချဲလ်ဆီးဟာ မနေ့ကပဲ ဖရန့် လမ်းပတ်ကို နည်းပြရာထူးကနေ တရားဝင် ထုတ်ပယ်ခဲ့တဲ့ အဲဗာတန် အသင်းမှ လူငယ် ကြယ်ပွင့် ၂ဦး ဖြစ်တဲ့ တောင်ပံ ကစားသမား အန်သိုနီ ဂေါ်ဒွန်နဲ့ ကွင်းလယ်လူ အာမဒူ အိုနားနားတို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း The Telegraph သတင်းဌာနရဲ့ ချဲလ်ဆီး ဂျာနယ်လစ် မတ်လောက ဆိုပါတယ် ။

အဲဗာတန်ဟာ လောလောဆယ် အဆင့် ၁၉ နေရာကို ရောက်နေပြီး ၊ ပြီးခဲ့တဲ့ ဘောလုံးရာသီက ကဲ့သို့ပင် တန်းဆင်းဇုန် တိုက်ပွဲဝင်နေရကာ ၊ ဒီရာသီအကုန် ပရီးမီးယားလိဂ်မှာ တန်းတင် ကျန်ရစ်ဖို့ မသေချာနေပါဘူး ။ ဒီအတွက်ကြောင့် အသင်းရဲ့ အကောင်းဆုံး ကစားသမား ၂ဦး ဖြစ်တဲ့ ဂေါ်ဒွန်နဲ့ အိုနားနားတို့ကို ဒီဇန်နဝါရီ အတွင်းမှာပဲ စျေးကောင်း ရရင် ရောင်းချသွားဖွယ် ရှိနေပါတယ် ။

ချဲလ်ဆီးဖက်ကတော့ ဇန်နဝါရီ အသုံးစရိတ် ယူရိုသန်း ၂၀၀ ကပ်နေပြီ ဖြစ်လို့ ၊ ဥရောပ ဘောလုံး အဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းနဲ့ မညိအောင် သတိကပ်ရင်း ၊ ယင်းအဲဗာတန်စတား ၂ဦးကို ခေါ်ယူဖို့ ကြိုးစားရမှာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ နွေရာသီမှာတုန်းက ဂေါ်ဒွန်ကို ပေါင်သန်း ၁၀၀ အထိ ကြေးဖြတ်ခဲ့တဲ့ အဲဗာတန်ဟာ အခုတခါမှာလည်း ယင်းအင်္ဂလန် ယူ၂၁ တောင်ပံ ကစားသမား အတွက် အနည်းဆုံး ပေါင်သန်း ၆၀ ခန့် အလိုရှိနေပါတယ် ။ ဒါ့အပြင် ပြီးခဲ့တဲ့ နွေရာသီကမှ လိုင်လီကနေ ပေါင် ၃၃သန်းနဲ့ ရောက်လာတဲ့ အိုနားနား အတွက်လည်း ချဲလ်ဆီးထံမှ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးမျိုး ရဖို့ အဲဗာတန်ဖက်က မျှော်မှန်းထားပါတယ် ။

တဖက်မှာ ကမ္ဘာ့ဖလား ချန်ပီယံဆုရ အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ ဘင်ဖီကာနဲ့ ချဲလ်ဆီးတို့ တကျော့ပြန် ဇာတ်လမ်း ပြန်စနေပြီလို့ သတင်းသဲ့သဲ့ ထွက်လာနေပေမယ့် ၊ လက်ကျန် တပတ် အတွင်း ၄င်းကို ခေါ်ဖို့ကတော့ ရာခိုင်နှုန်း အလွန်နည်းနေပါတယ် ။

ကစားသမားသစ်တွေ ဖြည့်တင်းဖို့ ကြိုးစားနေရင်း ၊ တဖက်ကလည်း အားထားရတဲ့ စီနီယာ အသင်းသား အချို့ကို ချဲလ်ဆီးတို့ စာချုပ်သစ် ကမ်းလှမ်းနိုင်ဖို့ လုပ်ဆောင်နေပါတယ် ။ သီယာဂို ဆေးလ်ဗားကတော့ စာချုပ်သစ် ချုပ်နိုင်ဖို့ ချဲလ်ဆီးတို့ ကြိုးပမ်းနေတဲ့ နောက်ဆုံးပေါ် ကစားသမား ဖြစ်ပါတယ် ။

အသက် ၃၈နှစ် အရွယ်ရှိပြီ ဖြစ်ပေမယ့် ၊ အရွယ်နဲ့ မလိုက်တော့အောင် အသင်းမှာ ရာနှုန်းပြည့် အားထားနေရတာကြောင့် ၊ သီယာဂို ဆေးလ်ဗားကို ချဲလ်ဆီးတို့ နောက်ထပ် တနှစ် သက်တမ်းတိုးဖို့ လုပ်ဆောင်နေကြောင်း The Times သတင်းဌာနက ဖော်ပြသွားပါတယ် ။ ၄င်းကြောင့် အခြား ကြယ်ပွင့် ခံစစ်မှူးတွေ ဖြစ်ကြတဲ့ ထရက်ဗာ ချာလိုဘာ ၊ ဘန်နွိုင်း ဘတ်ဒီယာရှီးလ်တို့ အရည်အသွေး တိုးတက်လာကြတာက မျက်မြင်ဖြစ်ပါတယ် ။

SPORTS MYANMAR