စပါးရဲ့ ရာသီမသေဆုံးသေးပါဘူးလို့ ဂယ်ရီနဗီးလ် သုံးသပ်ပြောဆို

တော့တင်ဟမ် ဟော့စပါး အသင်းဟာ လက်ရှီ ဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေ ၊ ပုံစံကောင်း မရရှိနေမှုတွေ အားလုံးကို ပြောင်းပြန်လှန်ပြီး ဘောလုံးရာသီကို အောင်အောင်မြင်မြင် အဆုံးသတ် နိုင်စေမယ့် နေရာကောင်းမှာ ရပ်တည်နေဆဲ ဖြစ်ပါတယ်လို့ ဂယ်ရီ နဗီးလ် က သုံးသပ် ပြောဆိုခဲ့ ပါတယ် ။

စပါး ဟာ ၂၀၂၂-၂၃ ပရီးမီးယားလိဂ် ရာသီကို အဖွင့်လှ ခဲ့ပြီး ၁၀ ပွဲမှာ ၇ ပွဲအထိ အနိုင်ရခဲ့ ပါတယ် ။ ဒါပေမယ့် နောက်ပိုင်းမှာ စပါးရဲ့ ပုံစံတွေ ယိုယွင်း လာခဲ့ပြီး အခုနောက်ဆုံး ကစားခဲ့တဲ့ ၁၀ ပွဲက ၉ ပွဲမှာ တပွဲကို ၂ ဂိုးနှုန်း အနည်းဆုံး ခွင့်ပြု လာခဲ့ရပါတယ် ။

မနေ့ညက ကစားခဲ့တဲ့ပွဲမှာတော့ လန်ဒန် မြို့ခံပြိုင်ဘက် ဖူလ်ဟမ် ကို ဟယ်ရီကိန်း ရဲ့ တလုံးတည်းသော ဂိုးနဲ့ စပါးတို့ အနိုင်ရခဲ့ ပါတယ် ။

ဒါဟာ ကမ္ဘာ့ဖလား အပြီး ပြန်ကစားတဲ့ အမှတ်ပေးပွဲတွေထဲမှာ စပါး အတွက် ဒုတိယမြောက် နိုင်ပွဲ ဖြစ်လာ စေခဲ့ပါတယ် ။

“စပါး မှာ အဆင်မပြေမှုတွေ ဖြစ်နေတာကို ကျွန်တော် ကြားမိပါတယ် ။ ဒါပေမယ့် သူတို့ ဒီလောက်ကြီးလည်း အဆိုးကြီး မဟုတ်သေးပါဘူး ။ ရာသီအကုန်မှာ သူတို့ ချန်ပီယံလိဂ်တောင် ဝင်ချင် ဝင်နိုင် ပါသေးတယ်” လို့ ဂယ်ရီ နဗီးလ် က မနေ့ညက Monday Night Football အစီအစဉ်မှာ သုံးသပ် ပြောဆိုသွားခဲ့ ပါတယ် ။

“ရာသီကုန်ဖို့ က အဝေးကြီး လိုပါသေးတယ် ။ FA Cup ကစားဖို့ ရှိသေးတယ် ၊ ချန်ပီယံလိဂ် မှာလည်း သူတို့ ဆက်ရှိ နေပါသေးတယ် ။ အေစီမီလန် က တော့ သူတို့ အတွက် ပွဲကောင်းတပွဲ ဖြစ်လာမှာပါ ။ အခု အနေအထားက စပါး အတွက် အရမ်းကြီး ဆိုးရွားမနေပါဘူး”

“ဒီ အဆင်မပြေမှုတွေကနေ တခဏအတွင်းမှာပဲ သူတို့ ရုန်းထွက် သွားနိုင်ပါတယ် ။ ဒီလို ဖြစ်နိုင်တဲ့ နေရာမှာလည်း သူတို့ ရှိနေတာပါ ။ သူတို့ရဲ့ အမြင် နဲ့ ခံယူချက်တွေကိုတော့ ပြောင်းလဲပစ်ဖို့ လိုအပ် ပါလိမ့်မယ် ။ အဲ့တခုပဲ ကျွန်တော် စိုးရိမ်တာပါ”

“စပါး အနေနဲ့ သင့်တော်တဲ့ စိတ်ပိုင်းဆိုင်ရာ တခုကို တည်ဆောက် နိုင်မယ်ဆိုရင် ကွန်တီ လက်ထက်မှာတင် ဖလားတလုံးလုံးလောက် ရသွားနိုင်ပါတယ် ။ သူတို့ ရှေ့တန်း ၃ ယောက်က တကယ့် အကောင်းစားတွေပါ ၊ သူတို့ လုပ်ရမှာက သင့်တော် မှန်ကန်တဲ့ စိတ်ထား ရှိဖို့ နဲ့ လွယ်လွယ် စိတ်ဓါတ် မကျဖို့ပါပဲ” လို့ နဗီးလ် က အကြံပြု ပြောဆို ခဲ့ ပါတယ် ။

စပါး ဟာ မနေ့ညက ပွဲမတိုင်ခင်အထိ ကမ္ဘာ့ဖလား အလွန် ပွဲတွေမှာ အမှတ်ပေး တပွဲသာ အနိုင်ရရှိ ထားပြီး ခံစစ်ရဲ့ ဆိုးရွားတဲ့ ကစားပုံတွေကြောင့် အသင်းအတွင်း အဆင်မပြေမှုတွေ ဖြစ်ပေါ် နေတယ်လို့ အသံတွေ ထွက်လာခဲ့ ပါတယ် ။

အသင်း ဒါရိုက်တာ ပါရာတစ်ချီ ဟာလည်း ယူဗင်တပ်အသင်းရဲ့ ငွေကြေးခဝါချမှု အရှုပ်တော်ပုံထဲ ပါဝင် ပတ်သက်မှုကြောင့် ဘောလုံးနဲ့ ၂ နှစ်ခွဲ မပတ်သက်ဖု့ိ ပြစ်ဒဏ်ချမှတ် ခံထားရပါတယ် ။

နည်းပြ ကွန်တီ လည်း ရာသီအကုန်မှာ စပါး နဲ့ လမ်းခွဲနိုင်တယ်လို့ သတင်းတွေ ထွက်နေပြီး ချဲလ်ဆီး နည်းပြဟောင်း တူချယ် က စပါး နည်းပြသစ် ဖြစ်လာနိုင်တယ်လို့ သတင်းကြီးနေပါတယ် ။

ဒါပေမယ့် မနေ့ညက နိုင်ပွဲ အပြီးမှာတော့ အဆင့် ၅ နေရာကို ဆက်လက် ရယူထားပြီး အဆင့် ၄ က မန်ယူနိုက်တက် နဲ့ ၃ မှတ် ၊ အဆင့် ၆ က ဘရိုက်တန် ကို ၅ မှတ်ဖြတ်ကာ နေရာယူ ထားနိုင်ခဲ့ ပါတယ် ။

စပါး အတွက် တလုံးတည်းသော အနိုင်ဂိုးကို သွင်းပေးခဲ့တဲ့ ဟယ်ရီကိန်း ဟာလည်း ၂၆၆ ဂိုးနဲ့ စပါး ဂန္ထဝင် တိုက်စစ်မှူးကြီး ဂျင်မီ ဂရေဗ့် ရဲ့ စပါးထာဝရဂိုးသွင်းရှင် အရေအတွက်ကို လိုက်မီသွားခဲ့ ပါတယ် ။

လာမယ့် တနင်္ဂနွေ မှာတော့ စပါး ဟာ FA Cup စတုတ္ထဆင့် အဖြစ် ပရက်စတန် အသင်းရဲ့ အဝေးကွင်းကို သွားရောက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ် ။

 

SPORTS MYANMAR