Big-Game Starboy ဆာကာ ၊ Need a Goal ? Call Eddie ၊ အာဆင်နယ် ၃-၂ မန်ယူနိုက်တက် ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ ချက်

Super Sunday ရဲ့ အကောင်းဆုံး ပွဲစဉ်မှာတော့ အာဆင်နယ် အသင်းဟာ သူတို့ရဲ့ အိမ်ကွင်း အမ်းမရိတ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို သုံးဂိုး နှစ်ဂိုး နဲ့ အနိုင်ယူပြီး ပထမအကျော့ ရှုံးကြွေးကို ပြန်ဆပ် နိုင်ခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ဒီနေ့ နိုင်ပွဲကြောင့် တစ်ပွဲလျှော့ကစားပြီး ဒုတိယနေရာက မန်စီးတီး အသင်းကို ၅ မှတ် ပြန်ဖြတ်လိုက်နိုင်ပါတယ် ။

အာဆင်နယ် ၃-၂ မန်ယူနိုက်တက် ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ ချက်ကတော့

၁ ။ Big Game Player ဆာကာ

ဆာကာ ကတော့ ပွဲကြီးပွဲကောင်းတွေမှာ ဂိုးတွေ သွင်းပြ ၊ ဂိုးဖန်တီးမှုတွေ လုပ်ပြပြီး Big Game Player ဖြစ်ကြောင်း ပြသလို့​နေပါတယ် ။ဆာကာ ဟာ Big Six နဲ့ တွေ့တဲ့ပွဲတွေမှာ သွင်းဂိုး + ဂိုးဖန်တီးမှု စုစုပေါင်း ၁၃ ကြိမ် အထိ ပြုလုပ် ထားတာ ဖြစ်ပါတယ် ။ ဒီနေ့ ယူနိုက်တက် နဲ့ ပွဲမှာလည်း ဆာကာ ဟာ ဘယ်ခြေ အဝေးကန်ချက် နဲ့ ဂိုးရယူ နိုင်ခဲ့ပြီး အွန်နရီ ၊ ယွန်းဘတ် တို့ နောက်ပိုင်း ယူနိုက်တက် ဘက်ကို ၃ ပွဲဆက် ဂိုးသွင်း နိုင်သူ ဖြစ်လာပါတယ် ။ ဒါ့အပြင် ပရီးမီးယားလိဂ် က ရွေးချယ် ပေးအပ်တဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိ သွားခဲ့ပါတယ် ။

၂ ။ Need a Goal ? Call Eddie

အပေါ်က ခေါင်းစဉ်က အန်ကီးတီးယား တစ်ယောက် လိဒ်ယူနိုက်တက်မှာ အငှား သွားကစားစဉ်က trend ဖြစ်ခဲ့တဲ့ caption တစ်ခုပါ ။ အက်ဒီ ဟာ ဘီယဲလ်ဆာ လက်အောက်မှာ ပွဲထွက် ကစားခွင့် သိပ်မရခဲ့ပေမယ့် လူစားဝင် ကစားတိုင်း ဂိုးတွေ သွင်းတာကြောင့် သွင်းဂိုးတွေ လိုအပ်ရင် အန်ကီးတီးယားကိုသာ ဖုန်းခေါ်လိုက်ပါ ဆိုတဲ့ စာသားက ပရိသတ်တွေကြား ကျော်ကြား ခဲ့ပါတယ် ။

ဒီနေ့ပွဲမှာလည်း တိုက်စစ်မှူး အန်ကီးတီးယားဟာ အာဆင်နယ် အသင်း အတွက် ဟီးရိုး ဖြစ်သွားခဲ့ပါတယ် ။ ဂျေးဇု ဒဏ်ရာ ရနေချိန်မှာ အက်ဒီ အပေါ် ယုံကြည်မှု နည်းပါး ခဲ့ကြပေမယ့် အက်ဒီ ကတော့ သူ့အပေါ် သံသယတွေကို သွင်းဂိုးတွေနဲ့ ချေဖျက် ပေးနေပါတယ် ၊ အက်ဒီ ဟာ ဒီနေ့ ပွဲမှာ အာဆင်နယ် အသင်း အတွက် အရေးပါတဲ့ ချေပဂိုးကို ခေါင်းတိုက် သွင်းယူ ပေးခဲ့သလို အနိုင်ဂိုးကိုလည်း ဖနောင့် နဲ့ လှလှပပ အဆုံးသတ် သွင်းယူပေးခဲ့ပါတယ် ။ ဂျေးဇု မကစားနိုင်တဲ့ အချိန်မှာ အက်ဒီ ဟာ အာဆင်နယ် အတွက် ၆ ဂိုးအထိ သွင်းယူ ပေးထားပါတယ် ။

၃ ။ ပရိသတ်တွေရဲ့ MOTM ဇင်ချန်ကို

ပရီးမီးယားလိဂ် က တရားဝင် ပေးအပ်တဲ့ Man of the Match ကို ဆာကာ ရသွားပေမယ့် ပရိသတ်တွေကတော့ ဒီနေ့ပွဲ ရဲ့ အကောင်းဆုံး ကစားသမားဟာ ဇင်ချန်ကို လို့ တစ်ညီတစ်ညွှတ်တည်း လက်ခံ ထားကြပါတယ် ၊ ကွင်းလယ်မှာ ပါတေး ရှာကာ အော်ဒီဂတ် တို့ ရုန်းကန် နေရချိန် ဇင်ချန်ကို ဟာ လိုအပ်နေတဲ့ နေရာတွေကို အကောင်းဆုံး ဖြည့်တင်း ကစားပြီး တိုက်စစ်ကို ကောင်းကောင်း ပံ့ပိုး ပေးခဲ့ပါတယ် ၊ ဂန်းနားတွေကတော့ ဇင်ချန်ကို ဟာ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ယူကရိန်း ကစားသမားလို့ ညွှန်းဆို နေကြပါတယ် ။

၄ ။ အာဆင်နယ် တစ်သင်းတည်း ကစားသွားတဲ့ ဒုတိယပိုင်း

ပထမပိုင်းက အပြန်အလှန် တိုက်စစ်ဆင်မှုတွေနဲ့အကြိတ်အနယ် ရှိခဲ့ပေမယ့် ဒုတိယပိုင်းကတော့ အာဆင်နယ် အသင်း ရဲ့ ပွဲ လုံးဝ ဖြစ်သွားခဲ့ပါတယ် ။ ဒုတိယပိုင်းမှာ အာဆင်နယ် အသင်းဟာ ဆာကာ ရဲ့ အဝေး ကန်ချက်သွင်းဂိုးနဲ့ ပွဲကို ပြန်လည် ဦးဆောင် နိုင်ခဲ့ပေမယ့် မာတီနက်ဇ် က ယူနိုက်တက် အတွက် ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့ပါတယ် ။

၂-၂ ဖြစ်သွားချိန်မှာ အာဆင်နယ် အသင်းဟာ အစွမ်းကုန် တိုက်စစ်ဆင်ခဲ့ပြီး အခွင့်အရေးတွေ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ အများအပြား လုပ်နိုင်ခဲ့ကာ ပွဲပြီးခါနီးမှာတော့ အက်ဒီ အန်ကီတီးယား က ဖနောင့်နဲ့ အနိုင်ဂိုး သွင်းယူ ပေးခဲ့ပါတယ် ။ ဂန်းနား ဂန္တဝင် ပီတစ် ကတော့ ဒုတ်ိယပိုင်းကို အာဆင်နယ် တစ်သင်းတည်း ကစားသွားခဲ့တာလို့ ညွှန်းဆို သွားခဲ့ပါတယ် ။

၅ ။ အသင်းပေါ် ချက်ချင်း အကျိုးပြုနိုင်ခဲ့တဲ့ ထရောဆက်ဒ်

ထရောဆက်ဒ် ရဲ့ ပွဲကစားချိန် မိနစ် က ဘယ်လောက်မှ မကြာလိုက်ပေမယ့် ကစားရတဲ့ မိနစ် အနည်းငယ် အတွင်းမှာ အသင်းကို အကျိုးပြု နိုင်ခဲ့ပါတယ် ။

အန်ကီးတီးယား ရဲ့ အနိုင်ဂိုးဟာ သူ့ဆီကနေ အစ ပြု ခဲ့တာ ဖြစ်ပါတယ် ၊ ပြိုင်ဘက် ဂိုးဧရိယာထဲမှာ မန်ယူနိုက်တက် ကစားသမား အများအပြား ကို လှည့်ဖျား သွားခဲ့တဲ့ အခိုက်အတန့်ကလည်း ပရိသတ်တွေကို ဖမ်းစား နိုင်ခဲ့ပါတယ် ၊ အာဆင်နယ် အတွက် တကယ့်ကို အကျိုး ကြီးမားတဲ့ ခေါ်ယူမှုပါပဲ ။

SM