အာဆင်နယ် အသင်းကို ချီးကျုးရင်း အကျိတ်အနယ် Super Sunday အကြောင်း သုံးသပ်ခဲ့တဲ့ အဲရစ်တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး အဲရစ် တန်ဟတ် က မနေ့ညက အီးမရိတ်မှာ ကစားခဲ့တဲ့ အာဆင်နယ် နဲ့ ပွဲဟာ ပွဲကောင်း တပွဲ ဖြစ်ပြီး သူတို့ အသင်းက ဦးဆောင်ထားနိုင် ပြီးကာမှ ဂိုးတွေ ပြန်ပေး လိုက်ရမှု အပေါ် မကျေမနပ် ဖြစ်ခဲ့ မိကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

မန်ယူနိုက်တက် ဟာ အမှတ်ပေး ဇယား အဆင့် ၁ က အာဆင်နယ် နဲ့ ကစားခဲ့တာ ဖြစ်ပြီး ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ပွဲပယ်ထိ ထားတဲ့ ကက်စမဲရိုး နေရာကို တော်မီနေး ထည့်သွင်း ကစားခဲ့ပြီး ကျန်တဲ့ လူစာရင်း ကတော့ အပြောင်းအလဲ မရှိခဲ့ပါဘူး ။

ပထမပိုင်း ၁၇ မိနစ် မှာပဲ မားကပ် ရက်ဖိုဒ့် က မန်ချက်စတာ ယူနိုက်တက် အတွက် အဖွင့်ဂိုးကို ကန်သွင်း ရယူပေးခဲ့ ပါတယ် ။

ဒါပေမယ့် အာဆင်နယ် ဘက်က လူငယ် တိုက်စစ်မှူးလေး အန်ကီတီယာ က ၇ မိနစ် အကြာမှာပဲ ပြန်လည် ချေပကာ ၁ ဂိုးစီ သရေနဲ့ ပထမပိုင်းကို ပြီးဆုံးစေခဲ့ ပါတယ် ။

ဒုတိယပိုင်းမှာ အာဆင်နယ် က ကစားပုံ ပိုသာလာခဲ့ပြီး ယူနိုက်တက် ကို ထိုးဖောက်တိုက်စစ်ဆင် လာခဲ့ပါတယ် ။

ဒုတိယပိုင်း ၅၃ မိနစ်မှာ ဆာကာ က အာဆင်နယ်ကို ပြန်လည် ဦးဆောင်စေခဲ့ ပေမယ့် လီဆန်ဒရို မာတီနက် က ၅၉ မိနစ်မှာ ပြန်ချေပပြီး ၂ ဂိုးစီ သရေ နဲ့ ဆက်လက် ယှဉ်ပြိုင်ခဲ့ကြ ပါတယ် ။ မိနစ် ၉၀ အရောက်မှာတော့ အန်ကီတီယာ က အာဆင်နယ် ကို ၃ မှတ် ရရှိစေမယ့် အနိုင်ဂိုး ကို သွင်းယူ သွားခဲ့ ပါတယ် ။

 

“ဒီပွဲက ပွဲကောင်း တပွဲပါ ။ အရှိန်အဟုန်လည်း မြင့်ပြီး ပရိသတ်တွေလည်း သဘောကျကြမှာပါ ။ သူတို့ ကတော့ တကယ့် အောင်နိုင်သူတွေ ပါပဲ ။ ထိပ်သီး ၂ သင်း ကစားကြတဲ့ပွဲပါ ၊ ကျွန်တော်တို့ က စိတ်ပျက်ရသူတွေ ဖြစ်ခဲ့တာကလည်း အမှန်ပါပဲ ။ ဒီလို အနေအထား ၊ ဒီလိုပွဲမျိုးကို ရှုံးရင် လူတိုင်း စိတ်ပျက် မိကြမှာပါ”

“အာဆင်နယ် က ဘောလုံးရထားတဲ့ အချိန်မှာဆိုရင် တကယ်ကောင်း ပါတယ် ။ ကျွန်တော်တို့ ကလည်း ခံစစ်ကို ကောင်းကောင်း ကစားခဲ့ကြ ပါတယ် ။ သူတို့ အခွင့်အရေးတွေ အများကြီး မရခဲ့ပါဘူး ။ ကျွန်တော်တို့ မဖြစ်သင့်တဲ့ အမှားတချို့ လုပ်မိ ခဲ့ပါတယ် ။ ဒီလိုပွဲမျိုးတွေမှာ သေးငယ်တဲ့ အချက်အလက်လေးတွေ က ကြီးမားတဲ့ ခြားနားမှုတွေကို ဖြစ်စေမှာပါ”

“ပြီးခဲ့တဲ့ အပတ်တုန်းကလည်း ဒီလို အနေအထားမျိုး ကို ကျော်လွှား နိုင်ဖို့ ကျွန်တော်တို့ အရမ်း အားထုတ် ခဲ့ရ ပါတယ် ။ ဒီနေ့တော့ ကျွန်တော်တို့ မလုပ် နိုင်ခဲ့ပါဘူး ။ ပေးလိုက်ရတဲ့ ၃ ဂိုးစလုံးဟာ မပေးရအောင် လုပ်မယ် ဆိုရင် လုပ်လို့ ရနိုင်ပါတယ်”

“အရှုံးကို လက်ခံရမှာပါ ။ ကစားပုံကို အနှစ်ပြန်ချုပ် ကြည့်လိုက်ရင်တော့ ကျေနပ်စရာ မကောင်းခဲ့ပါဘူး ။ ပွဲကို ကောင်းကောင်း စတင်နိုင်ခဲ့ ပေမယ့် အဆုံးသတ်မှာ ဒီလို ပုံစံနဲ့ချည်း အဆုံးသတ် ခဲ့တာ ကောင်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး” လို့ အဲရစ် တန်ဟတ် က ပြောဆိုခဲ့ ပါတယ် ။

ယူနိုက်တက် အတွက် အဖွင့်ဂိုးကို သွင်းယူ ပေးခဲ့တဲ့ မားကပ် ရက်ဖိုဒ့် ကလည်း ဒီလို ပွဲမျိုးကို ရှုံးနိမ့်တာက ခံစားရကြောင်း ၊ အသင်းက ပုံစံမှန် ၊ လမ်းကြောင်းမှန် ပေါ်မှာ ရှိနေပြီး ဒါကို ဆက်ထိန်းထားဖို့ လိုအပ်ကြောင်း ၊ ဆက်ပြီး အကောင်းမြင်ထား ကြဖို့ လိုအပ်ကြောင်း ရေးသားခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရှုံးပွဲကြောင့် အဆင့် ၁ က အာဆင်နယ် နဲ့ ၁၁ မှတ် ( ယူနိုက်တက် တပွဲပို ) ၊ အဆင့် ၂ က မန်စီးတီး နဲ့ ၆ မှတ် ကွာဟသွားခဲ့ပြီး နယူးကာဆယ် က အမှတ်တူ ဂိုးအသာ နဲ့ တတိယ နေရာကို ကျော်တက် သိမ်းပိုက်သွားတာကိုပါ ခံလိုက်ရပါတယ် ။

ယူနိုက်တက် ဟာ လာမယ့် ကြာသပတေးနေ့ မှာတော့ ခါရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမ အကျော့ အဖြစ် နော်တင်ဟမ်ဖောရက်စ် အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး အဆိုပါ ပွဲ အပြီးမှာတော့ FA Cup စတုတ္ထဆင့် အဖြစ် ရီးဒင်း အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR