အမှတ်ပေး ဇယားကို အာဆင်နယ် အမှတ်ပြတ် ဦးဆောင်နေပေမယ့် ရာသီကုန်ရင် စီးတီးပဲ ချန်ပီယံ ​ဖြစ်လိမ့်မယ်ဆိုတဲ့ ယူနိုက်တက် ဂန္တဝင် ၂ ဦး

ဂယ်ရီနဗီးလ် နဲ့ ရွိုင်ကိန်း တို့ကတော့ ဒီနေ့ မနက် ပွဲစဉ် အပြီးမှာ ရာသီကုန်တွင် မန်ချက်စတာစီးတီး အသင်းပဲ ချန်ပီယံ ဖြစ်သွားလိမ့်မယ်လို့ ဆိုလိုက်ပြီး အာဆင်နယ် အသင်းကို ကျော်တက်ဖို့ အတွက် ရလဒ်ကောင်းတွေ ဆက်တိုက် ရယူနိုင်ဖို့တော့ လိုအပ်ကြောင်း ဝန်ခံ သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ မန်ယူနိုက်တက် နဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး အန်ကီးတီးယား ရဲ့ နောက်ကျ အနိုင်ဂိုး နဲ့ အတူ အနိုင်ရပြီး ဒုတိယနေရာက မန်ချက်စတာ စီးတီး အသင်းကို ၅ မှတ် ပြန်ဖြတ်လိုက်နိုင်ပါတယ် ။ အာဆင်နယ် အသင်းဟာ မန်စီးတီး ထက် တစ်ပွဲလျော့ အနေအထား ကနေ ငါးမှတ် ဖြတ်ထား နိုင်တာလည်း ဖြစ်ပါတယ် ။

ယူနိုက်တက် နောက်ခံလူဟောင်း နဗီးလ် ကတော့ အာဆင်နယ် အသင်းဟာ မန်စီးတီး အသင်း နဲ့ နှစ်ကျော့ ကစားရဖို့ ရှိနေသေးတာကြောင့် ဂွာဒီယိုလာ ရဲ့ အသင်းဟာ ချန်ပီယံဆု အတွက် အလားအလာကောင်းနေဆဲ ဖြစ်တယ်လို့ မီးမောင်း ထိုးပြ သွားခဲ့ပါတယ် ။

” အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ဖလားရမယ်လို့ ကျနော် ကတော့ မထင်ပါဘူး ။ စီးတီး ပဲ အမှတ်ပေးလိဂ် ချန်ပီယံ ဖြစ်သွားပါလိမ့်မယ် ၊ အာဆင်နယ် အသင်း ကို ကျော်တက်ဖို့ အတွက် သူတို့ special run တစ်ခုပဲ လိုအပ်တာပါ ၊ မန်စီးတီး အသင်းပဲ အချိန်တန်ရင် ရသွားပါလိမ့်မယ် ။ ”

” ဒီရာသီ ရဲ့ အချိန်ကာလ တစ်ခုမှာ အာဆင်နယ် အသင်း ရှုံးပွဲ ၁ ပွဲ ၂ ပွဲ ကြုံရဦးမှာပါ ၊ အဲ့ဒီ အခါကျ စီးတီး က လိုက်မှီ လာပါလိမ့်မယ် ၊ စီးတီး လိုက်မှီ တာနဲ့ သူတို့ အတွက် အရမ်းကိုပဲ ခက်ခဲ သွားပါပြီ ။ အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ဖလား ရနိုင်ချေတော့ ရှိပါတယ် ၊ ရာသီအစမှာ သူတို့ ချန်ပီယံဆု အနားတောင် ကပ်နိုင်မှာ မဟုတ်ဘူးလို့ တွေးခဲ့ပါတယ် ၊ ချန်ပီယံဆုအကြောင်း ပြောရာမှာ သူတို့အကြောင်း ထည့်ပြောနေရတာကို မယုံကြည်နိုင်လောက်အောင် ဖြစ်ရပါတယ် ။ ”

” အခု သူတို့ ကို ချန်ပီယံဆု နဲ့ ပတ်သက်ပြီး ပြောနေရတာ အံ့ဖွယ်ပါပဲ ၊ စီးတီး ပဲ ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ပြောတာက ကျနော့်အတွက် အနုတ်လက္ခဏာဆောင်တဲ့ အရာတော့ မဟုတ်ပါဘူး ၊ စီးတီး က အာဆင်နယ် ကို အမဲလိုက်ပြီး ကျော်တက်ပါလိမ့်မယ် ၊ အာတီတာ အတွက်တော့ လုံးဝ မယုံကြည်နိုင်စရာ ဖြစ်နေမှာပါ ၊ ကျနော်က ပြီးခဲ့တဲ့ ရာသီကုန်ခါနီးမှ အာတီတာ အပေါ် စိုးရိမ်မှု ရှိခဲ့ပြီး သူတို့ အတွက် ခက်ခဲလိမ့်မယ်လို့ ထင်ခဲ့တာပါ ။ ”

ရွိုင်ကိန်း ကလည်း ” ချန်ပီယံ ဘယ်သူ ဖြစ်မလဲ ဆိုတာ ပိုက်ဆံကြေး လောင်း​ကြေး ထပ်ရမယ်ဆို ကျနော်ကတော့ စီးတီး လို့ပဲ ထင်ပါတယ် ။ ဒါပေမယ့် ဒီကနေ့ မြင်လိုက်ရတဲ့ အာဆင်နယ် အသင်း ရဲ့ နည်းစနစ်ပိုင်း အရည်အသွေး စိတ်ဓတ်ပိုင်းဆိုင်ရာ အရ သူတို့ကို ရပ်တန့်ဖို့ဆို အများကြီး လုပ်ဆောင်ရမှာပါ ။ ”

” အာဆင်နယ် အသင်း ချန်ပီယံ ဖြစ်သွားလည်း အရမ်းကြီး အံ့ဩ တုပ်လှုပ်စရာတော့ မဟုတ်ပါဘူး ။ မန်စီးတီး အသင်းပဲ ချန်ပီယံ ဖြစ်မယ်လို့ ဘာကြောင့် ယုံကြည်နေရသလဲဆိုရင် ပြီးခဲ့တဲ့နှစ်တွေအတွင်း သူတို့ လုပ်ပြ နိုင်ခဲ့တာတွေရယ် သူတို့ ရဲ့ လူစာရင်း အင်အား ရယ် ကြောင့်ပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM