အမျိုးသမီး တဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုကြောင့် အသင်းဖော်ဟောင်း ဒန်နီ အဲလ်ဗက်စ် အမှုရင်ဆိုင်နေရတဲ့ အပေါ် မှတ်ချက်ပေးလာတဲ့ ဇာဗီ

ဘာစီလိုနာ ဂန္တဝင် ညာနောက်ခံလူဟောင်း ဒန်နီ အဲလ်ဗက်စ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ အတွင်း အမျိုးသမီး တဦး အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားမှုကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တရားစွဲ ခံခဲ့ရပြီး ၊ မက္ကဆီကို နိုင်ငံ ပူးမက်စ်မှာ ရှိတဲ့ ဘရိုင်ယန်စ် – ၁ ထောင်မှာ ရမန်ယူ အချုပ်ပို့ခံခဲ့ရပါတယ် ။

လောလောဆယ်မှာတော့ ရုံးတင်စစ်ဆေးမှု မတိုင်ခင် အဲလ်ဗက်စ် တယောက် ထောင်ကနေ ခဏတာ လွတ်ငြိမ်းခွင့် ရထားပါတယ် ။ ပြီးခဲ့တဲ့ သောကြာနေ့မှာပဲ ဘာစီလိုနာ တရားရုံးမှ အဲလ်ဗက်စ်ကိုရော ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတယ်လို့ တရားစွဲခဲ့တဲ့ အမျိုးသမီးကိုပါ စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့ပါတယ် ။

အသက် ၃၉နှစ် အရွယ်ရှိ ယင်းဘရာဇီးသားကတော့ ဒီအမှုမှာ သူ ဘာမှားယွင်းတာ တခုမှ မလုပ်ထားတဲ့ အကြောင်းသာ ပြတ်ပြတ်သားသား ငြင်းဆိုလျက်ရှိပါတယ် ။ တဖက်မှာ မက္ကဆီကို ကလပ် ယူနီဗာဆီဒက် နေစီယွန်နယ်အသင်းကတော့ ဒန်နီ အဲလ်ဗက်စ်ကို ထိုမှုခင်း ဖြစ်ပြီးပြီးချင်း တရားဝင် စာချုပ်ဖျက်သိမ်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ် ။

တချိန်က ဘာစီလိုနာမှာ အဲလ်ဗက်စ်နဲ့ နှစ်များစွာ အတူ တွဲကစားခဲ့ဖူးတဲ့ လက်ရှိ ဘာဆာ နည်းပြ ဇာဗီက မနေ့ညက ကစားခဲ့တဲ့ ဂီတာဖေးနဲ့ လာလီဂါပွဲ မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ ထိုအကြောင်းနဲ့ ပတ်သက်ကာ အခုလိုပဲ မပြတ်မသား တုန့်ပြန် ဖြေကြားခဲ့ဖူးပါတယ် ။

ဇာဗီ က ” ဒီအခြေအနေ အပေါ် မှတ်ချက်ပေးဖို့ ခက်ပါတယ် ။ ကျွန်တော် အံ့သြမိသလို ၊ ရှော့ခ်လည်း ရမိပါတယ် ။ တရားမျှတမှုက အရာရာကို အဆုံးအဖြတ်ပေးသွားမှာပါ ။ ကျွန်တော်တို့မှာ ဒီဖြစ်ရပ် အပေါ် ဘာမှ စွက်ဖို့ခွင့် မရှိပါဘူး ။ ဒါက သူ့အတွက် ကြည့်ရဆိုးတဲ့ အနေအထားပါ ။ ကျွန်တော် အံ့သြမိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

မနေ့က ဂီတာဖေးကို ပတ်ဒရီရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာတော့ ဇာဗီက အဲလ်ဗက်စ်ရဲ့ အမှုမှာ သူ့ရဲ့ မရှင်းမလင်း မှတ်ချက် စကားလုံးတွေနဲ့ ပတ်သက်ပြီး တောင်းပန်ကြောင်း ဖွင့်ဟရင်း ၊ ဒီလို အကြမ်းဖက်မှုမှန်သမျှကို သူ လုံးဝ ရှုံ့ချတဲ့ အကြောင်း အခုလိုပဲ တုန့်ပြန်လာပါတယ် ။

ဇာဗီ က ” ပြီးခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကျွန်တော့ရဲ့ စကားလုံးတွေနဲ့ ပတ်သက်ပြီး နားလည်မှု လွဲခဲ့ကြတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဒါကို ကျွန်တော် သေသေချာချာ မရှင်းပြခဲ့မိတာလည်း ပါပါလိမ့်မယ် ။ ဒါက စက်ဆုပ်ဖွယ်ကောင်းပြီး ၊ အရေးကြီးတဲ့ အမှုအခင်း တခုပါပဲ ။ ”

” ကျွန်တော်တို့ဟာ ဘယ်လို အကြမ်းဖက်မှုမျိုးမဆို ၊ အကြမ်းဖက်မှု ကျူးလွန်တဲ့ မည်သူကိုမဆို မဖြစ်မနေ ရှုံ့ချရပါမယ် ။ ဒီလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရသူ အတွက် ကျွန်တော် ဒီနေရာကနေ တောင်းပန်ပါတယ် ။ ကျွန်တော့ရဲ့ စကားလုံးတွေနဲ့ ပတ်သက်ပြီး ဝေဖန်ချက်တွေကိုလည်း ကျွန်တော် နားလည်ပေးနိုင်ပါတယ် ။ ”

” ဒီအတွက်လည်း ကျွန်တော် တောင်းပန်ပါတယ် ။ ကျွန်တော် ဒီစကားလုံးတွေ ပြောဖို့ အတင်း တွန်းအားပြုခဲ့တာ မဟုတ်ပါဘူး ။ ဒန်နီ ဒီလို အပြုအမူမျိုး လုပ်ခဲ့လား ဆိုတာကိုတော့ ကျွန်တော်လည်း မသိပါဘူး ။ ဒါက ကျွန်တော့ကို အံ့သြစေပါတယ် ။ ”

” အကယ်၍ ဒါက တကယ် ဖြစ်ခဲ့တယ်ဆိုရင် အကြမ်းဖက်စော်ကားခံရသူဖက်က ကျွန်တော် အပြည့်အဝ ထောက်ခံပါတယ် ။ ကျွန်တော် တောင်းပန်ပါတယ် ။ ကျွန်တော် ရှေ့ရက်က ဒါနဲ့ ပတ်သက်ပြီး သေသေချာချာ မရှင်းပြခဲ့မိပါဘူး ။ ဒါက ကြည့်ရဆိုးခဲ့ပါတယ် ။ ကျွန်တော့ရဲ့ စကားသံတွေက အရေးကြီးတာ ကျွန်တော် သိပါတယ် ။ ဒီအပေါ် နားလည်မှု လွဲခဲ့တာကို ကျွန်တော် မသိပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR