ဝုလ်ဗ်နဲ့ ပွဲမှာ ဒီရာသီ စတုတ္ထမြောက် ဟက်ထရစ် ရခဲ့တဲ့ ဟာလန်းနဲ့ ပတ်သက်ပြီး ပက်ဂွာဒီယိုလာ ဘာတွေပြောခဲ့လဲ ?

မန်စီးတီး အသင်းဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ တန်းဆင်းဇုန် အန္တရာယ် ရှိနေတဲ့ ဝုလ်ဗ် အသင်းကို အီတီဟတ်မှာ အားထားရတဲ့ နော်ဝေး ကြယ်ပွင့် ဂိုးသွင်းစက် အာလင်း ဟာလန်းရဲ့ ဟက်ထရစ်နဲ့ အနိုင်ရကာ ၊ သရဖူ ကာကွယ်ဖို့ ချန်ပီယံဆု ပြေးလမ်းကြောင်းပေါ်မှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ အပတ်က အထိ ၄ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့တဲ့ ဟာလန်းဟာ ကြားရက်က ကစားခဲ့တဲ့ တော့တင်ဟမ်နဲ့ ပွဲမှာ ဂိုးပေါက် ပြန်ရှာတွေ့ခဲ့ပြီး ၊ မနေ့ညကတော့ ၄င်းရဲ့ ဒီရာသီ ၄ကြိမ်မြောက် ပရီးမီးယားလိဂ် ဟက်ထရစ်ကို ရယူသွားခဲ့ပါတယ် ။

ဒီဟက်ထရစ်ကြောင့် ဟာလန်းဟာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု အတွက် ဂိုးသွင်းအများဆုံး စာရင်းမှာ ၂၅ဂိုးနဲ့ ထိပ်ဆုံးက ဆက်လက် ဦးဆောင်နေဆဲ ဖြစ်ပြီး ၊ ဒုတိယ နေရာက တော့တင်ဟမ် တိုက်စစ်မှူး ဟယ်ရီကိန်းထက် ၁၀ဂိုး အထိ အသာစီး ရထားပါတယ် ။

မနေ့က ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာ က ဂိုးပြန်မြူးတဲ့ ဟာလန်းကို ၄င်းတို့ အနေနဲ့ ဘယ်တုန်းကမှ line-up ကနေ ထုတ်ပယ်လို့ မရခဲ့ကြောင်း ဖွင့်ဟရင်း ၊ ယင်းနော်ဝေးသား ဂိုးပေါက်ပျောက်နေခဲ့ချိန် ဝေဖန်ခဲ့သူတွေကိုလည်း တုန့်ပြန်သွားခဲ့ပါတယ် ။

ပက် က ” သူ ဘယ်နှကြိမ်မြောက် ဟက်ထရစ် ရထားတာတွေ ကျွန်တော် မသိပါဘူး ။ လူတွေက သူဂိုးသွင်းနိုင်တဲ့အခါ သူကသာ ကျွန်တော်တို့ရဲ့ ဖြေရှင်းချက် ဖြစ်တယ်လို့ ပြောကြသလို ၊ သူ ဂိုးမသွင်းနိုင်တဲ့အခါကျပြန်တော့လည်း သူက ကျွန်တော်တို့ရဲ့ ပြဿနာကောင်လို့ ပြောကြပါတယ် ။ ”

” ဒါဟာ လူတွေရဲ့ မမြဲမြံတဲ့ အတွေးတွေ ဖြစ်ပါတယ် ။ ကျွန်တော်တို့ကတော့ သူ့ရဲ့ အရည်အသွေးတွေကို သိထားပြီး ၊ တဦးနဲ့ တဦး အတွင်းသိတွေ ဖြစ်နေကြပါပြီ ။ သူဟာ ကျွန်တော်တို့ရဲ့ ပွဲထွက်စာရင်းကနေ ဖယ်ရှားလို့ မရတဲ့ ကစားသမား တဦးပါ ။ သူ့ကို False 9 ပုံစံ သုံးလို့ မဖြစ်ပါဘူး ။ ”

” ကျွန်တော်တို့ကသာ သူ့ရဲ့ ကစားပုံနဲ့ လိုက်လျောညီထွေ ဖြစ်မယ့် နည်းစနစ်ကို အသုံးပြုရမှာပါ ။ အခုအချိန် အထိ ကျွန်တော်တို့ရဲ့ ချဉ်းကပ်ကစားပုံက ကောင်းနေတယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

လက်ရှိ ချန်ပီယံ မန်စီးတီးဟာ မနေ့က ပွဲကို အနိုင်ရခဲ့ပေမယ့် ၊ ဇယားထိပ်က အာဆင်နယ်ကလည်း မန်ချက်စတာ ယူနိုက်တက်ကို ၃ – ၂ နဲ့ အနိုင်ရခဲ့တာကြောင့် တပွဲပို ကစားပြီး ၅မှတ် နောက်ကျကျန်နေဆဲ ဖြစ်ပါတယ် ။ သို့ပေမယ့် ပက်ဂွာဒီယိုလာကတော့ ၄င်းတို့ဟာ လက်ကျန် ဘောလုံးရာသီ အတွင်း ဒီထက် တိုးတက်လာဖို့ ရှိကြောင်း ကတိပြုခဲ့ပါတယ် ။

ပက် က ” ဒီနေ့မှာ ကျွန်တော်တို့ရဲ့ ကစားပုံ တိုးတက်မှု ရှိခဲ့ပါတယ် ။ ဒါပေမယ့် ဒီနေ့ တရက်တည်း ဒါမျိုး ဖြစ်လို့ မရပါဘူး ။ ရှေ့လာမယ့် ပွဲတွေမှာ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ ။ လူတွေက ဒီနေ့မှာ အာလင်းရဲ့ ဂိုးတွေ ၊ ကယ်ဗင် ( ဒီဘရိုင်း ) ရဲ့ ဖန်တီးမှုတွေ ၊ ရီယဒ် ( မာရက်ဇ် ) ရဲ့ လှုပ်ရှား ကစားပုံတွေ မြင်ခဲ့ရပေမယ့် ၊ အသင်းမှာ အရာများစွာ တိုးတက်စရာ ရှိပါသေးတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR