ယူနိုက်တက် ကို အနိုင်ရတဲ့ ပွဲမှာ အာဆင်နယ် အသင်း တိုးတက်ဖို့ လိုအပ်နေသေးတဲ့ အရာ နှစ်ခုကို ထောက်ပြလိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ မီခေးလ် အာတီတာ က သူ့ရဲ့ အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို ထိုက်ထိုက်တန်တန် အနိုင် ရခဲ့တာ ဖြစ်တယ်လို့ ဆိုလိုက်ပြီး အခုထက် ပို တိုးတက်ကောင်းမွန်အောင် လုပ်ဖို့ လိုအပ်နေသေးတဲ့ အရာတွေ ရှိတယ်လို့ ဝန်ခံ ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ မန်ယူနိုက်တက် နဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး အန်ကီးတီးယား ရဲ့ နောက်ကျ အနိုင်ဂိုး နဲ့ အတူ ၃-၂ နဲ့ အနိုင်ရပြီး ဒုတိယနေရာက မန်ချက်စတာ စီးတီး အသင်းကို ၅ မှတ် ပြန်ဖြတ်လိုက်နိုင်ပါတယ် ။ အာဆင်နယ် အသင်းဟာ လက်ရှိ ချန်ပီယံ မန်စီးတီး ထက် တစ်ပွဲလျော့ အနေအထား ကနေ ငါးမှတ် ဖြတ်ထား နိုင်တာလည်း ဖြစ်ပါတယ် ။

အာတီတာ ကတော့ ပွဲအပြီး အင်တာဗျူး မှာ နိုင်ပွဲနဲ့ ပတ်သက်ပြီး ” တကယ့်ကို အံ့မခန်းပွဲပါပဲ ၊ ဒီထ​က် ပိုကောင်းတဲ့ အရာ မရှိနိုင်ပါဘူး ၊ ကျွန်တော်တို့ ထိုက်ထိုက်တန်တန် နိုင်ပွဲတွေ အမှတ်တွေ ရနေခဲ့တာပါ ၊ ပွဲအများစုကို ကျနော်တို့ အနိုင်ရလဒ် နဲ့ ထိုက်တန်အောင် ကစား နိုင်ခဲ့ပါတယ် ။ ဒါပေမယ့် လက်တွေ့မှာ ကျနော်တို့ ဒီထက်ပိုကောင်းအောင် လုပ်နိုင်ပါသေးတယ် ၊ တိုက်စစ် နဲ့ ခံစစ် အကူးအပြောင်းတွေမှာ ပိုကောင်းအောင် လုပ်ရပါဦးမယ် ၊ ဒါ ကျနော်တို့ရဲ့ ရည်မှန်းချက်ပါပဲ ။ ”

ဆက်လက်ပြီး အာတီတာ က အက်ဒီ အန်ကီးတီးယား ရဲ့ နောက်ကျ အနိုင်ဂိုး နဲ့ ပတ်သက်ပြီး ” ဒီထက် ပိုကောင်းတဲ့ အရာ ရှိမယ် မထင်ပါဘူး ၊ တကယ့်ကို လှပတဲ့ အခိုက်အတန့်ပါပဲ ၊ တကယ့်ကို ထူးရှယ် သွင်းဂိုး တစ်ဂိုးပါ ၊ ကျနော်တို့ ဂိုးရဖို့ ဆက်တိုက် တွန်းအားပေး ကစားခဲ့ပြီး နောက်ဆုံး မိနစ် မရောက်ခင် အထိ ဂိုးမရ ဖြစ်နေခဲ့ပါတယ် ။ ”

” ဒါပေမယ့် နောက်ဆုံးမှာ​တော့ ကျနော်တို့ လိုချင်နေတဲ့ အနိုင်ဂိုး ရသွားခဲ့ပါတယ် ။ VAR ကြည့်ပြီးမှပဲ ပျော်နိုင် ခဲ့တာပါ ၊ ဒါပေမယ့် ဒီသွင်းဂိုး မှာ မြင်တွေ့ ခဲ့ရတဲ့ လျင်မြန်မှု ၊ခံစားချ​က် ပြင်းထန်မှု ၊ အသင်း ချစ်စိတ် စတဲ့ အရာတွေ အားလုံးကို ကျနော် အရမ်းပဲ နှစ်ခြိုက် သဘောကျပါတယ် ။ ”

အာဆင်နယ် အသင်း ရဲ့ အနိုင်ဂိုးရှင် အက်ဒီ အန်ကီးတီးယားဟာ ကမ္ဘာ့ဖလား အပြီး ကစားတဲ့ ၆ ပွဲမှာ သွင်းဂိုး ၆ ဂိုး အထိ သွင်းယူ ထားနိုင်ပါတယ် ။ အာတီတာ က အန်ကီးတီးယား ရဲ့စွမ်းဆောင်ရည် အပေါ်လည်း ” အက်ဒီ လုပ်ပြနေတဲ့ အရာတွေက တကယ့်ကို အံ့မခန်းပါပဲ ။ သူ အနိုင်ဂိုး သွင်းနိုင်မယ်လို့ ကျနော်တို့ ကြိုမြင်ထားကြတယ်လို့ မပြောလိုပါဘူး ၊ သူ လုပ်နိုင်ဖို့​တော့ မျှော်လင့် ထားခဲ့ပါတယ် ။ ”

” သူ့ရဲ့အရည်အသွေး ၊ စိတ်ဓတ်ပိုင်းဆိုင်ရာ က အသင်း နဲ့ ကွက်တိ အံဝင် ခွင်ကျ ဖြစ်နေပါတယ် ၊ ဂါဘီ ကို ဆုံးရှုံးထားရတာက ကျနော်တို့ အတွက် ကြီးမားတဲ့ နစ်နာ ဆုံးရှုံးမှု ဖြစ်ပေမယ့် အက်ဒီ က ထူးချွန် ပြောင်မြောက်စွာ တုန့်ပြန် ပြထားနိုင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM