ဇန်နဝါရီ စျေးကွက် ၇ယောက်မြောက် ကစားသမားသစ် အဖြစ် လိုင်ယွန် စတားကို ခေါ်ယူဖို့ စတင် ကမ်းလှမ်းတော့မယ့် ချဲလ်ဆီး

ချဲလ်ဆီး အသင်းဟာ ယခု ဆောင်းရာသီ စျေးကွက် အတွင်း ကစားသမားသစ် ၆ဦး အထိ ခေါ်ယူထားပြီး ၊ ဒါဟာ ကလပ် သမိုင်းတလျှောက် စံချိန်တင် ခေါ်ယူမှု အရေအတွက် ဖြစ်ပါတယ် ။ သို့ပေမယ့် တော့ဒ်ဘိုလီနဲ့ ချဲလ်ဆီး ပိုင်ရှင်သစ်တွေဟာ ၆ယောက်တည်းနဲ့ ရပ်တန့်သွားမှာ မဟုတ်ပဲ ၊ ကစားသမားသစ် တဦး အနည်းဆုံး ထပ်ဖြည့်နိုင်ဖို့ စီစဉ်နေပါတယ် ။

The Telegraph သတင်းဌာနရဲ့ ချဲလ်ဆီး ဂျာနယ်လစ် မတ်လောရဲ့ အဆိုအရ ချဲလ်ဆီးဟာ လာမယ့် အပတ် အတွင်း လိုင်ယွန် အသင်းရဲ့ ပြင်သစ် လူငယ် ညာနောက်ခံလူ မာလို ဂတ်စ်တိုကို ခေါ်ယူဖို့ တရားဝင် စတင် ကမ်းလှမ်းမှုတွေ လုပ်မှာ ဖြစ်ကြောင်း သိရပါတယ် ။

အားထားရတဲ့ ညာနောက်ခံလူ ရိစ်ဂျိမ်းစ် တယောက် ဒီရာသီမှာ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရတာကြောင့် ချဲလ်ဆီး ပရိသတ်တွေဟာ ၄င်းရဲ့ back-up ညာနောက်ခံလူကောင်း တဦး ခေါ်ယူပေးဖို့ အလိုရှိနေကြတာ ကြာပြီ ဖြစ်ပါတယ် ။

အထူးသဖြင့် ရိစ်ဂျိမ်းစ် မရှိတဲ့ အချိန် ကလပ် အသင်းခေါင်းဆောင် ဝါရင့် ညာနောက်ခံလူ ဆီဆာ အက်ဇ်ပီလီကွီတာဟာ ၄င်းထက် အတော်လေး နိမ့်ပါးတဲ့ အရည်အသွေးမျိုး ၊ စွမ်းဆောင်ရည် အစားထိုးပေးထားနိုင်သလို ၊ နောက်ပိုင်းပွဲတွေမှာ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာဟာ ခံစစ်မှူး တဦး ဖြစ်တဲ့ ထရက်ဗာ ချာလိုဘာကို ညာနောက်ခံလူ နေရာ ပို့ပြီး ရေတို အနေနဲ့ ဖြေရှင်းထားတာကို တွေ့ရပါတယ် ။

အသက် ၁၉နှစ် အရွယ်ရှိ ဂတ်စ်တိုဟာ ဒီရာသီ လိုင်ယွန် အသင်း အတွက် အထူး ခြေစွမ်းပြနေပြီး ၊ လိုင်ယွန်ဖက်က ၄င်းကို ရာသီကုန် အထိ ဆက်ထိန်းချင်နေပါတယ် ။ သို့ပေမယ့် စာချုပ် သက်တမ်း တနှစ်ခွဲသာ ကျန်တော့တာကြောင့် ချဲလ်ဆီးဖက်က သင့်တင့်လျောက်ပတ်တဲ့ ကြေးနဲ့ လိုင်ယွန်တို့ လက်ခံရလောက်တဲ့ အထိ ဂတ်စ်တို အတွက် စတင် ကမ်းလှမ်းဖို့ ကြိုးစားမှာ ဖြစ်ပါတယ် ။

ဂတ်စ်တိုကိုသာ ရလိုက်မယ်ဆိုရင်တော့ ချဲလ်ဆီးတို့ ရိစ်ဂျိမ်းစ် ဒဏ်ရာကြောင့် ရုန်းကန်နေရရင်တောင် ညာနောက်ခံလူ နေရာ အတွက် အနည်းနဲ့ အများ စိုးရိမ်မှု လျော့ကျသွားမှာ သေချာသလို ၊ ရိစ်ဂျိမ်းစ်ကိုလည်း ကြံ့ခိုင်မှုအား အပြည့်အဝ ပြန်ရစေဖို့ အချိန်များများ ပိုပေးနိုင်မှာ ဖြစ်ပါတယ် ။

ချဲလ်ဆီးဟာ ဇန်နဝါရီ အတွင်း ပြင်သစ်လီဂူးဝမ်း ကလပ် မိုနာကို အသင်းကနေ ယူ ၂၁ ကြယ်ပွင့် ခံစစ်မှူး ဘန်နွိုင်း ဘတ်ဒီယာရှီးလ်ကို ပေါင် ၃၅သန်းတည်းနဲ့ နှစ်ရှည် စာချုပ်ချုပ်ကာ ခေါ်ယူထားပြီး ဖြစ်သလို ၊ ၄င်းဟာလည်း ကစားထားတဲ့ ပရီးမီးယားလိဂ် ၂ပွဲမှာ ချက်ချင်း အံဝင်ထားတာကြောင့် ဂတ်စ်တိုကိုလည်း ထိုနည်း၄င်း ဖြစ်လာဖို့ မျှော်လင့်နေမှာ သေချာပါတယ် ။

ညာနောက်ခံလူသစ် တဦးက ချဲလ်ဆီး အတွက် လက်တွေ့ဆန်ပေမယ့် ၊ ကွင်းလယ်လူသစ် တဦး ခေါ်ယူဖို့တော့ ဒီစျေးကွက် အတွင်း ဖြစ်နိုင်ခြေ နည်းနေပါတယ် ။ ချဲလ်ဆီးဟာ ဘင်ဖီကာမှ အန်ဇို ဖာနန်ဒက်ဇ် ၊ ဘရိုက်တန်မှ မွိုက်ဆက်စ် ကိုင်စီဒို ၊ တော့တင်ဟမ်မှ အိဗ်စ် ဘစ်ဆူးမားတို့ အနက် တဦးနဲ့မှ အဆင်ပြေဖို့ နီးစပ်မှု ရှိမနေပါဘူး ။

လောလောဆယ်မှာတော့ ရေတို ဖြေရှင်းမှု တခု အနေနဲ့ ဘာစီလိုနာမှ အိုင်ဗရီကို့စ် လက်ရွေးစင် ကွင်းလယ်လူ ဖရန့် ကတ်ဆီးကို ရာသီဝက် အငှားနဲ့ ခေါ်ယူခြင်းကသာ ချဲလ်ဆီး အတွက် စဉ်းစားစရာ အလှည့်အပြောင်း ပစ်မှတ်တွေထဲက တခု အနေနဲ့ ရှိနေပါတယ် ။

SPORTS MYANMAR