အသင်းဟောင်း နှစ်သင်း ထိပ်တိုက်တွေ့ဆုံတဲ့ ပွဲမတိုင်မှီ အာဆင်နယ် နဲ့ ပတ်သက်တဲ့ သူ့ရဲ့ ခံစားချက်တွေကို ဖွင့်ဟလာတဲ့ ဆန်းချက်ဇ်

အလက်ဆစ် ဆန်းချက်ဇ် ကတော့ ဒီကနေ့မှာ သူ့ရဲ့ အသင်းဟောင်း နှစ်သင်း ဖြစ်ကြတဲ့ အာဆင်နယ် Vs မန်ယူနိုက်တက် ပွဲမတိုင်မှီ အာဆင်နယ် အသင်းဟာ သူ့ရဲ့ နှလုံးသား ထဲမှာ အမြဲတမ်း ရှိနေမယ့် အသင်း ဖြစ်ကြောင်း ဖွင့်ဟ ပြောကြား လာခဲ့ပါတယ် ။

ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ဦးဆောင်သူ အာဆင်နယ် အသင်းဟာ ဒီကနေ့ ည မြန်မာစံတော်ချိန် ၁၁ နာရီမှာ သူတို့ရဲ့ အစဉ်အလာ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် အသင်းကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်း ဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ ရှုံးပွဲ တစ်ပွဲသာ ကြုံထားရပြီး ရှုံးခဲ့တဲ့ အသင်းကလည်း မန်ချက်စတာ ယူနိုက်တက် အသင်း ဖြစ်တာကြောင့် ရှုံးကြွေး ပြန်ဆပ်ရမယ့် ပွဲလည်း ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပွဲမတိုင်မှီ ဒီဘက်နှစ်တွေ အတွင်း မန်ယူနိုက်တက် ဘက်ကို သွင်းယူ ခဲ့တဲ့ သူတို့ရဲ့ အကောင်းဆုံး သွင်းဂိုးတွေကို ဆိုရှယ်မီဒီယာ ချန်နယ်တွေမှာ ပြန်တင် ခဲ့ပြီး ၂၀၁၅ ခုနှစ်က အမ်းမရိတ်မှာ ၃-၀ နဲ့ အနိုင်ရစဉ်တုန်းက သွင်းယူ ခဲ့တဲ့ ဆန်းချက်ဇ် ရဲ့သွင်းဂိုး လည်း ပါဝင် ခဲ့ပါတယ် ။

အဆိုပါ post ကို ဆန်းချက်ဇ် မြင်သွားခဲ့ပြီး သူ့ရဲ့ အင်စတာဂရမ် အကောင့် story မှာ ပြန် share ကာ အာဆင်နယ် ကို သတိရနေဆဲ ဖြစ်ကြောင်း ရေးသား သွားခဲ့ပါတယ် ။ ” ခင်ဗျားတို့ ကျနော့်ကို သတိရကြသေးရဲ့လား ၊ ကျနော် ကတော့ ခင်ဗျားတို့ကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး ။ ”

” ကျနော့် နှလုံးသားထဲမှာ အမြဲတမ်း ရှိနေမယ့် အသင်းပါ ၊ အင်္ဂလန် မှာ ရခဲ့တဲ့ ပထမဆုံး မိသားစုဆိုလည်း မှန်ပါတယ် ၊ အားလုံးက ကျနော့် အပေါ် ဂရုတစိုက် ရှိခဲ့ကြပါတယ် ၊ အထူးသဖြင့် ပရိသတ်တွေပေါ့ဗျာ ၊ အကောင်းဆုံး ဖြစ်ပါစေ ဂန်းနားတို့ရေ ” လို့ ရေးသား ဆုတောင်း ပေးသွား ခဲ့ပါတယ် ။

ဆန်းချက်ဇ် ဟာ အာဆင်နယ် အသင်းမှာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၈ ခုနှစ် အထိ ကစားခဲ့သူ ဖြစ်ပြီး ၁၆၆ ပွဲကစား ဂိုး ၈၀ သွင်းယူ နိုင်ခဲ့ပါတယ် ။ ဆန်းချက်ဇ် ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီမှာတော့ မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းရွှေ့သွားခဲ့ပါတယ် ။ လက်ရှိ မှာတော့ ဆန်းချက်ဇ် ဟာ ပြင်သစ် လီဂူး ကလပ် မာဆေးလ် အသင်းမှာ ကစားနေပါတယ် ။

SM