လီဗာပူးနဲ့ ပွဲမှာ အငြင်းပွားဖွယ်မရှိ Man of the Match စွမ်းဆောင်ရည်မျိုး ပြသခဲ့တဲ့ ချဲလ်ဆီး စတား အပေါ် ချီးမွမ်းခန်းဖွင့်သွားတဲ့ ဂရေဟမ် ပေါ်တာ

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ၄င်းတို့လိုပဲ ဒီရာသီမှာ ရုန်းကန်နေရတဲ့ လီဗာပူး အသင်းနဲ့ ဂိုးမရှိ သရေကျပြီး ၊ တမှတ်သာ ရရှိခဲ့ပါတယ် ။ ဒီပွဲမှာ ချဲလ်ဆီးဟာ အိမ်ရှင်ထက် ပိုကောင်းတဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ၊ ထုံးစံအတိုင်း အဆုံးသတ် ညံ့ဖျင်းခဲ့ပါတယ် ။

ခံစစ်ဖက်ကို ကြည့်ရင်တော့ သီယာဂို ဆေးလ်ဗားဟာ အရင်ပွဲတွေကလိုပဲ ကစားအား ကျမသွားပဲ ၊ အာရုံစိုက်မှု အပြည့်နဲ့ အသင်းကို ဦးဆောင်ပေးထားတာကို တွေ့ရမှာ ဖြစ်ပါတယ် ။ အထူးသဖြင့် ဒုတိယပိုင်း စစချင်း လီဗာပူးဖက်က တိုက်စစ်မြှင့်တင်မှုကြောင့် ချဲလ်ဆီးတို့ ခံစစ်ကို ပိုအသားပေးခဲ့ရပြီး ၊ သီယာဂို ဆေးလ်ဗားက ၄င်းတို့ကို အဓိက ဟန့်တားခဲ့ပါတယ် ။

ဒါ့အပြင် လီဗာပူးဖက်က အထောင်တိုက်စစ်မှူး ဒါဝင် နူးနက်ဇ်ကို လူစားဝင် ထည့်သွင်းခဲ့ပြီးနောက် ၊ အပြေးအားပိုင်းမှာ ၄င်းကို ယှဉ်ဖို့ မဖြစ်နိုင်ခဲ့ပေမယ့် ၊ အသက် ၃၈နှစ် အရွယ်ရှိ သီယာဂို ဆေးလ်ဗား တယောက် သမ္ဘာနဲ့ ထိန်းသွားခဲ့တာကို တွေ့ရပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာ က BT Sport ရဲ့ Man of the Match ဆု ရခဲ့တဲ့ သီယာဂို ဆေးလ်ဗားရဲ့ တဦးချင်း အရည်အသွေးတွေ ၊ လူငယ်သွေးသစ်တွေကို အတွေ့အကြုံတွေ လက်ဆင့်ကမ်း မျှဝေပေးပုံတွေနဲ့ ပတ်သက်ကာ အခုလိုပဲ ချီးမွမ်းသွားပါတယ် ။

ပေါ်တာ က ” သူဟာ တခြားလူတွေထက် ပိုပြီး မြင့်မားတဲ့ ဘောလုံးဉာဏ်မျိုး ပိုင်ဆိုင်ထားပါတယ် ။ သူဟာ ပွဲအကြောင်း နားလည်ပြီး ၊ အမြင့်ဆုံး ခြေစွမ်းအဆင့်မှာ အချိန် အကြာကြီး ကစားပြထားပါတယ် ။ သူနဲ့ အတူ တွဲကစားဖူးတဲ့ ၊ ပြိုင်ဖက် အဖြစ် ရင်ဆိုင် ကစားခဲ့ဖူးတဲ့ ကစားသမားတွေက သူ့ရဲ့ ခြေစွမ်း ဘယ်လောက်ထိ တောင့်တင်းသလဲ ဆိုတာ ပြသနေပါတယ် ။ ”

” သူဟာ အသင်းကိုရော ၊ တဦးချင်း စွမ်းဆောင်ရည် အရ အသင်းဖော်တွေကို အကောင်းဆုံး ကူညီပံ့ပိုးပေးပါတယ် ။ အခုဆို သူဟာ ဒုတိယမြောက် ပရီးမီးယားလိဂ် ပွဲထွက်ခွင့်သာ ရထားသေးတဲ့ ဘန်နွိုင်း ( ဘတ်ဒီယာရှီးလ် ) နဲ့ အတူ တွဲကစားနေပါတယ် ။ သူဆိုရင် သီယာဂိုဆီကနေ အများကြီး သင်ယူလေ့လာနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ”

” လူတိုင်း သူ့ဆီကနေ ဘောလုံးပညာ အကျိုးအမြတ် ရရှိထားပါတယ် ။ သူဟာ အသင်း အတွက် ကွင်းတွင်းကွင်းပြင် ခေါင်းဆောင် တဦး ၊ အမှန်တကယ် အရေးပါတဲ့ ကစားသမား တဦး ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဒီသရေရလဒ်ကြောင့် ချဲလ်ဆီးဟာ အဆင့် ၁၀ နေရာက ထပ်မဆင်းသွားသလို ၊ Top 4 အတွက် နယူးကာဆယ်နဲ့ ၁၀မှတ် ကွာဟနေဆဲ ဖြစ်ပါတယ် ။ မနေ့က သရေရလဒ်နဲ့ ပတ်သက်ပြီး စိတ်ပျက်မိလား ၊ လက်ခံနိုင်ရဲ့လား ဆိုတဲ့ အမေး အပေါ် ဂရေဟမ် ပေါ်တာက အခုလိုပဲ တုန့်ပြန်ဖြေကြားခဲ့ပါတယ် ။

ပေါ်တာ က ” ဒီနေ့ အသင်းရဲ့ စွမ်းဆောင်ရည် အပေါ် ကျွန်တော်တို့ ကျေနပ်ပျော်ရွှင်မှု ရှိပါတယ် ။ ကြိုးစားအားထုတ်မှု ၊ နည်းစနစ်ကျကျ ကစားနိုင်မှု စတဲ့ အရာတွေ ပြသနိုင်ခဲ့ပါတယ် ။ လီဗာပူးလို အသင်းမျိုးကို အန်းဖီးလ်မှာ လာရင်ဆိုင်ရတာက ဘယ်တော့မှ မလွယ်ပါဘူး ။ ဒီတော့ သရေတမှတ်လည်း ကျွန်တော်တို့ လက်ခံရမှာပါ ။ ဒီကနေ ရှေ့ဆက်မှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR