လီဗာပူးနဲ့ ပွဲမှာ လူစားဝင်ကစားခဲ့တဲ့ မူဒရစ်ရဲ့ debut စွမ်းဆောင်ရည်နဲ့ နောက်ဆုံး ခေါ်ယူမှု ဖြစ်တဲ့ မက်ဒူးကီ အပေါ် မှတ်ချက်ပေးသွားတဲ့ ဂရေဟမ် ပေါ်တာ

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ၄င်းတို့နဲ့ ရမှတ်တူ အင်အားကြီး ကလပ် ဖြစ်တဲ့ လီဗာပူး အသင်းကို အန်ဖီးလ်မှာ ဂိုးမရှိသရေ ကစားခဲ့ကာ ၊ Clean Sheet နဲ့ တမှတ် ရယူသွားခဲ့ပါတယ် ။

ဒီပွဲမှာ ပြီးခဲ့တဲ့ အပတ်ကမှ ရှက်တာဒိုးနက်စ် အသင်းကနေ ယူရိုသန်း ၇၀ ( အပိုဆုကြေး ယူရိုသန်း ၃၀ ) နဲ့ ခေါ်ယူထားတဲ့ ယူကရိန်း ကြယ်ပွင့် တောင်ပံ ကစားသမား မစ်ခ်ဟိုင်လို မူဒရစ် debut လူစားဝင် ကစားခွင့် စတင် ရရှိခဲ့ပါတယ် ။

လူစားဝင်လာလာချင်း ၁၀မိနစ် အတွင်းမှာပဲ မူဒရစ်ဟာ အသင်းသစ် အတွက် ထိရောက်တဲ့ ခြေစွမ်းမျိုး ပြနိုင်ခဲ့ပြီး ၊ လီဗာပူး ခံစစ်ကို မွှေနှောက် ကစားပြခဲ့ကာ ၊ လီဗာပူး ညာနောက်ခံလူ ဂျိမ်းစ်မီလ်နာကို အဝါကတ် အပြခံရအောင် လုပ်သွားနိုင်ခဲ့ပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာက အသက် ၂၂နှစ် အရွယ်ရှိ မူဒရစ်ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲ ခြေစွမ်းကို စတင် မြည်းစမ်းခွင့် ရခဲ့တဲ့ အပေါ် မှတ်ချက်ပေးရင်း ၊ ဘာကြောင့် ပွဲထုတ်မသုံးခဲ့လဲ ဆိုတာ အခုလိုပဲ ရှင်းပြသွားပါတယ် ။

ပေါ်တာ က ” သူဟာ နိုဝင်ဘာလ နောက်ပိုင်း တပွဲမှ ကစားရသေးတာကြောင့် ကျွန်တော်တို့ အနေနဲ့ သူ့ကို အရဲစွန့်ပြီး ၊ ပွဲထုတ်ဖို့ မစဉ်းစားခဲ့တာပါ ။ ဒီတော့ သူ့ကို နောက်ပိုင်း ပွဲချိန်တွေမှာ အခွင့်အရေးပေးဖို့ လုပ်ခဲ့တာပါ ။ ဒုတိယပိုင်း တဝက်လောက်မှာမှ သူ့ကို ထည့်သုံးတာက မှန်ကန်တဲ့ ချဉ်းကပ်မှုလို့ ကျွန်တော်တို့ ယူဆခဲ့ပါတယ် ။ ”

” သူ့ရဲ့ ခြေစွမ်းကို ကျေနပ်အားရမှု ရှိရဲ့လား ? ဟုတ်ကဲ့ ၊ သူဟာ ဒီနေ့မှာ တကယ် ခြေစွမ်းကောင်းခဲ့ပါတယ် ။ ကျွန်တော်တို့နဲ့ ပူးပေါင်းနေတာ ၂ရက်လောက်ပဲ ရှိသေးပေမယ့် ၊ ကျွန်တော်တို့နဲ့ အတူ လေ့ကျင့်ချိန် ပိုကြာလေလေ ၊ သူ ဒီထက် ခြေစွမ်း ပိုကောင်းလာလေလေ ၊ ကျွန်တော်တို့နဲ့ သူနဲ့ အပြန်အလှန် နားလည်မှု ပိုရလာလေလေ ဖြစ်မှာပါ ။ ”

” ကျွန်တော်တို့နဲ့ အတူ ထရိန်နင် ၂ရက် ဖြတ်သန်းထားတာနဲ့ ရှက်တာဒိုးနက်စ်က သူ့ရဲ့ ခြေစွမ်းတွေကို ကြည့်တဲ့အခါမှာတော့ သူဟာ one vs one အနေအထားမှာ အန္တရာယ်ရှိတဲ့ ကစားသမား တယောက် ဖြစ်ပြီး ၊ ပြိုင်ဖက် ပင်နယ်တီ ဧရိယာ final third မှာ ခြိမ်းခြောက်မှုတွေ ၊ ဖန်တီးမှုတွေ လုပ်ပေးနိုင်ပါတယ် ။ ဒါကို ခင်ဗျားတို့ ဒီနေ့မှာလည်း မြင်ခဲ့ရမှာပါ ။ ”

” သူဟာ ပရိသတ်တွေကို ထိုင်ခုံကနေ ထပြီး ကြည့်ရှုရစေလောက်တဲ့ အထိ ကစားပြပါလိမ့်မယ် ။ သူ့ရဲ့ အလိမ်အခေါက် စွမ်းရည်က မြင့်မားမှု ရှိပြီး ၊ ဂိုးဘယ်လိုသွင်းရမလဲ ဆိုတာလည်း သူ ကောင်းကောင်းသိပါတယ် ။ ကျွန်တော်တို့ အလုပ်က သူ့ကို အသင်းမှာ ၊ ဒီနိုင်ငံ ၊ ဒီလိဂ်မှာ အလျင်အမြန် အထိုင်ကျအောင် ကူညီပေးဖို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

မူဒရစ် ရောက်လာအပြီး ရက်ပိုင်း အကြာမှာပဲ ချဲလ်ဆီးဟာ ပီအက်စ်ဗွီကနေ အင်္ဂလန် ယူ ၂၀ တောင်ပံကစားသမား နွန်နီ မက်ဒူးကီကို ယူရို ၃၅သန်း ၊ ၇နှစ်ခွဲစာချုပ်နဲ့ တရားဝင် ခေါ်ယူသွားနိုင်ခဲ့ပါတယ် ။ ပြီးခဲ့တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ၄င်းရဲ့ အပြောင်းအရွှေ့ကို တရားဝင် ထုတ်ပြန်မကြေညာရသေးတာကြောင့် ဂရေဟမ် ပေါ်တာ တယောက် မက်ဒူးကီနဲ့ ပတ်သက်ပြီး မနေ့ကမှ အခုလို မှတ်ချက်ပေးနိုင်ခဲ့ပါတယ် ။

ပေါ်တာ က ” အခုတော့ သူက ချဲလ်ဆီး ကစားသမား တရားဝင် ဖြစ်လာပြီမို့ သူ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောလို့ ရပါပြီ ။ သူဟာ ဘယ်ခြေသန်တဲ့ တောင်ပံ ကစားသမား ၊ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ၊ အသင်း အတွက် ပြိုင်ဆိုင်မှု ပြင်းထန်စေမယ့် ကစားသမားမျိုး ဖြစ်ပါတယ် ။ ”

” သူဟာ ကစားသမား ဘဝ အစကောင်းတဲ့ လူငယ် ကစားသမား တယောက်ပါ ။ ဟော်လန်က အသင်းကြီး တသင်းမှာ သူဟာ ပွဲများစွာ ကစားခဲ့ရပြီး ၊ ကစားသမား ဘဝ နောက်တဆင့် တက်ဖို့လည်း အသင့်ဖြစ်နေပါတယ် ။ ကျွန်တော်တို့က သူ့ကို ပရီးမီးယားလိဂ်နဲ့ အသင်းမှာ အမြန်ဆုံး အသားကျဖို့ ကူညီပေးသွားမှာပါ ။ သူဟာ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ကစားသမား ဖြစ်တာမို့ ပရိသတ်တွေလည်း သူ့ကို နှစ်သက်ကြလိမ့်မယ် ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR