ချဲလ်ဆီးနဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ လီဗာပူး စတား အတွက် စိတ်မကောင်း ဖြစ်မိတယ်လို့ ဆိုလိုက်တဲ့ မိုက်ကယ်အိုဝင်

လီဗာပူးရဲ့ ဒီရာသီ ရုန်းကန်နေရမှုဟာ မနေ့ညက အန်ဖီးမှာ ဆက်လက်တည်ရှိနေခဲ့ပြီး the Reds တို့ဟာ ကောင်းမွန်ခြင်းမရှိတဲ့ ခြေစွမ်းနဲ့အတူ ချဲလ်ဆီးနဲ့ ဂိုးမရှိသရေကျခဲ့ပါတယ်။ ယာဂန်ကလော့ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက တစ်ရာသီအတွင်း ဖလား ၄ လုံး ဆွတ်ခူးနိုင်ရန် တအားကို နီးစပ်ခဲ့တဲ့ အသင်း ဖြစ်ပြီး ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်မှာ ဒုတိယ ၊ အက်ဖ်အေဖလား နဲ့ ကာရာဘောင်ဖလား တို့မှာ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးဟာ ဒီရာသီမှာတော့ အဓိကကစားသမားတွေ ပုံစံကောင်း ပျောက်ဆုံးနေမှုနဲ့အတူ မထင်မှတ်လောက်အောင် ထိုးကျသွားခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၁၉ ပွဲကစားကာ နိုင်ပွဲ ၈ ပွဲသာ ရထားခဲ့ပါတယ်။ ဒ့ါကြောင့်လည်း လီဗာပူးဟာ အမှတ်ပေးဇယားလယ်ကို ရောက်နေပြီး လာမည့်ရာသီမှာ ဥရောပဝင်ခွင့်တစ်နေရာစာ ရရင်ပဲ ကျေနပ်ရမှာ ဖြစ်ပါတယ်။

အိုဝင်က လီဗာပူးရဲ့ ယခုလို ရုန်းကန်ခဲ့ရမှုဟာ ဇန်နဝါရီမှာ PSV ကနေ ရောက်ရှိလာခဲ့တဲ့ ကိုဒီဂတ်ပို အတွက် ချက်ချင်းဆိုသလို အထိုင်ကျကာ ခြေစွမ်းပြ ကစားရန် ခက်ခဲမှု ရှိစေတယ်လို့ သုံးသပ်လိုက်ပြီး လီယွန်နယ်မက်ဆီတောင် ဒီလို ပုံစံကောင်းပျောက်ဆုံးနေတဲ့ အသင်းမှာ သက်ရောက်မှုပေးနိုင်ရန် ရုန်းကန်ရမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ် ။ ဂတ်ပိုဟာ ပီအက်စ်ဗီကနေ လီဗာပူးကို ရောက်ရှိလာခဲ့ပြီးနောက် အခုထိ အသင်းသစ်အတွက် ဂိုးသွင်းနိုင်ခြင်း မရှိသေးဘဲ တိုက်စစ်ပိုင်းမှာ ရုန်းကန်ခဲ့ရပါတယ်။

အိုဝင်က “ကျနော် ကိုဒီဂတ်ပို အတွက် တကယ် စိတ်မကောင်း ဖြစ်မိပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ လုံးဝကို ခြေစွမ်းတည်ငြိမ်ခြင်းမရှိတဲ့ အသင်းမှာ ကစားနေရတဲ့ အပြင် အတိတ်မှာတုန်းက ကျနော်တို့ မြင်တွေ့ခဲ့ရတဲ့ ယုံကြည်မှုတွေ အားလုံး ပျောက်ဆုံးလျက် ရှိနေတဲ့ အသင်းကို ရောက်ရှိလာခဲ့လို့ ဖြစ်ပါတယ်။ သူဟာ ချဲလ်ဆီးနဲ့ ပွဲစဉ်မှာ အခွင့်အရေးကောင်း တစ်ချို့ ရခဲ့ပါတယ်။ သူဟာ တစ်စုံတစ်ရာ သက်ရောက်မှု ပေးနိုင်ရန် ကြိုးစားနေတယ်ဆိုတာကတော့ ရှင်းလင်းပါတယ်။

သူဟာ အနာဂတ်မှာ လီဗာပူး အတွက် ကောင်းမွန်တဲ့ ကစားသမား ခေါ်ယူမှု ဖြစ်လာမယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ဒီအချိန်မှာတော့ လီယွန်နယ်မက်ဆီတောင် ဒီအသင်းကို ရောက်ရှိလာခဲ့မယ်ဆိုရင် ကောင်းကောင်း ကစားပြနိုင်ဖို့ မလွယ်ကူပါဘူး။ ဘာလို့လဲဆိုတော့ ဒီအသင်းဟာ တကယ့်ကို ရုန်းကန်နေရလို့ပါ။” လို့ပြောသွားပါတယ်။

အင်္ဂလန် လက်ရွေးစင်ဟောင်း ရှောင်ရိုက်ဖီးလစ် ကလည်း ဂတ်ပိုရဲ့ အန်ဖီးတာထွက်နဲ့ ပက်သက်ပြီး “သူဟာ ပွဲစဉ်တွေမှာ သက်ရောက်မှု လွှမ်းမိုးမှု ပေးနိုင်အောင် ကြိုးစားနေတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သူဟာ ရုန်းကန်နေရတဲ့ လီဗာပူး အသင်းမှာ ရှိနေတာပါ။ အသင်းရဲ့ ယုံကြည်မှုပိုင်း ပြန်လည် မြင့်မားလာမယ့် အချိန်မှာ ကျနော်တို့ တကယ့် ဂတ်ပိုအစစ်ကို မြင်တွေ့ရလိမ့်မယ်လို့ ထင်ပါတယ်။ အထူးသဖြင့် လီဗာပူးတို့ ဘောလုံးကို ဒီထက်ပိုမိုကောင်းမွန်စွာ ကိုင်ကစားနိုင်တဲ့ အချိန်မှာပေါ့။ ဒီလိုဆိုရင် သူလိုချင်တဲ့နေရာတွေကို အရောက်သွားဖို့အတွက် အချိန်ပိုမို ရရှိမှာ ဖြစ်ပါတယ်။” လို့ သုံးသပ်လိုက်ပါတယ်။

SM