လီဗာပူးနဲ့ ပွဲအတွက် မူဒရစ် ပါဝင်ကစားနိုင်ခြေ အကြောင်း ဆွေးနွေးရင်း ၊ ၄င်းတို့ နည်းတူ ကြိုးကြာနီတို့လည်း ဒီရာသီ ရုန်းကန်ရခြင်း အပေါ် မှတ်ချက်ပေးလာတဲ့ ဂရေဟမ် ပေါ်တာ

 

ချဲလ်ဆီး အသင်းဟာ ယနေ့ညမှာ ပရီးမီးယားလိဂ် အစောပိုင်း ပွဲအဖြစ် အန်းဖီးလ်မှာ ၄င်းတို့နဲ့ ရှေ့ဆင့်နောက်ဆင့် ရပ်တည်နေတဲ့ လီဗာပူး အသင်းကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။ ဒီပွဲမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကမှ ရှက်တာဒိုးနက်စ် အသင်းကနေ ပူပူနွေးနွေး ခေါ်ယူထားတဲ့ ယူကရိန်း ကြယ်ပွင့် တောင်ပံ ကစားသမား မစ်ခ်ဟိုင်လို မူဒရစ် ကစားခွင့် စရဖွယ် ရှိပါတယ် ။

ခြင်္သေ့ပြာတို့ရဲ့ ဆောင်းရာသီ ကြေးအမြင့်ဆုံး ခေါ်ယူမှု ဖြစ်တဲ့ မူဒရစ်ဟာ အသင်းလိုက် ထရိန်နင် ဆင်းလာတာ ၃ရက်တာ ရှိထားပြီး ဖြစ်တာကြောင့် ၊ ယနေ့ညပွဲမှာ ပွဲထွက်အဆင့် မဟုတ်ရင်တောင် လူစားဝင် မိနစ် အချို့ ကစားရဖွယ် ရှိတယ်လို့ ခန့်မှန်းရပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာက အသက် ၂၂နှစ် အရွယ်ရှိ ယင်းယူကရိန်းသားရဲ့ ထရိန်နင် အကြောင်း ပြောပြရင်း ၊ ၄င်းအဖို့ ယနေ့ည ပရီးမီးယားလိဂ်ပွဲမှာ debut ကစားခွင့် စရဖို့ ရှိမရှိ အခုလိုပဲ ဆွေးနွေးပေးခဲ့ပါတယ် ။

ပေါ်တာ က ” သူ အသင်းမှာ အတော်လေး အဆင်ပြေနေပါတယ် ။ သူဟာ လူငယ် ကြယ်ပွင့် တဦး ၊ စိတ်လှုပ်ရှားဖွယ် ကစားသမား တဦး ဖြစ်ပါတယ် ။ အံ့သြဖွယ်ကောင်းတဲ့ အပြေးအားနဲ့ one vs one အနေအထားတွေမှာ တကယ်တော်တဲ့ အရည်အသွေးမျိုး ပိုင်ဆိုင်ထားပါတယ် ။ ”

” ပြိုင်ဖက် ခံစစ်ကြောင်းကို တိုက်ရိုက် ထိုးဖောက်နိုင်ပြီး ၊ အခုတော့ သူ အသင်းနဲ့ ပရီးမီးယားလိဂ်မှာ လျင်လျင်မြန်မြန် အထိုင်ကျအောင် ကျွန်တော်တို့ ကူညီပေးရမှာပါ ။ အရင် ကလပ်မှာတုန်းက သူဟာ ရာသီဝက် break ကျော်ဖြတ်ထားရတာကြောင့် လတ်တလောမှာ ဘောလုံး ကစားထားတာမျိုး ရှိမနေပါဘူး ။ ”

” ဒါပေမယ့် အခုတော့ သူ ကျွန်တော်တို့နဲ့ ထရိန်နင် ကောင်းကောင်း ဆင်းထားပါတယ် ။ ဒီတော့ မနက်ဖြန်ပွဲမှာ သူ ဘယ်လောက် ကစားပေးနိုင်မလဲ ဆိုတာ ကျွန်တော်တို့ ကြည့်ရှု သုံးသပ်ရပါဦးမယ် ။ Debut ကစားခွင့် ရဖို့ သူ့မှာ အခွင့်အရေးတော့ ရှိပါတယ် ။ မိနစ် ၉၀ အပြည့်တော့ မဖြစ်နိုင်သေးပါဘူး ။ ဒါပေမယ့် ပွဲရဲ့ တကွေ့ကွေ့မှာ သူ ပါဝင် ကစားနိုင်ဖို့ များပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ယခုနှစ် ရာသီ ဒဏ်ရာ ပြဿနာ အများဆုံး ဖြစ်နေတဲ့ လီဗာပူးနဲ့ ချဲလ်ဆီးတို့ဟာ ခါတိုင်းထက် ဆိုးဆိုးရွားရွား ရုန်းကန်နေရကာ ၊ အမှတ်ပေးဇယား အဆင့် ၄ နေရာက နယူးကာဆယ် အသင်းနဲ့ ၁၀မှတ်အထိ ကွာဟနေတာကြောင့် ယခုနှစ် ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အခွင့်အလမ်း အလွန်နည်းနေပါတယ် ။

၄င်းတို့ နည်းတူ ကြိုးကြာနီတို့ ယခုနှစ် ရာသီ ရုန်းကန်နေရခြင်းနဲ့ ပတ်သက်ပြီး ပေါ်တာ က ” ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်း တသင်း အကြောင်း ပြောနေကြတာပါ ။ ဒါပေမယ့် ဘယ်လောက်ပဲ ကောင်းတဲ့ အသင်း ဖြစ်နေပါစေ ၊ ခင်ဗျားတို့မှာ ဒဏ်ရာရ ကစားသမားတွေ များနေရင် ၊ ပြဿနာတွေ ရှိနေပါပြီ ။ ”

” လူတွေက ဘယ်လောက်ပဲ ပရီးမီးယားလိဂ်က ကမ္ဘာ့ အကောင်းဆုံးလိဂ် ဖြစ်ပါတယ် ပြောပြော ၊ အသင်း တသင်းသင်းက ရုန်းကန်နေရတာကို အံ့သြမိလားလို့ မေးလာရင် ၊ ဒါက ကျွန်တော့ကို အံ့အားသင့်စေပါတယ် ။ ဒါပါပဲ ။ ယာဂင် ( ကလော့ပ် ) ဟာ အံ့သြဖွယ်ကောင်းတဲ့ ပုဂ္ဂိုလ် တဦး ၊ မန်နေဂျာ တဦး ဖြစ်ပါတယ် ။ ”

” မကြာခင်မှာ သူတို့ ပြဿနာ သူတို့ ပြန်ဖြေရှင်းနိုင်ပါလိမ့်မယ် ။ အခက်အခဲတွေကနေ ရုန်းထွက်လာပါလိမ့်မယ် ။ ကျွန်တော်တို့အားလုံး သူတို့ရဲ့ အရည်အသွေးတွေ အကြောင်း သိထားပြီးသားပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR