လာမယ့် ဘောလုံးရာသီ ချဲလ်ဆီး စတား ဖြစ်လာမယ့် လိုက်ပ်ဇစ် အသင်းဖော်ထံ မက်ဆေ့ခ်ျ ပေးသွားတဲ့ တီမိုဗာနာ

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ စျေးကွက် အတွင်း ကစားသမား အနည်းသာ ရောင်းချခဲ့ပြီး ၊ ဒီအထဲမှာ ဂျာမန် တိုက်စစ်မှူး တီမို ဗာနာလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။ ဗာနာဟာ ချဲလ်ဆီးမှာ ၂နှစ်ကျော် ဖြတ်သန်းကာ ၊ ကလပ် ကစားသမား ဘဝ အမြင့်မားဆုံး အောင်မြင်မှု ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့ပါတယ် ။

အခုအခါမှာ ဗာနာဟာ သူ ကစားသမား ဘဝမှာရော ၊ ကလပ် သမိုင်းတလျှောက်မှာပါ ဂိုးအများဆုံး သွင်းယူပေးထားတဲ့ လိုက်ပ်ဇစ် အသင်းသို့ ပြန်လည် ရောက်ရှိနေပြီး ၊ ယခင် ဂိုးသွင်းပုံစံကောင်းကိုလည်း တဖြည်းဖြည်း ပြန်ရှာတွေ့နေတာကို တွေ့ရပါတယ် ။

တဖက်မှာ ချဲလ်ဆီးဟာ နောက်ထပ် လိုက်ပ်ဇစ် ကစားသမား တဦး ဖြစ်တဲ့ ပြင်သစ် နောက်ချန် တိုက်စစ်မှူး ခရစ်တိုဖာ အန်ကန်ကူကို လာမယ့် ဘောလုံး ရာသီ အတွက် ကြိုတင် ဖြည့်တင်းတဲ့ အနေနဲ့ အခုကတည်းက ကလပ်နဲ့ရော ကစားသမားနဲ့ပါ အပြောင်းအရွှေ့ ကိစ္စ သဘောတူညီမှု ရထားပြီး ဖြစ်ပါတယ် ။

အန်ကန်ကူနဲ့ ဗာနာတို့ ၂ဦးလုံးဟာ ပြီးခဲ့တဲ့ ကာတာ ကမ္ဘာ့ဖလားကို ဒဏ်ရာ ကိုယ်စီကြောင့် လွဲချော်ခဲ့ရပြီး ၊ အခုအခါမှာ ကြံ့ခိုင်မှု ပြန်ပြည့်လာပြီ ဖြစ်တာကြောင့် လာမယ့် စနေနေ့မှာ ကစားမယ့် ဘိုင်ယန်မြူးနစ်နဲ့ ဘွန်ဒက်စ်လီဂါ Big Match အတွက် အဆင်သင့် ဖြစ်နေပါတယ် ။

Sport Bild နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဗာနာက လာမယ့် ရာသီ ချဲလ်ဆီးသို့ ပြောင်းရွှေ့ဖို့ ူသဘောတူည်ီမှု ရထားတဲ့ အသက် ၂၅နှစ် အရွယ်ရှိ ယင်းပြင်သစ်ကြယ်ပွင့် အသင်းဖော်ထံ အခုလိုပဲ ဆောင်ရန် ရှောင်ရန် အကြံပြုမက်ဆေ့ခ်ျ ပေးသွားပါတယ် ။

ဗာနာ က ” ကျွန်တော်ဟာ ချဲလ်ဆီးမှာ အရမ်းကောင်းတဲ့ ပထမနှစ်ကို ဖြတ်သန်းခဲ့ရပါတယ် ။ ဒုတိယနှစ်ကလည်း ပထမနှစ်နဲ့ ခပ်ဆင်ဆင်ပဲလို့ ပြောနိုင်ပါတယ် ။ ခရစ်တိုဖာကို ချဲလ်ဆီးမှာ ရခဲ့တဲ့ ကောင်းတဲ့ အတွေ့အကြုံတွေရော ၊ ဆိုးတဲ့ အတွေ့အကြုံတွေပါ ပြောပြနိုင်ပါတယ် ။ ”

” ချဲလ်ဆီးလို အသင်းမျိုးမှာ ခင်ဗျားဟာ လိုက်ပ်ဇစ်မှာ ကစားသလို ကစားလို့ မရပါဘူး ။ ဘာလို့လဲဆိုတော့ အဲဒီမှာ အားကစား အဆင့်အတန်း အရ သာမက ၊ စိတ်ပိုင်းဆိုင်ရာ အရပါ ပြိုင်ဆိုင်မှုက အများကြီး ပိုပြင်းထန်လို့ပါ ။ ”

” ခင်ဗျားဟာ ဒီဖိအားဒဏ်တွေနဲ့ ပတ်သက်ပြီး ခံနိုင်ရည် ရှိရပါမယ် ။ လူတိုင်းမှာတော့ ကိုယ်ပိုင် ဖြေရှင်းချက် ၊ နည်းလမ်း ကိုယ်စီ ရှိပါတယ် ။ ဒါကြောင့်မို့ အသင်းပြောင်းမယ့် ကစားသမားတွေကို ကိုယ့်ထင်မြင်ချက်နဲ့ အကြံပေးတာက မှားယွင်းတဲ့ ချဉ်းကပ်မှု ဖြစ်ရတာပါ ။ ”

” ချဲလ်ဆီးမှာ ကျွန်တော် အများကြီး ပြောင်းလဲခဲ့ပါတယ် ။ ဒီအတွေ့အကြုံက ကျွန်တော့ကို ပိုပြီး ရင့်ကျက်စေတယ် ၊ ပိုပြီး ဆင်ခြင်သုံးသပ်မှု ပေးစေပါတယ် ။ နောက်ပြီး ဒါကပဲ ကျွန်တော့ကို နောင်အနာဂတ် ကစားသမား ဘဝမှာ ပြည်ပထွက် ကစားဖို့ ဆန္ဒ ဖြစ်စေတာပါပဲ ။ ”

” ကျွန်တော်ဟာ ချဲလ်ဆီး ပရိသတ်တွေဆီကနေ စာတွေ အများကြီး ရပါတယ် ။ အားလပ်ရက် ဖြတ်သန်းနေတဲ့ အချိန်တွေမှာတောင် သူတို့ဆီကနေ အပေါင်း လက္ခဏာ ဆောင်တဲ့ အကြံပြုချက်တွေ ရပါတယ် ။ ကျွန်တော် အမြဲ စိတ်ရင်းမှန် ရှိခဲ့တာကို သူတို့ သဘောကျကြတယ်လို့ ထင်ပါတယ် ။ ”

” ဘောလုံးလောကမှာ ခင်ဗျား ဖြတ်သန်းရင် ဒီလို စိတ်ရင်းမျိုး ရှိဖို့ အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ် ။ နောက်ပြီး ခင်ဗျား အနေနဲ့ အမြဲတမ်း ဟန်ဆောင်နေစရာ မလိုပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR