ဘယ်လင်ဟမ်ကို မရနိုင်ဘူးဆိုရင် လီဗာပူးတို့ ပစ်မှတ်ထားသင့်တဲ့ PL ကွင်းလယ်လူကို ပြောပြလိုက်တဲ့ ကတ်ကာရီနို

လီဗာပူး အသင်းဟာ ဒီရာသီမှာ ယာဂန်ကလော့ရဲ့ သက်တမ်းတစ်လျှောက် အဆိုးဝါးဆုံး ရာသီတစ်ခုကို ဖြတ်သန်းလျက် ရှိနေပြီး နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲမှာ ဘရန့်ဖို့ဒ် ဘရိုက်တန် တို့ကို ဆက်တိုက် ရှုံးနိမ့်ထားခဲ့ပြီး top 4 နေရာနဲ့ ၁၀ မှတ်ထိ ကွာဟနေတာကြောင့် လာမည့် ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ကစားခွင့်ရဖို့တောင် မသေချာပဲ ဖြစ်နေပါတယ်။

လီဗာပူးရဲ့ ဒီရာသီမှာ ရုန်းကန်နေရခြင်းရဲ့ အဓိက အရင်းအမြစ်ဟာ ကွင်းလယ်ပိုင်း အားနည်းမှုကနေ မြစ်ဖျားခဲ့လာတာဖြစ်ပြီး အဓိက ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ ဟန်ဒါဆန် တီယာဂို နဲ့ ဖာဘင်ညို တို့ဟာ အကျပိုင်းကို ရောက်နေတာကြောင့် လီဗာပူးဟာ ပြီးခဲ့တဲ့နှစ်တွေကလိုမျိုး စွမ်းအင်မြင့် ကစားဟန်နဲ့အတူ high pressing ၊ counter pressing တွေ ကစားပြီး ပြိုင်ဘက်ကို ဘောလုံး ကိုင်ကစားချိန် လုံး၀ မရအောင် တားဆီးနိုင်စွမ်း မရှိတော့ပါဘူး။ အယ်လီယော့ ဘက်ဂျက်တစ် ကာဗယ်ဟို တို့ကလည်း အတွေ့အကြုံ နုနယ်သေးတဲ့ အပြင် ချိန်ဘာလ်ိန် ကီတာ မီနာ နဲ့ ကာတစ်ဂျုံး တို့ကလည်း ကြံ့ခိုင်မှုပြသနာတွေနဲ့ ရုန်းကန် နေရကာ ကွင်းလယ်ပိုင်းဟာ အတော်လေး အားနည်းနေပါတယ်။

ဒါ့အပြင် လီဗာပူးဟာ လာမည့် နွေရာသီမှာ မီနာ ချိန်ဘာလိန် ကီတာ တို့ကို လက်လွှတ်ရမှာ ဖြစ်တာကြောင့် ကွင်းလယ်ပိုင်းကို ကြီးမားစွာ ပြင်ဆင်သွားရန် လိုအပ်နေပါတယ်။ လီဗာပူးဟာ ဘယ်လင်ဟမ်ကို လာမည့် နွေရာသီမှာ အသင်းရဲ့ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့ပေမယ့်လည်း ချန်ပီယံလိဂ် ၀င်ခွင့် မရခဲ့ဘူးဆိုရင်တော့ အင်္ဂလန် လက်ရွေးစင်ဟာ အန်ဖီးကို ပြောင်းလာဖို့ အခြေအနေ မရှိပါဘူး။

ချဲလ်ဆီး တိုက်စစ်မှုးဟောင်း ကတ်ကာရီနိုက လီဗာပူး အနေနဲ့ ဘယ်လင်ဟမ်ကို မရနိုင်ဘူးဆိုရင် ၀က်ဟမ်း ကွင်းလယ်လူ ဒန်ကလန်ရိုက်စ်ကို ပစ်မှတ်ထားသင့်တယ်လို့ အကြံပေးလိုက်ပါတယ်။

ကတ်ကာရီနိုက “အကယ်၍ ဘယ်လင်ဟမ် နဲ့ ရိုက်စ် တို့ကြား ရွေးချယ်ခွင့် ရမယ် ဆိုရင်တော့ လီဗာပူး အနေနဲ့ ဒန်ကလန်ရိုက်စ်ကို ရွေးချယ်သင့်ပါတယ်။ ဘယ်လင်ဟမ်ဟာ တကယ့်ကို ထူးချွန်တဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါပေမယ့် ရိုက်စ်ဟာ လီဗာပူးတို့ လက်ရှိ ကြုံတွေ့နေရတဲ့ ပြသနာတွေကို ဖြေရှင်းပေးနိုင်မယ့် ကစားသမား ဖြစ်တဲ့ အပြင် သူနဲ့ တွဲဖက် ကစားသွားမယ့် ကွင်းလယ်လူတွေ ကိုလည်း တောက်ပစွာ ကစားနိုင်အောင် platform လုပ်ပေးနိုင်မှာပါ။

ဖာဘင်ညို နဲ့ ဟန်ဒါဆန် တို့ဟာ သူတို့ရဲ့ အကောင်းဆုံး အချိန်တွေ ကျော်လွန်သွားခဲ့တဲ့ ပုံစံပါပဲ။ သူတို့ရဲ့ ဘောလုံး လှည့်ထုတ်ပုံ ၊ ဖြန့်ဝေပုံ ၊ ဖျက်ထုတ်မှုတွေ နဲ့ ကြားဖြတ်လုယူမှုတွေဟာ ပျောက်ဆုံးလျက် ရှိနေပါတယ်။ ဒီအတွက်ကြောင့် ပြိုင်ဘက် အသင်းတွေဟာ လီဗာပူးရဲ့ ကွင်းလယ်ကို လွယ်ကူစွာ ကျော်ဖြတ်နေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရိုက်စ်ဟာ ပြိုင်ဘက်တွေကို လွယ်ကူစွာ ကျော်ဖြတ်ခွင့် ပေးတဲ့ ကစားသမားတော့ မဟုတ်ပါဘူး။ ဒါ့ကြောင့် လီဗာပူး အနေနဲ့ ဘယ်လင်ဟမ် ထက်စာရင် ကွင်းလယ်မှာ ဒါမျိုးတွေကို လုပ်ပေးနိုင်မယ့် ရိုက်စ်ကိုသာ ပစ်မှတ်ထားသင့်ပါတယ်။” လို့ ပြောသွားပါတယ်။

SM