လီဗာပူးတို့ ဒီရာသီမှာ ထိုးကျသွားခဲ့တဲ့ အကြောင်းရင်းက ကစားသမားတစ်ဦးကြောင့်လို့ ဆိုလိုက်တဲ့ ပီတစ်

အာဆင်နယ် ဂန္တဝင် အီမန်နူရယ်ပီတစ်က ဒီရာသီမှာ လီဗာပူးတို့ အထူး ရုန်းကန် နေရတာဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့က တိုက်စစ်မှုး ဆာဒီယိုမာနေးကို ရောင်းချခဲ့မှု နဲ့ အဓိက သက်ဆိုင်တယ်လို့ ယုံကြည်နေပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ဘရိုက်တန်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးဟာ လက်ရှိမှာ အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာထိ ဆင်းသွားခဲ့ပြီး top 4 နေရာနဲ့ ၁၀ မှတ်ထိ ကွာဟနေကာ ယူရိုပါလိဂ်ဝင်ခွင့် ရရင်ပဲ ကျေနပ်ရမယ့် အနေအထား ဖြစ်နေပါတယ်။

ဒါဟာ ယာဂန်ကလော့ရဲ့ လက်အောက်မှာ အခက်ခဲဆုံး ရာသီ ဖြစ်နေပြီး လူတော်တော်များများ ကတော့ ဒါတွေဟာ အမှားများနေတဲ့ ခံစစ်ပိုင်း ၊ စွမ်းအင်နဲ့ မာကျောမှု ပျောက်ဆုံးနေတဲ့ ကွင်းလယ်ပိုင်း ၊ အဆုံးသတ်ပိုင်း ညံ့ဖျင်းနေတဲ့ တိုက်စစ်တွေကြောင့်လို့ အမျိုးမျိုး ဆွေးနွေးနေကြပါတယ်။ ဒါပေမ့ယ်လည်း ပီတစ်က ပြသနာတွေ အားလုံးရဲ့ အရင်းအမြစ်ဟာ အသင်းရဲ့ အဓိက ကစားသမား ဖြစ်သူ မာနေး ထွက်ခွာသွားမှုနဲ့ သက်ဆိုင်တယ်လို့ ယူဆနေပြီး ဆီနီဂေါစတားဟာ ပြီးခဲ့တဲ့ နွေရာသီက ဘိုင်ယန်မြူးနစ်ကို မပြောင်းရွေ့မီ လီဗာပူးရဲ့ အောင်မြင်မှုတွေမှာ အရေးပါဆုံးနဲ့ underrated အဖြစ်ဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

ပီတစ်က “လူတော်တော်များများက လီဗာပူးရဲ့ ကွင်းလယ်ပိုင်းဟာ ဒီရာသီမှာ ရုန်းကန် နေရတယ်ဆိုပြီး ပြောနေကြတာကို ကျွန်တော် ကြားနေရပါတယ။ ကျွန်တော် ဒါကို အတိုင်းအတာ တစ်ခုထိ သဘောတူပါတယ်။ လီဗာပူးဟာ ပါဝါ အပြည့် စွမ်းအင် အပြည့်နဲ့ ငါးနှစ်လောက် ကစားလာခဲ့တာပါ။ သူတို့ဟာ အကောင်းဆုံး လုပ်ပြခဲ့ပါတယ်။ ဒါပေမယ့် ကစားသမား တစ်ချို့ဟာ ကွင်းထဲမှာ ပင်ပန်းနေတဲ့ပုံကို ပြသခဲ့ကြပြီး ကျွန်တော်တို့ အရင်တုန်းက မြင်ခဲ့ဖူးတဲ့ level မျိုးနဲ့ မကစားနိုင်တော့ပါဘူး။ ဒါပေမယ့် လီဗာပူးတို့ အရင်ကလို ပုံစံမျိုး မဟုတ်တဲ့ အဓိက အကြောင်းရင်းဟာ မာနေးကြောင့် ဖြစ်ပါတယ်။

မာနေး ထွက်ခွာပြီးကတည်းက လီဗာပူးရဲ့ ကစားဟန်ဟာ အရင်ကလို မဟုတ်တော့ပါဘူး။ မာနေးဟာ လီဗာပူးရဲ့ ကွင်းလယ် နဲ့ တိုက်စစ်ပိုင်းကြားက အရေးပါတဲ့ link ဖြစ်ပါတယ်။ သူဟာ ကွင်းထဲမှာ တကယ့်ကို မြင့်မားတဲ့ စွမ်းအင်နဲ့ ကစားခဲ့ပါတယ်။ သူဟာ အဆုံးအဖြတ် ပေးနိုင်တဲ့ ကစားသမား ဖြစ်ကာ လီဗာပူး အတွက် သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေ လုပ်ပေးခဲ့ပါတယ်။

သူဟာ လီဗာပူးရဲ့ press ကို ဦးဆောင်သူ ဖြစ်ကာ ပြိုင်ဘက်တွေဟာ ဘောလုံးရချိန်မှာ သူ့ကို ကြောက်နေရပါတယ်။ သူဟာ အသင်းရဲ့ tempo ကို set လုပ်ပေးသူ ဖြစ်ကာ အားလုံးဟာ သူ့ရဲ့ ဦးဆောင်မှုနောက်ကို လိုက်ရပါတယ်။ ဆာလားလည်း ဒီအတိုင်းပဲ လုပ်ပါတယ်။ မာနေး နဲ့ ဆာလား တို့ကြား ကြီးမားတဲ့ ပြိုင်ဆိုင်မှု ရှိခဲ့ပါတယ်။ သူတို့ဟာ တစ်ဦးနဲ့တစ်ဦး push လုပ်ခဲ့ကြတာပါ။ ဒါဟာ အသင်းကို အကူအညီ ဖြစ်စေခဲ့ပါတယ်။ သူတို့ဟာ ပူးပေါင်းကာ press လုပ်ခဲ့ကြပြီး အခုတော့ ဒါမျိုးကို မမြင်ရတော့ပါဘူး။

သူတို့ ပင်ပန်းနွမ်းနယ်မှုတွေ ရှိနေတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် သူတို့ မာနေးကို ထွက်ခွာခွင့် မပြုသင့်ဘဲ တက်နိုင်သမျှ အစွမ်းကုန် အသင်းမှာ ဆွဲထားသင့်ပါတယ်။ သူတို့ဟာ မာနေးရဲ့ စိတ်ဓာတ် ၊ အရည်အသွေး နဲ့ ခေါင်းဆောင်မှုစွမ်းရည်တွေကို လွမ်းနေရပါတယ်။ သူတို့ဟာ တိုက်စစ်ပိုင်းအတွက် ဒါဝင်နူးနက် ကိုဒီဂတ်ပို တို့လို ကစားပုံ ခြားနားတဲ့ ကစားသမားတွေ အတွက် ငွေကြေးများစွာ သုံးစွဲခဲ့ပါတယ်။ ဒါပေမယ့် ဒီကစားသမား နှစ်ဦးနဲ့ မာနေးတို့ ကြားမှာ အရည်အသွေးပိုင်း ကွာဟမှု ရှိရှိနေပါတယ်။ မာနေးရဲ့ နေရာကို ဘယ်သူမှ အစားမထိုးနိုင်ခဲ့ပါဘူး။” လို့ပြောသွားပါတယ်။

SM