ရိုမန် အေဘရာမိုဗစ်ခ်ျသာ ဆက်ရှိနေသေးရင် ၊ ၄င်းတို့ မူဒရစ်ကို ချဲလ်ဆီးထံ ရောင်းချခဲ့မှာ မဟုတ်ကြောင်း ဖွင့်ဟလာတဲ့ ရှက်တာဒိုးနက် စီအီးအို ပယ်လ်ကင်

 

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ လန်ဒန်မြို့ခံ ပြိုင်ဖက် အာဆင်နယ်သို့ ပြောင်းရွှေ့ဖို့ တောက်လျှောက် ဆွေးနွေးခဲ့တဲ့ ယူကရိန်း ကြယ်ပွင့် တောင်ပံ ကစားသမား မစ်ခ်ဟိုင်လို မူဒရစ်ကို ရှက်တာဒိုးနက်စ်ကနေ ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀ ( အပိုဆုကြေး ယူရိုသန်း ၃၀ ) နဲ့ ခေါ်ယူကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ် ။

အသက် ၂၂နှစ် အရွယ်ရှိ မူဒရစ်ဟာ ပြီးခဲ့တဲ့ ခရစ်စတယ်ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ်ပွဲရဲ့ ပထမပိုင်း အပြီး ယူကရိန်း အလံကို လွှမ်းခြုံက စတမ်းဖို့ဒ်ဘရစ်ခ်ျရှိ ချဲလ်ဆီး ပရိသတ်တွေနဲ့ တရားဝင် မိတ်ဆက်ခဲ့ပါတယ် ။ ၄င်းရဲ့ လန်ဒန် ခရီးစဉ်ကို ရှက်တာဒိုးနက်စ် အားကစား ဒါရိုက်တာ ရှာနာ ကိုယ်တိုင်က ပို့ဆောင်ပေးတဲ့ အထိ စပါယ်ရှယ် ဖြစ်ခဲ့ပါတယ် ။

ဒါ့အပြင် ရှက်တာဒိုးနက်စ်ဟာ မူဒရစ်ကို ရောင်းချလို့ ရခဲ့တဲ့ ပြောင်းရွှေ့ကြေးကနေ ပေါင် ၂၂သန်း အထိ ရုရှားနဲ့ စစ်ပွဲ အတွက် ထည့်သွင်း ထောက်ပံ့ပေးသွားတယ်လို့ သိရပါတယ် ။ ချဲလ်ဆီးနဲ့ ရှက်တာဒိုးနက်စ်တို့ဟာ သံတမန် ဆက်ဆံရေး အတွက် ခြေစမ်းပွဲ တပွဲ ကစားဖို့ သဘောတူညီမှု ရထားပြီး ဖြစ်ကြောင်း ရှက်တာ ဥက္ကဋ္ဌ ရီနက် အက်ခ်မက်တော့ဗ်က အတည်ပြုသွားပါတယ် ။

တဖက်မှာ ချဲလ်ဆီးဟာ ယခုနှစ် ဘောလုံးရာသီ မတိုင်ခင် အထိ ရုရှား လူမျိုး ဘီလျံနာ ရိုမန် အေဘရာမိုဗစ်ခ်ျရဲ့ ပိုင်ဆိုင်မှု တခု ဖြစ်ခဲ့ပြီး ၊ မူဒရစ်ရဲ့ အပြောင်းအရွှေ့ဟာလည်း ရုရှား – ယူကရိန်း စစ်ပွဲနဲ့ အများကြီး သက်ဆိုင်မှု ရှိပါတယ် ။ အမေရိကန်သား ပိုင်ရှင်သစ်တွေကြောင့်သာ ချဲလ်ဆီးနဲ့ ရှက်တာဒိုးနက်စ် အကြား မူဒရစ်ရဲ့ အပြောင်းအရွှေ့ အတွက် လျင်လျင်မြန်မြန် အဆင်ပြေချောမွေ့ခဲ့တာ ဖြစ်ပါတယ် ။

The Athletic သတင်းဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ရှက်တာဒိုးနက်စ် စီအီးအို ဖြစ်သူ ဆာဂေး ပယ်လ်ကင်က ရိုမန် အေဘရာမိုဗစ်ခ်ျသာ လက်ရှိ အချိန် အထိ ချဲလ်ဆီး အသင်းကို ပိုင်ဆိုင်နေဦးမယ်ဆိုရင် ၄င်းတို့ဖက်ကလည်း မူဒရစ်ကို ယင်းအနောက်လန်ဒန်ကလပ်ထံသို့ ရောင်းချခဲ့မှာ မဟုတ်ကြောင်း အခုလိုပဲ ဖွင့်ဟလာပါတယ် ။

ပယ်လ်ကင် က ” ချဲလ်ဆီးမှာသာ ပိုင်ရှင်သစ် ရှိမနေခဲ့ဘူးဆိုရင် ကျွန်တော်တို့နဲ့ ပတ်သက်တဲ့ ဝေဖန်မှုတွေက အများကြီး ရှိသွားခဲ့မှာပါ ။ အထူးသဖြင့် နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ ချိတ်ဆက်မှုတွေ အရပေါ့ ။ ဒီလိုပုံစံမျိုးနဲ့ဆိုရင် မူဒရစ်ရဲ့ အပြောင်းအရွှေ့ကလည်း ဘယ်လိုမှ ဖြစ်လာဖို့တောင် ရှိခဲ့မှာ မဟုတ်ပါဘူး ။ ”

” ယူကရိန်းဟာ ကမ္ဘာတလွှား ထိပ်တန်းအဆင့် နိုင်ငံရေး ထောက်ခံအားမျိုး ရထားပါတယ် ။ ဒီတော့ ကျွန်တော်တို့ အဖို့ ဒါက နိုင်ငံ အတွက် အပေါင်းလက္ခဏာ ဆောင်တဲ့ ပရိုမိုးရှင်း တခုလည်း ဖြစ်ပါတယ် ။ မူဒရစ်ဟာ ယူကရိန်းရဲ့ သံတမန် တဦး ဖြစ်လာခဲ့ပါတယ် ။ ”

” သူ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ခဲ့လို့ ကျွန်တော် အတော်လေး နှစ်ထောင်းအားရ ဖြစ်မိပါတယ် ။ ဘာလို့လဲဆိုတော့ ဒီလိဂ်က ကမ္ဘာ့ အကောင်းဆုံးလိဂ် ဖြစ်သလို ၊ အင်္ဂလန်ကလည်း ယူကရိန်း အပေါ် အထောက်အကူတွေ အများကြီး ပေးလို့ပါပဲ ။ ”

” ကမ္ဘာနဲ့ ယူကရိန်း အတွက် ဒါက အရေးကြီးတဲ့ အပြောင်းအရွှေ့ တခု ဖြစ်ပါတယ် ။ ကျွန်တော်တို့ဟာ အမေရိကန် ပိုင်ရှင်တွေ ၊ အင်္ဂလန် ပရီးမီးယားလိဂ်နဲ့ ယူကရိန်း ကစားသမား ဆိုတဲ့ သုံးပွင့်ဆိုင် မဟာမိတ် ပုံစံမျိုး ဖန်တီးနိုင်လိုက်တာပါ ။ ဒီနေ့ထိတိုင် ကျွန်တော်တို့ဟာ တနိုင်ငံနဲ့ တနိုင်ငံ အရင်အတိုင်းပဲ ချစ်ကြည်ရင်းနှီးမှု ရှိနေဆဲ ဖြစ်ပါတယ် ။ ဒါက အရေးကြီးတဲ့ အချက်ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ ။

SPORTS MYANMAR