လီဗာပူးတို့ ဒီရာသီမှာ မထင်မှတ်လောက်အောင် ကျဆင်းသွားခဲ့တဲ့ အကြောင်းရင်းကို ပြောပြသွားခဲ့တဲ့ အီရန်ရိုက်

 

အာဆင်နယ် ဂန္တ၀င် အီရန်ရိုက်က ပြီးခဲ့တဲ့ ရာသီတွေက လီဗာပူးတို့ အမှတ်ပေးဖလား အတွက် မန်ချက်စတာစီးတီးနဲ့ အစွမ်းကုန် ယှဉ်ပြိုင်ကစားခဲ့မှုတွေဟာ လက်ရှိ အချိန်မှာတော့ အဆိုပါ ကစားသမားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေ အပေါ် သက်ရောက်မှု ရှိစေခဲ့တယ်လို့ ယုံကြည်နေပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ရာသီက တစ်ရာသီအတွင်း ဖလား ၄ လုံး အိမ်မက်ကို အကောင်အထည် ဖော်နိုင်ရန် ၂ ပွဲသာ လိုအပ်တော့တဲ့ အနေအထားထိ ရောက်ခဲ့တဲ့ အသင်း ဖြစ်ပြီး နောက်ဆုံးမှာတော့ ပြည်တွင်း ဆုဖလား ၂ လုံးနဲ့သာ ကျေနပ် ခဲ့ရပါတယ်။

ဒါပေမယ့်လည်း ဒီရာသီမှာတော့ လီဗာပူးဟာ လုံး၀ကို ခြားနား သွားခဲ့ပြီး ယာဂန်ကလော့ရဲ့ အသင်းဟာ ပရီးမီးယားလိဂ်မှာ အထူး ရုန်းကန်နေရကာ အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာ ရောက်နေသလို ကာရာဘောင်ဖလားကနေလည်း ထွက်ခွာ ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က လီဗာပူးဟာ ဘရိုက်တန်ကို ကလော့ရဲ့ လက်အောက် အဆိုးဝါးဆုံး ကစားပုံနဲ့ အတူ အဝေးကွင်းမှာ ၃-၁ နဲ့ ဂိုးပြတ် ခြေပြတ် ရှုံးနိမ့်ခဲ့ပြီး ဝေဖန်မှုတွေ အပြင်းအထန် ခံခဲ့ရပါတယ်။

ကလော့ ကိုယ်တိုင်ကလည်း သူ့ရဲ့ အသင်း ဘာကြောင့် ဒီလောက် ဆိုးဆိုးရွားရွား ဖြစ်ခဲ့သလဲ ဆိုတာကို အဖြေရှာမရ ဖြစ်နေပြီး အီရန်ရိုက် ကတော့ လီဗာပူးတို့ ယခုလိုမျိုး ကျဆင်းတော့မယ် ဆိုတာကို အစောကြီး ကတည်းက ကြိုမြင်ထားခဲ့တယ်လို့ ဆိုလိုက်ပါတယ်။

အီရန်ရိုက်က “ကျွန်တော်တို့ ပြောနေခဲ့တဲ့ လီဗာပူး အသင်းဟာ တိုက်စစ်ပိုင်းကနေ မယုံနိုင်လောက်အောင် pressing လုပ်ကစားကာ ကွင်းလယ်ကလည်း စွမ်းအင်အပြည့်နဲ့ ဒါကို support လုပ်ပြီး ဘောလုံးကို ပြိုင်ဘက်ရဲ့ ကွင်းဘက်ခြမ်းမှာ အမြန်ဆုံး ပြန်လည် လုယူနိုင်တဲ့ အသင်း ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာတော့ သူတို့ဟာ ပြိုင်ဘက် ကစားသမားတွေကို pressing လုပ်တဲ့ နေရာမှာ ဘယ်တောင် အဝေးကြီး ရောက်နေသလဲ ဆိုတာ မြင်ရမှာပါ။ သူတို့ဟာ ပြိုင်ဘက်နဲ့ လုံလောက်တဲ့ နီးကပ်မှု ရှိမနေဘူးလို့ ခံစားမိနေပါတယ်။ ပြီးခဲ့တဲ့ရာသီတွေကလို လုပ်ပြဖို့ဟာ သူတို့ အတွက် အရမ်း ခက်ခဲနေတယ်လို့ ကျွန်တော် ခံစားမိနေပါတယ်။

ကျွန်တော်ကတော့ လီဗာပူးတို့ အမှတ်ပေးဖလား အတွက် မန်စီးတီးနဲ့ အပြိုင်ကြဲခဲ့တဲ့ ရာသီတွေဟာ လက်ရှိ အချိန်မှာ သူတို့ကို မကောင်းတဲ့ သက်ရောက်မှုတွေ ရှိစေခဲ့တယ်လို့ ထင်ပါတယ်။ အထူးသဖြင့် လီဗာပူး ကွင်းလယ် ကစားသမားတွေဟာ ပြိုင်ဘက် ကွင်းလယ် ကစားသမားတွေ ခံစစ်ကို ကျော်ပြီး ဘောလုံးပေးပို့တာတွေ ၊ lines တွေကို လွယ်ကူစွာ ကျော်ဖြတ်နေတာတွေကို တားဆီးရန် လုံလောက်တဲ့ နီးကပ်မှု မရှိတော့တဲ့ အချိန်မှာ high line နဲ့ ဆက်ပြီး ကစားရန် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ လီဗာပူး ကွင်းလယ်ကို ကျော်ဖြတ်ရတာ တအားကို လွယ်ကူနေတဲ့ ပုံစံပါပဲ။” လို့ ဆိုလိုက်ပါတယ်။

ယာဂန်ကလော့ ဘရိုက်တန် နဲ့ ပွဲစဉ်မှာ လီဗာပူး အသင်းသားတွေရဲ့ ကစားပုံဟာ လုံး၀ လက်ခံနိုင်စရာ မရှိဘူးလို့ ၀န်ခံလိုက်ပြီး ဒါဟာ သူ့နည်းပြ သက်တမ်းတစ်လျှောက် အဆိုးဝါးဆုံး ကစားပုံ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ယာဂန်ကလော့က “ပွဲဟာ ပြီးခဲ့တဲ့ မိနစ် အနည်းငယ်ကမှ ပြီးသွားခဲ့တာကြောင့် ဒီလို ပြောတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီထက် ကစားပုံ ပိုမိုဆိုးရွားတဲ့ ပွဲစဉ်ကို ကျနော် မှတ်တောင် မမှတ်မိပါဘူး။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ဒီထက် ကစားပုံ ပိုဆိုးတဲ့ပွဲ ရှိတောင် မရှိဘူးလို့ ထင်ပါတယ်။

ကျနော် ဆိုလိုတာကတော့ ကျနော့်ရဲ့ နည်းပြသက်တမ်း တစ်လျှောက်လုံးကို ခြုံပြီး ပြောတာပါ။ လီဗာပူး မှာပဲ မဟုတ်ပါဘူး။ ဒီထက် ဆိုးတဲ့ ပွဲစဉ်ကို မှတ်တောင် မမှတ်မိနိုင်ပါဘူး။ ပြီးတော့ ဒါဟာ ကျနော့်ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ဒီရှုံးနိမ့်မှုဟာ လက်ရှိအချိန်မှာတော့ ကျနော်တို့ရဲ့ တကယ့်ကို အနိမ့်ဆုံး အခြေအနေပဲ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SPORTS MYANMAR