နောက်ဆုံးပေါ် ချဲလ်ဆီး စတားသစ် မူဒရစ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးလာတဲ့ ဂရေဟမ် ပေါ်တာ

 

ချဲလ်ဆီး အသင်းဟာ မနေ့က ကစားခဲ့တဲ့ ခရစ်စတယ် ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ်ပွဲ ကစားနေစဉ် အတွင်းမှာ ရှက်တာဒိုးနက်စ် အသင်းရဲ့ အသက် ၂၂နှစ် အရွယ် ယူကရိန်း လူငယ် တောင်ပံ ကစားသမား မစ်ခ်ဟိုင်လို မူဒရစ်ကို ယူရိုသန်း ၇၀ ( အပိုဆုကြေး ယူရိုသန်း ၃၀ ) နဲ့ တရားဝင် ခေါ်ယူကြောင်း ကြေညာခဲ့ပါတယ် ။

မူဒရစ် ဟာ တမြန်နေ့ညက ကလပ် ၂သင်းကြား ပြောင်းရွှေ့ကြေး သဘောတူညီမှု မရခင် အထိ ၊ အာဆင်နယ် အသင်းနဲ့ တောက်လျှောက် သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပြီး ၊ အဆုံးမှာ ချဲလ်ဆီး ပိုင်ရှင်သစ် တဦး ဖြစ်တဲ့ ဘာဒက် အဂ်ဘာလီက ပိုလန် အထိ သွားကာ ၊ ၄င်းရဲ့ အပြောင်းအရွှေ့ ကိစ္စ အပြီးသတ် ညှိနှိုင်းသွားခဲ့ပါတယ် ။

မနေ့က စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ မူဒရစ် တယောက် ပထမပိုင်း အပြီး ကွင်းတွင်း ချဲလ်ဆီး ပရိသတ်တွေနဲ့ တရားဝင် မိတ်ဆက်ခဲ့ပါတယ် ။ ၄င်းဟာ ကျောနံပါတ် ၁၅ ဝတ်ဆင် ကစားမှာ ဖြစ်ပြီး ၊ ဒဏ်ရာ ပြဿနာတွေကြောင့် တောင်ပံ ကစားသမားကောင်း လိုအပ်နေတဲ့ ချဲလ်ဆီးတို့ အတွက် သင့်လျော်တဲ့ ဖြည့်တင်းမှု တရပ်လို့ သတ်မှတ်နိုင်ပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာ က လက်ရှိ ဇန်နဝါရီ စျေးကွက် အတွက် ပဉ္စမြောက် ခေါ်ယူမှု ဖြစ်တဲ့ မူဒရစ် ၄င်းတို့ အတွက် ဘယ်လို အရည်အသွေးတွေ ယူဆောင်လာပေးမလဲ ဆိုတာ အခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ် ။

ပေါ်တာ က ” အပြောင်းအရွှေ့ စျေးကွက်မှာ ခင်ဗျား ဘယ်တော့မှ အံ့သြလို့ မရပါဘူး ။ ဘာလို့လဲဆိုတော့ အရာတွေက သူ ဖြစ်ချင်တဲ့ အချိန် ၊ ခင်ဗျား မမျှော်မှန်းထားတဲ့ အချိန် ထဖြစ်တတ်လို့ပါ ။ အသင်း အတွက် သူ ယူဆောင်လာပေမယ့် အရာတွေနဲ့ ပတ်သက်ပြီး ပြောရရင်တော့ သူဟာ ကြီးမားတဲ့ အနာဂတ် ရှိတဲ့ လူငယ် ကစားသမား တယောက်ပါ ။ ”

” အရမ်း စိတ်လှုပ်ရှားစရာကောင်းပြီး ၊ one v one ရင်ဆိုင်တဲ့ နေရာမှာ တော်တဲ့ ကစားသမား တဦးလည်း ဖြစ်ပါတယ် ။ အမြဲတမ်း တိုက်စစ် ဆင်တတ်ပြီး ၊ တောင်ပံတိုက်စစ် ဧရိယာတွေဆီ ပြေးလွှား ကစားနိုင်ပြီး ဂိုးတွေလည်း သွင်းပေးနိုင်ပါတယ် ။ ဒီတော့ ပရိသတ်တွေ သူ့ကို သဘောကျ နှစ်သက်လိမ့်မယ်လို့ ထင်ပါတယ် ။ ” ပြောကြားခဲ့ပါတယ် ။

ပိုင်ရှင်သစ် လက်ထက်မှာ ချဲလ်ဆီးဟာ ဝါရင့် စတား တဦး ဖြစ်တဲ့ ပီယာအမ်းမရစ် အူဘားမီးယန်းက လွဲပြီး ကျန်တဲ့ ခေါ်ယူမှု အားလုံးကို နှစ်ရှည် စာချုပ်ချုပ်ထားပါတယ် ။ အခု နောက်ဆုံး ခေါ်ယူမှု ဖြစ်တဲ့ မူဒရစ်ဟာလည်း အသင်းနဲ့ ၈နှစ်ခွဲ စာချုပ်ချုပ်ထားတာ ဖြစ်ပါတယ် ။ ဒီအတွက် စိုးရိမ်မှု ရှိမရှိနဲ့ ပတ်သက်ပြီး ပေါ်တာက အခုလိုပဲ ဖြေကြားသွားပါတယ် ။

ပေါ်တာ က ” ခင်ဗျားတို့ သိတဲ့အတိုင်း ကျွန်တော်ဟာ နည်းပြ တဦးသာ ဖြစ်ပါတယ် ။ ကစားသမားတွေရဲ့ စာချုပ် သက်တမ်း ကာလတွေထက် ကျွန်တော့မှာ တခြား စိတ်ပူစရာ ကိစ္စတွေ လုံလုံလောက်လောက် ရှိနေပြီးသားပါ ။ ဒီတော့ ကစားသမားတွေရဲ့ စာချုပ်ကိစ္စကို ကလပ်ဆီပဲ ကျွန်တော် လွှဲပြောင်းပေးပါတယ် ။ ”

” ဒါက ကလပ် အတွက် မှန်ကန်မှု ရှိတဲ့ လုပ်ရပ် ဖြစ်ပါတယ် ။ ကျွန်တော်ကတော့ အတတ်နိုင်ဆုံး သူတို့ကို ထောက်ပံ့ပေးနိုင်ဖို့ ကြိုးစားသွားပါမယ် ။ သူနဲ့ အတူ အလုပ်လုပ်နိုင်ဖို့ ကျွန်တော် မျှော်လင့်စောင့်စားနေပါတယ် ။ သူ့ရဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတဲ့ အချိန် အထိ ကျွန်တော် ဒီမှာ ရှိနေဦးမယ်ဆိုရင် ကျွန်တော်တို့ အားလုံး ပျော်ရွှင်ရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ယခုနှစ်ရာသီ ယူကရိန်းလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ ၁၈ပွဲ ကစားထားပြီး ၊ ၁၀ဂိုးသွင်း ၊ ၉ဂိုး ဖန်တီးထားတဲ့ မူဒရစ်ဟာ အခြား ချဲလ်ဆီး တောင်ပံ ကစားသမားတွေ အတွက် နေရာလုဖက် ဖြစ်လာမှာ သေချာပါတယ် ။ ဒါနဲ့ ပတ်သက်ပြီးလည်း ပေါ်တာ က အခုလိုပဲ မှတ်ချက်ပြုသွားပါတယ် ။

ပေါ်တာ က ” ဒါက ကျွန်တော်တို့ အတွက် စိန်ခေါ်မှု တရပ် ဖြစ်ပါတယ် ။ ကျွန်တော်တို့ ကစားပုံ ပိုပြီး ကောင်းချင်ပါတယ် ၊ ရမှတ်တွေ ၊ နိုင်ပွဲတွေ ပိုပြီး ရချင်ပါတယ် ။ ခင်ဗျားဟာ ကိုယ် ပါဝင်နေရတဲ့ ပြိုင်ပွဲတွေ အတွက် မှန်ကန် သင့်လျော်ပြီး ဟန်ချက် ညီမျှမှု ရှိတဲ့ ကစားသမား အင်အား လိုအပ်ပါတယ် ။ ”

” မူဒရစ်က လိုအပ်တဲ့ အရည်အသွေးတွေကို ယူဆောင်ပေးလာပါလိမ့်မယ် ။ ပွဲထွက်စာရင်း အတွက် ရွေးချယ်ရမှာက ကျွန်တော့ တာဝန် ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR