အာဆင်နယ် နှင့် မူဒရစ် တို့ရဲ့အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တဲ့ အဓိက အကြောင်းအရင်းကို ချက်ကျလက်ကျ ရှင်းပြလိုက်တဲ့ ရိုမာနို

 

ဒီနှစ် ဇန်နဝါရီ အပြောင်းအရွှေ့မှာ Hot Topic အဖြစ်ဆုံး မူဒရစ် ရဲ့ အပြောင်းအရွှေ့ဇာတ်လမ်း ကတော့ တစ်ခန်း ရပ်သွားခဲ့ပါပြီ ။ အာဆင်နယ် အသင်း တောက်လျှောက် ခေါ်ယူဖို့ ကြိုးပမ်း နေခဲ့တဲ့ မူဒရစ် ကို ချဲလ်ဆီး အသင်းက ကြားဖြတ် ခေါ်ယူ သွားခဲ့ပြီ ဖြစ်ပါတယ် ။

အပြောင်းအရွှေ့မှာ ဆရာတစ်ဆူ ဖြစ်တဲ့ ဖာဘရစ်ဇီယို ရိုမာနို ကတော့ သူ့ရဲ့YouTube Channel မှာ အာဆင်နယ် နှင့် မူဒရစ် တို့ အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တဲ့ အကြောင်းအရင်းကို ရှင်းပြ သွားခဲ့ပါတယ် ။ ” အားလုံး စိတ်ပျက်နေကြတဲ့ အပေါ် ကျနော် နားလည် သဘောပေါက်ပါတယ် ။ ”

” ဘာကြောင့်လဲ ဆိုရင် မူဒရစ် က ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ကုန်ခါနီးကတည်းက အာဆင်နယ် အသင်း လိုချင်နေခဲ့တဲ့ ကစားသမားပါ ။ အဲ့တုန်းက အာဆင်နယ် က ရှက်တာ တာဝန် ရှိသူတွေ နဲ့ ဆွေးနွေး ပြောဆိုမှု အချို့ ရှိခဲ့ပေမယ့်တရားဝင် ကမ်းလှမ်းမှုတော့ လုံးဝ မလုပ်ခဲ့ပါဘူး ။ အာဆင်နယ် က မူဒရစ် ရဲ့အေးဂျင့်နဲ့လည်း စကားပြောဆိုမှု ရှိခဲ့ပါတယ် ။တရားဝင် ကမ်းလှမ်းမှု ပဲ မလုပ်ခဲ့တာပါ ။ ”

 

” ဒါပေမယ့် အောက်တိုဘာ ၊ နိုဝင်ဘာ ၊ ဒီဇင်ဘာလတွေမှာတော့ အာဆင်နယ် အသင်းက မူဒရစ် ကို ခေါ်နိုင်ဖို့ တောက်လျှောက် ကြိုးပမ်း လုပ်ဆောင် ခဲ့ပါတယ် ။ ကျနော် ခင်ဗျားတို့ကို တစ်ခု ပြောပြပါမယ် ၊ အခုလို အာဆင်နယ် သာ ထိပ်ဆုံးမှာ ဆက်လက် ရပ်တည် နိုင်ရင် ပုံစံကောင်း ဆက်လက် ပြသနိုင်ရင် အရည်အသွေးမြင့် လူငယ် ကစားသမားတွေ များပြား နေရင် တခြား စူပါ ကစားသမားတွေက အာဆင်နယ် မှာ လာရောက် ကစားဖို့ စိတ်လှုပ်ရှား နေကြမှာပါပဲ ။ ”

” အာဆင်နယ် မှာ မီခေးလ် အာတီတာလို အရည်အချင်းရှိတဲ့ နည်းပြ ရှိသလို vision လည်း ရှိပါတယ် ၊ချဲလ်ဆီး က မူဒရစ် အတွက် ရှက်တာ လိုချင်​နေတဲ့ ပမာဏာ ကို ပေးပြီး သဘောတူညီမှု ရဖို့ လုပ်နေပြီလို့ သိရချိန်မှာ အာဆင်နယ် က panic ဖြစ်မသွား ခဲ့ပါဘူး ၊ အာဆင်နယ် က ဘယ်တော့မှ တန်ကြေး ထက်ပိုပီး ကျော်လွန် ပေးမယ့် အသင်း မဟုတ်ပါဘူး ။ ”

” အာဆင်နယ် က ရှင်းပါတယ် ၊ သူတို့ လုပ်ရမယ့် အရာကိုပဲ လုပ်ဆောင်ဖို့ တွေးထားတဲ့ အသင်းပါ ၊ သူတို့ အကောင်းဆုံး လုပ်ခဲ့ပါတယ် ၊ ကြာသပတေးနေ့ နေ့လည်မှာ မူဒရစ် အတွက် ယူရို သန်း ၇၀+ Adds-ons သန်း ၂၀နဲ့ ကမ်းလှမ်း ခဲ့ပါတယ် ၊ ပြောရရင် အတော်လေးများတဲ့ ကမ်းလှမ်းမှုပါ ၊ ရှက်တာကတော့ ချဲလ်ဆီး ပိုပေးလာမလား လို့ စောင့်ဆိုင်း နေခဲ့တာပါ ။ ”

” အာဆင်နယ် မှာ strategy ရှိပါတယ် ၊ အာဆင်နယ် ဘက်က ‘ သူတို့ အကောင်းဆုံးကမ်းလှမ်းမှု လုပ်ထားပြီးပြီ ၊ ကစားသမား က လည်း လာချင်တယ် ၊ ရှက်တာ ကလည်း ကမ်းလှမ်းမှု ကို လက်ခံ ချင်တယ်ဆိုရင် သူတို့ ပျော်မယ် ၊ ဒီလိုမှ မဟုတ်ရင်တော့ တခြား တစ်စုံတစ်ခုကို လုပ်မယ် ‘ လို့ ပြောဖို့ ဆုံးဖြတ်ပြီးသားပါ ။ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ဒီလိုပါပဲ ၊ ဗလာဟိုဗစ် ၊ လိုကာတယ်လီ ၊ မာတီနက်ဇ် ၊ ရာဖင်ဟာ တို့တုန်းကနဲ့ အခြေအနေတူတူပါပဲ ၊ အာဆင်နယ် အသင်းက ဘယ်အသင်းနဲ့ မှ ဈေးအပြိုင် မတန်တဆ လိုက်ပေးမှာ မဟုတ်ပါဘူး ။ ”

” အာဆင်နယ် က သူတို့ project ကို သဘောကျတဲ့ ကစားသမား ၊ ဈေးမှန်တယ်လို့ ထင်တဲ့ ကစားသမားမျိုး ကိုပဲ ခေါ်ယူသွားမှာပါ ၊ အာဆင်နယ် ဘက်က ရူးမိုက်ရာကျတဲ့ဈေးတွေ မပေးပါဘူး ၊ ဒါက အာဆင်နယ် အသင်းရဲ့ ခံယူချက် strategy ပါပဲ ၊ အာဆင်နယ် အသင်း ထိပ်ဆုံး ရောက်နေတာကလည်း ဒီ strategy ကြောင့်ပါ ။ ”

” မူဒရစ် လို ထိပ်တန်း ကစားသမား တစ်ဦးကို မရလိုက်တဲ့ အတွက် အာဆင်နယ် အသင်း ပရိသတ်တွေ စိတ်ပျက်နေကြတာကို နားလည်ပါတယ် ။ ဒါပေမယ့် လက်တွေ့မှာ အီဒူး ၊ ဘုတ်အဖွဲ့ ၊ ပိုင်ရှင် နဲ့ အာတီတာ တို့ရဲ့ အစီအစဉ် က ရှင်းနေပြီးသားပါ ၊ သူတို့ အတွက် မှန်ကန်သင့်တော်တယ် ထင်တဲ့ အရာတွေကိုပဲ လုပ်ဆောင်ပါတယ် ၊ ဈေးအများကြီး ပေးလိုက်တာမျိုး ဈေးအပြိုင် လိုက်ပေးတာမျိုး လုပ်မှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM