မူဒရစ် ရဲ့ အပြောင်းအရွှေ့မှာ ချဲလ်ဆီး အသင်းဟာ အာဆင်နယ် အသင်း ကို အနိုင်ကျင့်ပြီး အသာစီး ရယူသွားခဲ့တာလို့ ဆိုလိုက်တဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း

အင်္ဂလန် အသင်း နဲ့ အက်စတန်ဗီလာ အသင်း ရဲ့ တိုက်စစ်မှူးဟောင်း အဘွန်လဟော် က မူဒရစ် ရဲ့ အပြောင်းအရွှေ့မှာ ချဲလ်ဆီး အသင်းဟာ အာဆင်နယ် အသင်း ကို ငွေကြေး အားကိုး နဲ့ အနိုင်ကျင့်ပြီး အသာစီး ရယူသွားခဲ့တာ ဖြစ်တယ်လို့ သုံးသပ် ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မတိုင်ခင်ကတည်းက သတင်းတွေ ထွက်နေခဲ့တဲ့ ရှက်တာဒိုးနက် အသင်းရဲ့တောင်ပံ ကစားသမား မူဒရစ် ဟာ နောက်ဆုံးမှာတော့ ချဲလ်ဆီး အသင်း ဆီ ရောက်သွားခဲ့ပါ​ပြီ ။ ချဲလ်ဆီး အသင်းဟာ မူဒရစ် ကို စုစုပေါင်း ယူရို သန်း ၁၀၀ package နဲ့ ခေါ်ယူ လိုက်တာ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်း ဟာ မူဒရစ်အတွက် ရှက်တာဒိုးနက် အသင်း ထံ သုံးကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့ပေမယ့် အလုံးစုံ သဘောတူညီမှု ရဖို့ ကြန့်ကြာ နေခဲ့တာကြောင့် ချဲလ်ဆီး အသင်းက ကြားဖြတ် ခေါ်ယူ သွားခဲ့တာပါ ။ မူဒရစ် ဟာ အာဆင်နယ် အသင်းကို လာဖို့ ဆန္ဒ ပြင်းပြနေပေမယ့် ချဲလ်ဆီး အသင်း က ကစားသမားရော အသင်းရောကို ငွေကြေး မက်လုံးပေးပြီး ခေါ်ယူ သွားခဲ့တာ ဖြစ်တယ်လို့ အဘွန်လဟော် က သုံးသပ် လိုက်ပါတယ် ။

” ဒီအပြောင်းအရွှေ့မှာ ချဲလ်ဆီး က အာဆင်နယ် အသင်းကို အနိုင် ကျင့်သွားခဲ့တာပါ ၊ ပြောရရင် ငွေကြေး အားကိုး နဲ့ အနိုင်ကျင့် သွားခဲ့တယ်ပေါ့ဗျာ ။ ချဲလ်ဆီး က ကစားသမား ရဲ့ အေးဂျင့်ကိုရော ကစားသမားကိုရော ‘ မင်းကို ငါပိုက်ဆံပိုပေးမယ် ၊ မင်းရဲ့ ကစားသမားကိုလည်း လစာ ပိုပေးမယ် ၊ အသင်းကိုလည်း လက်ငင်း ပိုက်ဆံပိုပေးမယ် ‘ လို့ ပြောပြီး ခေါ်လိုက်ပုံပါပဲ ။ ”

” အာဆင်နယ် က မူဒရစ် ကို တစ်ပတ် လုပ်ခ ပေါင် ၁ သိန်း ၊ ၁ သိန်း ခွဲပေးဖို့ ရည်မှန်းထားချိန်မှာ ချဲလ်ဆီး က ၃ သိန်း ၊ ၃ သိန်း ခွဲ ပေးလိုက်တာ ဖြစ် နိုင်ပါတယ် ။ ချဲလ်ဆီး က ပိုက်ဆံ အိတ် ဖွင့်ပြပြီး ‘ မင်းတို့ ဘာလိုချင်သလဲ ၊ ဘယ်လောက်လိုချင်သလဲ ‘ ပြောလိုက်ပုံပါပဲ ။ ”

” ချဲလ်ဆီး အတွက် ကောင်းမွန်တဲ့ စာချုပ်ချုပ် ခေါ်ယူမှု ဖြစ်မှာပါ ၊ ဒါပေမယ့် အာဆင်နယ် အသင်း နှင့် အာဆင်နယ် ပရိသတ်တွေ အတွက်တော့ နာကျင်ကြေကွဲစရာ ဖြစ်နေပါလိမ့်မယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ယူကရိန်း တောင်ပံ ကစားသမား မူဒရစ် ဟာ ဥရောပ ရဲ့ အလားအလာ အရှိဆုံး လူငယ် ကြယ်ပွင့် တစ်ဦး အဖြစ် သတ်မှတ် ခံထားရသူ ဖြစ်ပြီး ဒီရာသီ ရှက်တာဒိုးနက် အသင်းအတွက် ၁၈ ပွဲ ကစား ၁၀ ဂိုး သွင်း ၊ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ် ထားပါတယ် ။

ဒီနှစ် ချန်ပီယံလိဂ် ပွဲစဉ်တွေမှာလည်း မူဒရစ် ရဲ့စွမ်းဆောင်ရည်ဟာ အထင်ကြီးစရာ ကောင်းလွန်းခဲ့ပြီး လိုက်ဇစ် နဲ့ ပွဲမှာ ခြေစွမ်းပြ နိုင်ခဲ့ကာ ဆဲလ်တစ် ဘက်ကို နှစ်ကျော့စလုံး ဂိုးသွင်း နိုင်ခဲ့ပါတယ် ။

SM