ရုန်းကန်နေရတဲ့ ချဲလ်ဆီး စတား တဦးကို အစားထိုးပစ်ဖို့ ဂရေဟမ် ပေါ်တာထံ တိုက်တွန်းရင်း ၊ တူချယ်ရဲ့ ခေါ်ယူမှု တခု အပေါ်လည်း မေးခွန်းထုတ်သွားတဲ့ အီယန်ရိုက်

 

လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀မှာ ရပ်တည်နေတဲ့ ချဲလ်ဆီး အသင်းဟာ တပတ်တခြား ၊ တပွဲတခြား ကံတရား ၊ ရလဒ်ပိုင်း ဆိုးမြဲဆိုးနေပြီး ၊ နောက်ဆုံး ကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ လန်ဒန်ဒါဘီ ပွဲမှာ ကစားပုံ တိုးတက်ကောင်းမွန်ခဲ့တာတောင် ချဲလ်ဆီးတို့ အရှုံးနွံထဲက မလွတ်မြောက်နိုင်ခဲ့ပါဘူး ။

နည်းပြသစ် ဂရေဟမ် ပေါ်တာ လက်ထက် ပုံစံကောင်း တချို့ ရထားဖူးတဲ့ စပိန် ဂိုးသမား ကီပါ အရီဇာဘာလာဂါဟာ နောက်ဆုံး ပရီးမီးယားလိဂ် ရှုံးပွဲ ၂ပွဲမှာ အဓိက တရားခံ တဦး ဖြစ်ပြီး ၊ ၄င်းသာ ပုံမှန် စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့မယ်ဆိုရင် ၊ ချဲလ်ဆီးတို့ ထို၂ပွဲမှာ အရှုံးရလဒ်တွေကနေ ရှောင်လွှဲနိုင်ခဲ့မှာ ဖြစ်ပါတယ် ။

မန်စီးတီးကို ပရီးမီးယားလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ တလုံးတည်းသော အနိုင်ဂိုး ၊ ဖူလ်ဟမ်ရဲ့ အနိုင်ဂိုးတွေကို ကြည့်ရင် ကီပါ သတိရှိရှိနဲ့ ဖြတ်တင်ဘောတွေကို ချိန်သားကိုက် တားဆီးနိုင်ဖို့ ကောင်းခဲ့ပါတယ် ။ အရန် ဂိုးသမား အက်ဒွာ့ဒ် မန်ဒီကလည်း ဒဏ်ရာရနေတဲ့အပြင် ၊ လက်စွမ်းလည်း ကျနေတာကြောင့် ချဲလ်ဆီးတို့ ဒီပုံစံအတိုင်းဆိုရင် ဂိုးသမားသစ်ပါ ရှာပုံတော် ထပ်ဖွင့်ရမယ့်ပုံ ပေါ်နေပါတယ် ။

တဖက်မှာ ပြီးခဲ့တဲ့ နွေရာသီ စျေးကွက် အတွင်းမှာမှ နည်းပြဟောင်း သောမတ်စ် တူချယ်ရဲ့ ခေါ်ယူမှုနဲ့ အတူ ချဲလ်ဆီးကို ရောက်လာခဲ့တဲ့ ဆီနီဂေါ ဝါရင့် ခံစစ်မှူးဟောင်း ကာလီဒူ ကူလီဘာလီဟာ ရာသီဝက် ကြိုးလာတဲ့အထိ ပရီးမီးယားလိဂ်နဲ့ အသားမကျသေးပဲ ၊ အမှားတွေ ကျူးလွန်မြဲ ကျူးလွန်နေပါတယ် ။

အာဆင်နယ် ဂန္တဝင် တိုက်စစ်မှူးဟောင်း အီယန်ရိုက်ကတော့ အမှားတွေ ပြန်လုပ်လာတဲ့ ကီပါဟာ ချဲလ်ဆီး အတွက် နောက်ဆုံး ၂ပွဲမှာ ၄မှတ် save ပေးခဲ့သင့်ကြောင်း သုံးသပ်ရင်း ၊ ၄င်းကို အစားထိုးဖို့ တိုက်တွန်းခဲ့သလို ၊ ကူလီဘာလီရဲ့ စိတ်ပျက်ဖွယ် စွမ်းဆောင်ရည် အပေါ်လည်း အခုလိုပဲ မေးခွန်းထုတ်သွားပါတယ် ။

Ringer FC Podcast နဲ့ တွေ့ဆုံခဲ့ရာမှာ အီယန်ရိုက် က ” ဂိုးသမားဟာ ဂိုးစည်းပေါ်ကနေ ဖြတ်တင်ဘော လာတာကို ကာကွယ်ရင် ကာကွယ် ၊ ဒါမှမဟုတ် ၊ တခြားသူတွေထက် လက်ဦးမှု ယူပြီး ဖြတ်တင်ဘောကို ထွက်ဖမ်းတာ လုပ်ကို လုပ်ရပါမယ် ။ ဖြတ်တင်ဘောက လာတဲ့ ပုံစံက တကယ် ကောင်းပါတယ် ။ ဒါပေမယ့် ဂိုးသမားသာ နေရာကောင်းကောင်း ယူနိုင်ရင် ဒါက ခင်ဗျား အတွက် ပြဿနာ မဖြစ်စေပါဘူး ။ ”

” ခင်ဗျား အတွက် ဂိုးစည်းပေါ်မှာ နေမလား ၊ ရှေ့တက် ထွက်ပုတ်မလား ၊ ဒီ၂ခုပဲ ရွေးချယ်စရာ ရှိပါတယ် ။ ဘောလုံးက လေထဲမှာ ရှိနေတဲ့ အချိန် လုံလုံလောက်လောက် ကြာခဲ့ပါပြီ ။ ကီပါကို ကျွန်တော် တောက်လျှောက် ကြည့်နေခဲ့တာပါ ။ ကျွန်တော် စိတ်မကောင်းပါဘူး ။ ဒါပေမယ့် ဒီပုံစံနဲ့ ရှေ့ဆက်မယ်ဆိုရင်တော့ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး ။ ”

” ဒီလူက အမှားတွေ အများကြီး လုပ်လွန်းနေပါတယ် ။ သူ့ကို ကြည့်ရတာ အရမ်း ပြာယာခတ်ပုံ ပေါ်နေပါတယ် ။ ဖူလ်ဟမ် သွင်းသွားတဲ့ ဒုတိယဂိုးနဲ့ မန်စီးတီး သွင်းသွားတဲ့ ဂိုးတွေကို ကြည့်ရင် သူဟာ ဒီထက် ပိုကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့သင့်ပါတယ် ။ ”

 

 

 

” ချဲလ်ဆီးဟာ ကစားပုံ ကောင်းနေတဲ့ အခါမှာတောင် ဂိုးသမားကို ကြည့်ပြီး ကျွန်တော်ကတော့ သူဟာ ချဲလ်ဆီးကို နိုင်ပွဲ ရအောင် ဘယ်လိုမှ ကူညီပေးနိုင်မှာ မဟုတ်ဘူးလို့ပဲ မြင်မိပါတယ် ။ နောက်ပြီး ကူလီဘာလီလို ခံစစ်မှူးမျိုးက ဘယ်လိုဖြစ်လို့ ဒီလောက်အထိ စုတ်ပြတ်သတ်သွားတာလဲ ? ”

” အခုအချိန် သူ ကစားတာကို ကြည့်လိုက်ရင် သောက်ရမ်း စိတ်အာရုံ ထွေပြားနေပြီး ၊ အရမ်း စိတ်လွင့်နေတာပဲ တွေ့နေရပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ချဲလ်ဆီးဟာ မနက်ဖြန်ညမှာ လန်ဒန်ဒါဘီ ပြိုင်ဖက် တသင်း ဖြစ်တဲ့ ခရစ်စတယ် ပဲလေ့စ် အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ဧည့်ခံကစားဖို့ ရှိပါတယ် ။

SPORTS MYANMAR