ဆာကာ ၊ ဂျေးဇု တို့ရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို အသိပေးလာတဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ မီခေးလ် အာတီတာ က တိုက်စစ်မှူး ဂါဘရီရယ် ဂျေးဇု ရဲ့ ဒဏ်ရာ အခြေအနေ ဟာ တိုးတက်မှု ရှိနေပေမယ့် ပြန်ကစားနိုင်ဖို့တော့ အချိန်ယူ ရဦးမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ် ။

ဘရာဇီး လက်ရွေးစင် တိုက်စစ်မှူး ဂျေးဇု ဟာ သူ့ရဲ့ဆိုရှယ် မီဒီယာ အကောင့်မှာ ချိုင်းထောင့် နဲ့ ဒူးအထိန်း မလိုတော့ကြောင်း တင်ထားတာကြောင့် မကြာခင် ပြန်ကစားနိုင်တော့မယ်လို့ ပရိသတ်တွေရဲ့သုံးသပ်မှုတွေ ရှိနေကြတာပါ ။ ဒါပေမယ့် နည်းပြ အာတီတာ ကတော့ ဂျေးဇု အမြန်ဆုံး ပြန်ကစားနိုင်လိမ့်မယ်လို့ မထင်ကြောင်း စပါး နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားခဲ့ပါတယ် ။

” သူ့ရဲ့ ဒဏ်ရာ အခြေအနေက ကောင်းကောင်း တိုးတက်မှု ရှိနေပါတယ် ။ သူ ကိုယ်တိုင်လည်း အမြန်ဆုံး ပြန်ကစားနိုင်ဖို့ အပြင်းအထန် ကြိုးစား လုပ်ဆောင် နေပါတယ် ၊ သူ့ရဲ့ ဒဏ်ရာ အခြေအနေ တိုးတက်မှု က ဒီအချိန်အတွင်း ရှိနေရမယ့် အနေအထား ကို ရောက်ပါတယ် ၊ ဒါပေမယ့် ဘောလုံး ပြန်ကစားနိုင်ဖို့တော့ အလှမ်းဝေးပါသေးတယ် ။ ”

” ကျနော့်ရဲ့ဆန္ဒက အရဆို သူ ကစားတာကို အမြန်ဆုံး မြင်ချင်တာပေါ့ဗျာ ၊ ဒါပေမယ့် အခြေအနေတွေအရ အလျင်အမြန်ကြီး ဖြစ်လာဖို့ မရှိသေးပါဘူး ၊ ကျနော် တို့ အနေနဲ့ စိတ်ရှည်ရှည် ထားဖို့ လိုအပ်ပါတယ် ၊ စောင့်ကြည့်ရမှာပေါ့ဗျာ ၊ ဂျေးဇု ရဲ့ခွဲစိတ်ကုသမှု က ရှုပ်ထွေးပါတယ် ၊ ဘယ်ခွဲစိတ်မှုမှာမဆို နောက်ဆက်တွဲ သတိထား လုပ်ဆောင်ရမယ့် အရာတွေ အများကြီး ရှိပါတယ် ။ဂျေးဇု ကတော့ ကွင်းထဲမှာ အမြန်ဆုံး ပြန်ကစားနိုင်ဖို့ ကိုယ့်ကိုယ်ကို တွန်းအားပေး လုပ်ဆောင် နေပါတယ် ။ ”

ဒါ့အပြင် နည်းပြ အာတီတာ က အောက်စ်ဖိုဒ့် နဲ့ ပွဲမှာ ဒဏ်ရာကြောင့် လူစားလဲ လိုက်ရပြီး ပွဲချိန်ပြည့် မကစား နိုင်ခဲ့တဲ့ ဘူကာရို ဆာကာ နဲ့ ပတ်သက်ပြီး သတင်းကောင်း ပါးသွား ခဲ့ပါတယ် ။ ” စပါး နဲ့ ပွဲမှာ သူ ပါဝင် ကစားနိုင်မယ်လို့ ကျနော် ကတော့ ထင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့တာပါ ။

ဆက်လက်ပြီး အာတီတာ က အောက်စ်ဖိုဒ့် နဲ့ ပွဲမှာ လူစားဝင် ကစားခဲ့တဲ့ စမစ်ရို ရဲ့ အခြေအနေကိုလည်း ခုလို ပြောကြား လိုက်ပါတယ် ။ ” သူ ပြန်ကစားနိုင်တာ ကျနော်တို့ အတွက် သိပ်ကောင်းပါတယ် ။ ဒဏ်ရာကြောင့် လေးလကြာ အနားယူ အပြီးမှာ သူ အသင်း အတွက် ပြန်ကစားနိုင်ခဲ့တာပါ ၊ သူကိုယ်တိုင်လည်း ကစားရတာ အဆင်ပြေနေပါတယ် ။ ”

” သူ့ နေရာမှာ ကစားခွင့်ရဖို့ အတွက် သူကိုယ်တိုင် အပြင်းအထန် ကြိုးစား နေပါတယ် ။ အခု အချိန်ကစပြီး သူ့ကို ပွဲထွက် ကစားခွင့် မိနစ်တွေ ပေးသွားမှာပါ ၊ အသင်းမှာ သူ့ကို လိုအပ်ပါတယ် ၊သူက အသင်း အတွက် သိပ်ကို အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်နေတာကြောင့်ပါ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SM