ဒါဝင်နူးနက်နဲ့ ဖာမီနို တို့ရဲ့ ဒဏ်ရာပြသနာ အခြေအနေတွေနဲ့ ကစားသမားသစ် ခေါ်ယူဖို့ အခြေအနေ ရှိမရှိကို ဖြေကြားလိုက်တဲ့ ကလော့

 

ယာဂန်ကလော့က ဒါဝင်နူးနက်ဟာ မနက်ဖြန် ဘရိုက်တန်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပါဝင်ကစားနိုင်ရန် သေချာမှု မရှိဘူးလို့ အတည်ပြုလိုက်ပါတယ်။ ဥရုဂွေး တိုက်စစ်မှုးဟာ ဒီတစ်ပတ်မှာ အသင်းနဲ့အတူ လေ့ကျင့်ခန်း ဆင်းနိုင်ခြင်း မရှိခဲ့ပေမယ့် ကလော့က နူးနက်ရဲ့ ဒဏ်ရာဟာ ပြင်းထန်မှုတော့ မရှိဘူးလို့ ဝန်ခံလိုက်ပါတယ်။

ဒါပေမယ့်လည်း လီဗာပူး မန်နေဂျာက နူးနက်ဟာ ဘရိုက်တန်ကွင်းမှာ ကစားရမယ့် ပွဲစဉ်အတွက်ကိုတော့ အသင့် မဖြစ်နိုင်ဘူးလို့ ဆိုလိုက်ပါတယ် ။

ဘရိုက်တန်နဲ့ ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ကလော့က “အကယ်၍ သူ ဒီညနေမှာ အသင်းနဲ့အတူ လေ့ကျင့်ခန်း မဆင်းနိုင်ခဲ့ဘူးဆိုရင်တော့ ဘရိုက်တန်နဲ့ ပွဲကို လွဲချော်မှာ သေချာသွားပါပြီ။ ကျနော်တို့ဟာ သူ့ရဲ့ ကြံ့ခိုင်မှုအခြေအနေနဲ့ ပက်သက်တဲ့ information ကို နားစွင့်နေပါတယ်။ သူဟာ ကြီးကြီးမားမား ဒဏ်ရာရခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လေ့ကျင့်ခန်း မဆင်းနိုင်ခဲ့တဲ့ အထိတော့ ဖြစ်ခဲ့ပါတယ်။ ဒ့ါကြောင့် ကျနော်တို့ စောင့်ကြည့်သွားရမှာပါ။”

 

လီဗာပူးဟာ တိုက်စစ်ပိုင်းမှာ လူးဝစ်ဒီယက်နဲ့ ဒီယိုဂိုဂျိုတာ တို့ကို လအနည်းငယ် လက်လွှတ်သွားရမှာ ဖြစ်ပြီး ကနဦးက အသေးစား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုထားခဲ့တဲ့ ရော်ဘတ်တိုဖာမီနို ကလည်း အခုထိ ပြန်မလာနိုင်သေးဘဲ ဖြစ်နေခဲ့ပါတယ်။

ဖာမီနိုရဲ့ return ဟာ ဘာ့ကြောင့် ထင်ထားတာထက် ကြာနေရသလဲဆိုတာကို ကလော့က “အစပိုင်းတုန်းက ၁၀ ရက် ၊ ၁၄ ရက်လောက်သာ နားရမယ့် အသေးစား ဒဏ်ရာပြသနာ ဖြစ်ခဲ့ပါတယ်။ ကျွမ်းကျင်သူ အားလုံးက ဘာလုပ်ရမလဲဆိုတာ ကျနော်တို့ကို ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘော်ဘီသာ တစ်စုံတစ်ရာကို ပြန်လည် ခံစားခဲ့ရပါတယ်။ သူ ဘယ်အချိန် ပြန်လာမလဲဆိုတာ ကျနော် အတိအကျ မသိပါဘူး။ ဒါပေမယ့် သူဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းဖို့ အတွက်ကတော့ နီးစပ်မှု မရှိပါဘူး။” လို့ ဆိုလိုက်ပါတယ် ။

လီဗာပူးဟာ လက်ရှိ ဇန်နဝါရီ အအပြောင်းအရွေ့ဈေးကွက်မှာ တိုက်စစ်ပိုင်းကို PSV က ကိုဒီဂတ်ပိုကို ခေါ်ယူကာ အင်အား ဖြည့်တင်းထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီိရာသီမှာ လီဗာပူးရဲ့ အဓိက ပြသနာဟာ တိုက်စစ်ပိုင်း မဟုတ်ဘဲ တစ်ချိန်ကလို high pressing ၊ counter pressing နဲ့ ပြိုင်ဘက်ရဲ့ တိုက်စစ်လမ်းကြောင်းကို ကွင်းလယ်ပိုင်းကနေ ကောင်းကောင်း တားဆီးနိုင်ခြင်း မရှိတော့တဲ့ ကွင်းလယ်ပိုင်းပဲ ဖြစ်ပါတယ်။

ဒါ့အပြင် မီနာ ကီတာ ချိန်ဘာလိန် တို့ဟာ ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ကြတော့မယ့်အပြင် ခြေစွမ်းကျလာခဲ့တဲ့ ဖာဘင်ညို နဲ့ ဟန်ဒါဆန် ၊ အားကိုးလို့ မရ‌‌သေးတဲ့ အယ်လီယော့ ကာတစ်ဂျုံး တို့ကြောင့် လီဗာပူး အနေနဲ့ ဒီနေရာကို အားဖြည့်သွားရန် လိုအပ်နေပါတယ်။ လီဗာပူး ပရိတ်သတ်တွေကလည်း လက်ရှိ အပြောင်းအရွေ့ဈေးကွက်မှာ အသင်းကို အနည်းဆုံး ကွင်းလယ်လူ တစ်ဦး ခေါ်ယူစေချင်‌နေကြပါတယ်။

အသင်းဟာ လက်ရှိအချိန်မှာ ယိုင်နဲ့မှုတွေ ရှိနေပေမယ့်လည်း ယာဂန်ကလော့ ကတော့ လီဗာပူး အနေနဲ့ ဒီ ဇန်နဝါရီမှာ နောက်ထပ် ကစားသမား ခေါ်ယူဖို့ အခြေအနေ မရှိဘူးလို့ ဆိုလိုက်ပါတယ် ။

ယာဂန်ကလော့က “အသင်းရဲ့ လက်ရှိ အနေအထား ကတော့ မြင်တဲ့ အတိုင်းပါပဲ။ ကျနော်တို့ရဲ့ တိုက်စစ်ပိုင်းမှာ အဓိက ကစားသမား ၄ ဦး ဒဏ်ရာရရှိနေပါတယ်။ ဒီအတွက်နဲ့ ကျနော်တို့ ဈေးကွက်ထဲ ဝင်သွားမှာ မဟုတ်ပါဘူး။ ဒီကစားသမားတွေ ပြန်လာတဲ့အခါမှာ ကစားသမား တစ်ချို့ကို ချန်ပီယံလိဂ် လူစာရင်းကနေတောင် ထုတ်သွားရနိုင်ပါတယ်။

ကျနော်ကတော့ ဒီလူလိုတယ် ဟိုလူလိုတယ် ဆိုပြီး တောက်လျှောက် ပြောနေမှာ မဟုတ်ပါဘူး။ ကျနော်ရဲ့ အလုပ်က ရှိတဲ့လူနဲ့ အလုပ်လုပ်သွားဖို့ ဖြစ်ပါတယ်။ အခုလက်ရှိ တိုက်စစ်ပိုင်းမှာ ရွေးချယ်စရာ သိပ်မရှိပါဘူး။ လူငယ်တွေပဲ ရှိပါတယ်။ အိမ်မက် ကမ္ဘာ့မှာတော့ ကျနော့်အနေနဲ့ လူတွေ ဝယ်ယူသွားမှာပေါ့ဗျာ။ ဒါပေမယ့် ဒီလို ဖြစ်လာလိမ့်မယ်လို့ ကျနော် မမြင်မိပါဘူး” လို့ပြောသွားပါတယ်။

SM