မန်ချက်စတာဒါဘီအတွက် မန်စီးတီး အသင်းသားတွေကို အပြင်းအထန် သတိပေးလိုက်တဲ့ ပက်

 

ပက်ဂွာဒီယိုလာက အကယ်လို့များ သူတို့သာ ဆောက်သမ်တန်နဲ့ ပွဲစဉ်ကလိုမျိုး performance ကို ထပ်မံပြသခဲ့မယ် ဆိုရင် လာမည့် စနေနေ့ မန်ချက်စတာဒါဘီမှာ လုံး၀ အခွင့်အရေး ရှိမှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။ စီးတီးဟာ မနေ့ညက ဆောက်သမ်တန်နဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ပွဲအစအဆုံး ကစားပုံ ဆိုးရွားခဲ့ပြီး အထူးသဖြင့် ပထမပိုင်းမှာ ဘောလုံး ပေးပို့မှု အမှားတွေ အများကြီး ဖြစ်ခဲ့တဲ့ အပြင် ပေါ့လျော့တဲ့ ကစားပုံကနေ ၂ ဂိုး ခွင့်ပြုခဲ့ရပါတယ်။

မန်စီးတီးဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဦးဆုံး အကြိမ် shot on target တစ်ကြိမ်မှ မရဘဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး ၎င်းတို့ရဲ့ တစ်ပွဲလုံး ကစားပုံကလည်း နောက်တဆင့်ကို တက်ရန် ထိုက်တန်မှု မရှိခဲ့ပါဘူး။ စီးတီးဟာ လာမည့် ပွဲစဉ်မှာတော့ ၈ ပွဲဆက်တိုက် အနိုင်ရထားကာ အကောင်းဆုံး ပုံစံကို ပြသနေတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းကို ကစားရမှာ ဖြစ်ပါတယ်။

ဂွာဒီယိုလာက သူ့ရဲ့အသင်းသာ ဆောက်သမ်တန်နဲ့ ပွဲစဉ်ကလိုမျိုး ထပ်ကစားသွားခဲ့မယ် ဆိုရင် ယူနိုက်တက်တို့ ဒါဘီမှာ အနိုင်ရသွားမှာ ဖြစ်တယ်လို့ ၀န်ခံလိုက်ပြီး ဒီရှုံးနိမ့်ခဲ့မှုဟာ တစ်ဦးချင်း အမှားတွေထက်စာရင် တစ်သင်းလုံး ပုံစံကောင်း မရမှုနဲ့ ပိုပြီး သက်ဆိုင်တယ်လို့ ဆိုခဲ့ပါတယ်။

ပက်က “လာမည့် ပွဲစဉ်ဟာ မတူညီတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့ ဒီပုံစံမျိုး ထပ်ကစားသွားခဲ့မယ် ဆိုရင် လုံး၀ အခွင့်အရေး ရှိမှာ မဟုတ်ပါဘူး။ ယူနိုက်တက်တို့ ဒီအချိန်မှာ ဘယ်လို အခိုက်အတန့်ကို ပိုင်ဆိုင်နေသလဲ ဆိုတာ ကျနော် သိပါတယ်။ နှစ်ပေါင်းများစွာ သူတို့ဟာ ဒီလို အနေအထားမှာ ရှိနေဖို့ အတွက် မျှော်လင့်နေခဲ့တာပါ။ ကျနော်တို့ ဒီထက်ပိုကောင်းအောင် ကစားသွားရန် ဘာလုပ်ရမလဲ ဆိုတာ ကောင်းကောင်း သိပါတယ်။ ကျနော်တို့ ဒီလို လုပ်ဖို့ ကြိုးစားသွားမှာပါ။” လို့ ဆိုလိုက်ပါတယ်။

 

ဆောက်သမ်တန်ကို ရှုံးနိမ့်ခဲ့မှုနဲ့ ပက်သက်ပြီး ပက်က “အကောင်းဆုံး အသင်းက အနိုင်ရခဲ့တာပါ။ သူတို့က ပိုကောင်းခဲ့ပါတယ်။ ကျနော်တို့ ကတော့ ကစားပုံ မကောင်းတဲ့ည ဖြစ်ခဲ့ကာ သူတို့က ကောင်းကောင်း ကစားခဲ့ပါတယ်။ ကျနော်တို့ တာထွက်ဆိုးခဲ့ပါတယ်။ သူတို့ ကောင်းကောင်း perform လုပ်သွားခဲ့ပါတယ်။ နောက်တဆင့်ကို တက်ရောက်ဖို့ အတွက် ထိုက်တန်တဲ့ စွမ်းဆောင်ရည်ကို ပြသရမှာပါ။ ဒီနေ့မှာတော့ ဒီလိုမျိုး မဟုတ်ခဲ့ပါဘူး။ ဆောက်သမ်တန်ဟာ ဒီပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်ဖို့ အတွက် ထိုက်တန်မှု ရှိပါတယ်။

ဒါဟာ ဆိုးရွားတဲ့ည ဖြစ်ပါတယ်။ ကျနော် သူတို့အကြောင်းကို ကောင်းကောင်း သိပါတယ်။ ကျနော်တို့ဟာ ကိုယ့်ရဲ့ ပုံမှန် အနေအထားမှာ ရှိမနေပါဘူး။ ချဲလ်ဆီးနဲ့ ကစားခဲ့ပြီး ၃ ရက်အကြာမှာ ကစားပုံက ခြားနား သွားပါတယ်။ ဘာမှ ပြောစရာ မရှိပါဘူး။ သူတို့က ပိုကောင်းခဲ့ပါတယ်။ ကျနော်တို့ သူတို့ကို ဂုဏ်ပြုကာ ဒီရှုံးပွဲကို လက်ခံသွားရမှာပါ။ မန်ချက်စတာစီးတီး အတွက် ကိုယ်စားပြု ကစားတဲ့ အခါမှာ ကျနော်တို့ အနေနဲ့ ပွဲတိုင်းကို အကောင်းဆုံး ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဒီနေ့မှာ ကျနော်တို့ ဒီပွဲကို ကစားဖို့ အသင့် ဖြစ်မနေခဲ့ပါဘူး။” လို့ ဆိုလိုက်ပါတယ်။

SM