ဂရေဟမ် ပေါ်တာ လက်အောက်မှာ ချဲလ်ဆီး flop တဦး အနာဂတ် ရှိနိုင်သေးတယ်လို့ သုံးသပ်လိုက်တဲ့ ဟက်ဆယ်ဘိန့်ခ်

 

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ နွေရာသီ စျေးကွက် အတွင်း ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅ သန်းနဲ့ ခေါ်ယူခဲ့ပြီး ၊ ၅နှစ်အထိ အားကိုးတကြီးနဲ့ စာချုပ်ချုပ်ခဲ့ပေမယ့် ၊ ရာသီဝက် အတွင်းမှာတင် ၄င်းနဲ့ ပတ်သက်ပြီး စိတ်ပျက်စရာတွေက ပိုများခဲ့ပါတယ် ။

အသက် ၂၉နှစ် အရွယ်ရှိ လူကာကူဟာ ၂၀၂၁ ခုနှစ် ခရစ်စမတ် မတိုင်ခင် ထွက်ပေါ်ခဲ့တဲ့ လူမုန်းချင်စရာ အင်တာဗျူး တခုမှာ အင်တာမီလန်သို့ ပြန်ပြောင်းချင်တဲ့ အကြောင်းနဲ့ နည်းပြဟောင်း သောမတ်စ် တူချယ်ရဲ့ နည်းစနစ်တွေ အပေါ် ပေါ်တင် ဝေဖန်သွားခဲ့ပါတယ် ။

ဒါနဲ့ ပတ်သက်ပြီး လူကာကူက တရားဝင် တောင်းပန်ခဲ့တဲ့ အပြင် ၊ တူချယ်ကလည်း ၄င်းကို တတ်နိုင်သလောက် အခွင့်အရေးတွေ ပေးခဲ့ပေမယ့် ၊ ၄င်းရဲ့ ခြေစွမ်းက လုံးဝ တိမ်မြုပ် ပျောက်ကွယ်သွားတာ အခုအချိန် အထိ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ နွေရာသီ စျေးကွက် အတွင်းမှာတော့ လူကာကူဟာ အသင်းဟောင်း အင်တာမီလန်သို့ ယူရို ၈သန်း ၊ တရာသီ အငှားထွက်ခဲ့ပြီး ၊ ၄င်းရဲ့ ယခင် ခြေစွမ်းကို ပြန်ရှာဖို့ ကြိုးစားပေမယ့် ၊ ဒဏ်ရာ ပြဿနာ ၊ ကြံ့ခိုင်မှု ပြဿနာတွေကြောင့် အခုအချိန် ပြိုင်ပွဲစုံ ၇ပွဲကစား ၂ဂိုးသာ ရထားပါသေးတယ် ။

သို့ပေမယ့် ၄င်း အင်တာမီလန်သို့ ပြောင်းခဲ့အပြီး လပိုင်း အကြာမှာပဲ ချဲလ်ဆီး အသင်း နည်းပြ အပြောင်းအလဲ ဖြစ်ခဲ့ပြီး ၊ တူချယ် အစား ဘရိုက်တန် နည်းပြဟောင်း ဂရေဟမ် ပေါ်တာက လွှဲပြောင်းတာဝန်ယူထားတာ ၄လဝန်းကျင် ရှိလာပါပြီ ။ ဒီအတွက်ကြောင့် လာမယ့် ရာသ်ီမှာ လူကာကူ အဖို့ ချဲလ်ဆီးမှာ တဖန် ပြန်ထွန်းတောက်ခွင့် ရလာမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဂျင်မီဖလွိုက်ဒ် ဟက်ဆယ်ဘိန့်ခ်ကတော့ လူကာကူဟာ လာမယ့် ရာသီ ၄င်းရဲ့ အသင်းဟောင်းမှာ အခွင့်အရေး နောက်တကြိမ် ပြန်ရနိုင်ပေမယ့် ၊ သူ ကိုယ်တိုင်က အသင်းပြောင်းချင်ရင်တော့ ကလပ်ဖက်က ငြင်းပိုင်ခွင့် မရှိကြောင်း BetWay နဲ့ တွေ့ဆုံခဲ့ရာမှာ အခုလိုပဲ သုံးသပ်ခဲ့ပါတယ် ။

ဟက်ဆယ်ဘိန့်ခ် က ” ပုံစံကောင်း ပိုင်ဆိုင်ထားတဲ့ လူကာကူဟာ ချဲလ်ဆီး အတွက် တွန်းအား တရပ် ဖြစ်စေနိုင်ပါတယ် ။ ဒါပေမယ့် သူသာ ခံယူချက် မမှန်နေဘူး ၊ အသင်း အတွက် ပေးဆပ် ကစားလိုစိတ် မရှိဘူးဆိုရင်တော့ သူ့ကို ပေးသွားလိုက်တာ ပိုကောင်းပါတယ် ။ ”

” ပြဿနာက လူကာကူဟာ ဒီရာသီ အင်တာမှာ ဒဏ်ရာနဲ့ လုံးပန်းနေရပြီး ကစားခွင့် သိပ်မရထားတာပါပဲ ။ ကျွန်တော် သိသလောက်တော့ သူဟာ ချဲလ်ဆီးမှာ မနေချင်တော့ဘူးလို့ ပြောခဲ့ဖူးပြီး ၊ ကစားသမား တယောက်က ဒီလို ပြောနေရင်တော့ ကလပ်ဖက်မှာ ဘာရွေးချယ်ခွင့်မှ မရှိပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

လူကာကူဟာ ပြီးခဲ့တဲ့ ကာတာ ကမ္ဘာ့ဖလားမှာ ဒဏ်ရာရလျက်နဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် အသင်းမှာ အရွေးခံခဲ့ရကာ ၊ ခရိုအေးရှားနဲ့ အုပ်စု နောက်ဆုံးပွဲမှာ ဒုတိယပိုင်း တပိုင်းလုံး လူစားဝင် ကစားခွင့် ရခဲ့ပြီး အပိုင်အခွင့်အရေး အချို့ လက်လွတ်စပယ် ဖြုန်းတီးခဲ့တာကြောင့် ဘယ်လ်ဂျီယမ်တို့ အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပါတယ် ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ မွန်ဇာနဲ့ စီးရီးအေပွဲမှလည်း လူကာကူ တယောက် နာရီဝက်ခန့် လူစားဝင်ခွင့် ရခဲ့ပေမယ့် လုံးဝ ခြေမပေါ်ခဲ့ပါဘူး ။ အင်တာမီလန် ဂန္တဝင် ဘတ်ပီ ဘာဂိုမီကတော့ ၄င်းရဲ့ ခြေစွမ်းက ရှက်စရာကောင်းကြောင်း ဝေဖန်ရင်း ၊ ကမ္ဘာ့ဖလား စိတ်ဒဏ်ရာကို ယင်းဘယ်လ်ဂျီယမ်သား ဖြေဖျောက်မရသေးကြောင်း သုံးသပ်ခဲ့ပါတယ် ။

 

Sky Italia နဲ့ တွေ့ဆုံခဲ့ရာမှာ ဘာဂိုမီ က ” လူကာကူဟာ မွန်ဇာနဲ့ ပွဲမှာ လူစားဝင် ကစားခဲ့ပေမယ့် ၊ သူ့ရဲ့ စွမ်းဆောင်ရည်က ရိုးရိုးရှင်းရှင်းနဲ့ကို ရှက်စရာကောင်းပါတယ် ။ သူဟာ ဘောလုံးလည်း မထိန်းနိုင်သလို ၊ တခုခုကို ကြောက်နေတဲ့ပုံ ပေါက်နေပါတယ် ။ ”

” ဒါက သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အားနည်းတာလား ၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အားနည်းတာလား ဆိုတာ ကျွန်တော် မသိတော့ပါဘူး ။ ကြည့်ရတာတော့ သူဟာ ကမ္ဘာ့ဖလားမှာ ကြုံခဲ့ရတဲ့ စိတ်ဒဏ်ရာကို အခုထိ သယ်ဆောင်လာတုန်းပဲ ကျွန်တော် ခံစားရပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR