ရော်နယ်ဒိုဟာ မန်ယူနိုက်တက် ကစားသမား နှစ်ဦးကို မကောင်းတဲ့ သက်ရောက်မှု ရှိ‌စေခဲ့တယ်လို့ ဆိုလိုက်တဲ့ လီဗာပူးဟီးရိုး ဂျွန်ဘန်း

 

အင်္ဂလန်နဲ့ လီဗာပူး တောင်ပံကစားသမား ဖြစ်သူ ဂျွန်ဘန်းက ခရစ်စတီယာနိုရော်နယ်ဒိုဟာ အိုးထရပ်ဖို့ဒ်မှာ ကစားခဲ့တဲ့ ကာလအတွင်းမှာ မန်ချက်စတာယူနိုက်တက် ကစားသမားနှစ်ဦး အပေါ် မကောင်းတဲ့ သက်ရောက်မှု ရှိစေခဲ့တယ်လို့ ဆိုလိုက်ပါတယ် ။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ပီယာမော်ဂန် နဲ့ အငြင်းပွားစရာ အပြည့်နဲ့ အင်တာ‌ဗျူးကို လုပ်ခဲ့ကာ အဆိုပါ အင်တာဗျူး အတွင်းမှာ ယူနိုက်တက် ကလပ်ပိုင်ရှင် နဲ့ နည်းပြ အဲရစ်တန်းဟတ် တို့ကို ဝေဖန်မှုတွေ လုပ်ခဲ့ပါတယ်။

အဲဒီနောက် ယူနိုက်တက်နဲ့ ရော်နယ်ဒို တို့ဟာ နှစ်ဦးသဘောတူ လမ်းခွဲမှုကို ပြုလုပ်ခဲ့ကြပါတယ်။ ပေါ်တူဂီ လက်ရွေးစင်ဟာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လက အိုးထရပ်ဖို့ဒ်ကို ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အတွက် ပြိုင်ပွဲစုံမှာ ၂၄ ဂိုးထိ သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့တာကြောင့် ရော်နယ်ဒိုဟာ နွေရာသီမှာ ကလပ်ကနေ ထွက်ခွာရန် တောင်းဆိုခဲ့တဲ့အပြင် အိုးထရပ်ဖို့ဒ်မှာ ဆက်ရှိနေချိန်မှာလည်း ပွဲထွက်ကစားသမားစာရင်း ကနေ တန်းဟတ်ရဲ့ ချန်လှပ်မှုကို ခံခဲ့ရချိန်မှာလည်း မကောင်းတဲ့ တုန့်ပြန်မှုတွေ လုပ်ခဲ့ပါတယ်။

ဘန်းက ရော်နယ်ဒိုဟာ အိုးထရပ်ဖို့ဒ်မှာ တအားကို အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ပေးခဲ့တဲ့ အပြင် မားကပ်ရပ်ဖို့ဒ်နဲ့ ဂျေဒွန်ဆန်ချို တို့ ရုန်းကန်ခဲ့ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်တယ်လို့လည်း ယုံကြည်နေပါတယ်။ ရပ်ဖို့ဒ်ဟာ ဒီိရာသီမှာ အကောင်းဆုံး ပုံစံကို ပြသနေပေမယ့်လည်း မနှစ်ကတော့ ပုံစံကောင်း မပြသနိုင်ခဲ့ကာ ကလပ်မှာ အနာဂတ်က မရေမရာ ဖြစ်ခဲ့ပါတယ်။ ဆန်ချိုကလည်း ဒေ့ါမွန်ကနေ ပေါင် ၇၃ သန်းနဲ့ ရောက်လာပြီးနောက် တောက်လျှောက် ရုန်းကန်‌နေရကာ ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ပိုင်း သရဲနီတို့အတွက် ကစားခွင့် မရသေးပါဘူး။

ဘန်းက “ရပ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက် အတွက် အရမ်းကို ကောင်းတဲ့ ကစားသမား ဖြစ်လာမှာပါ။ ရပ်ဖို့ဒ် အနေနဲ့ တောင်ပံတွေကနေ အတွင်းကို ချိုးဝင်ကာ ပွဲကို သက်ရောက်မှု ပေးသွားမယ့် ပုံစံမျိုး ဆက်လက် ကစားသွားဖို့ အာရုံစိုက်သွားရမှာပါ။ သူဟာ အထောင် တိုက်စစ်မှုး မဟုတ်ပါဘူး။ ဒါဟာ သူ့ရဲ့ game မဟုတ်ပါဘူး။ သူ အခုလို ခြေစွမ်းပြ ကစားနေတဲ့ အပေါ် ကျနော် ကျေနပ်မိပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ပြီးခဲ့တဲ့ရာသီက ဟာမိုနီ လုံးဝ မဖြစ်တဲ့ မန်ယူနိုက်တက် အသင်းဟာ အရမ်းကို ခက်ခဲတဲ့ ကာလတွေကို ဖြတ်သန်းခဲ့ရလို့ ဖြစ်ပါတယ်။

ယူနိုက်တက်မှာ ဂျေဒွန်ဆန်ချိုကလည်း အခုထိ ပြန်မလာသေးပါဘူး။ ကစားသမား ဘဝ ပြန်လည် နိုးထလာစေရန် ဆန်ချိုကို အခွင့်အရေးပေးတာကို ကျနော် မြင်ချင်ပါတယ်။ ကျနော်ကတော့ ရော်နယ်ဒိုဟာ အိုးထရပ်ဖို့ဒ်မှာ ရှိနေတဲ့ ကာလအတွင်းမှာ ဒီကစားသမားတွေ အပေါ် အရမ်းကို အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ပေးခဲ့ပါတယ်။ သူ့ရဲ့ presence ကြောင့် ဖြစ်ပါတယ်။ သူ့ရဲ့ လွှမ်းမိုးမှုကြောင့် ကစားသမား တော်တော်များများဟာ နောက်ပြန်ဆွဲသွားခဲ့ပါတယ်။ ရပ်ဖို့ဒ်အတွက် ကျနော် ဝမ်းမြောက်မိပြီး ဆန်ချိုကိုလည်း သူဘာလုပ်နိုင်သလဲဆိုတာ ပြသနိုင်ရန် အခွင့်အရေးပေးတာကို ကျနော် အလိုရှိပါတယ်။

ကလပ်သစ်ကို ပြောင်းရွေ့ချိန်မှာ အစမကောင်းခဲ့ဘူးဆိုရင် ခက်ခဲပါတယ်။ အထူးသဖြင့် ပေါင်သန်း ၈၀ ဆိုတဲ့ ပြောင်းရွေ့ကြေးကြောင့်ပေါ့။ ဆန်ချိုဟာ ကြီးမားတဲ့ အလားအလာ ရှိနေသူ ဖြစ်တာကြောင့် သူ့ကို မကြာခင် အသင်းမှာ နေရာပြန်ပေးဖို့ မျှော်လင့်မိပါတယ်။ သုဟာ ကြီးမားတဲ့ အလားအလာ ရှိနေသူ ဖြစ်တာကြောင့် ပရိတ်သတ်တွေကလည်း သူ့ကို ထောက်ခံအားပေးသွားရမှာပါ။

ရပ်ဖို့ဒ်နဲ့ ခြားနားသွားချက်က ရပ်ဖို့ဒ်ဟာ ယူနိုက်တက် ကစားသမားဘဝ အစောပိုင်းနှစ်တွေက ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ သူဟာ အကယ်ဒမီထွက် ကစားသမား ဖြစ်တာကြောင့် ခြေစွမ်းအနည်းငယ် ကျဆင်းမှုတွေ ရှိခဲ့တာတောင် ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရခဲ့ပါတယ်။ ပရိတ်သတ်တွေက သူ့ကို အမြဲတမ်း အခွင့်အရေးပေးသွားဖို့ အသင့်ပါပဲ။” လို့ပြောသွားပါတယ်။

SM