ချဲလ်ဆီး ပရိသတ်တွေရဲ့ ငြိုငြင်မှုကို ခံနေရတဲ့ ဂရေဟမ် ပေါ်တာဟာ အချက် ၂ချက်မှာ ကံဆိုးနေကြောင်း စာနာနှစ်သိမ့်စကား ပြောလာတဲ့ ပေါလ်မာဆင်

ပရီးမီးယားလိဂ် အင်အားကြီး Big 6 ကလပ်တွေ အနက် ချဲလ်ဆီး အသင်းဟာ အခြေအနေ အဆိုးရွားဆုံး ဖြစ်နေပြီး ၊ ၄င်းတို့ဟာ ပြည်တွင်း ရှုံးထွက်ဖလား ပြိုင်ပွဲ ၂ခုမှာ တတိယအဆင့်ကနေ စောစောစီးစီး နှုတ်ဆက်ထားရသလို ၊ ပရီးမီးယားလိဂ်မှာလည်း အဆင့် ၁၀ နေရာမှာ ရှိနေပါတယ် ။

အဆင့် ၄ နေရာက မန်ချက်စတာ ယူနိုက်တက်နဲ့ ၁၀မှတ် အထိ ကွာဟနေတာကြောင့် ချဲလ်ဆီးတို့ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ အတော် မလွယ်ကူတော့ပါဘူး ။ ထိုအတွက်ကြောင့် ချန်ပီယံလိဂ်မှာသာ နောက်ထပ် မြင့်မားတဲ့ အဆင့်တွေအထိ တက်ရောက်ဖို့သာ ၄င်းတို့အတွက် အဓိက အာရုံစိုက်စရာ ဖြစ်လာနိုင်ပါတယ် ။

လက်ရှိ နည်းပြ ဂရေဟမ် ပေါ်တာဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၈ပွဲမှာ တပွဲသာ အနိုင်ရအောင် စွမ်းဆောင်ပေးထားပြီး ၊ နောက်ဆုံး ကစားခဲ့တဲ့ မန်စီးတီးနဲ့ အက်ဖ်အေဖလား ပွဲအပြီးမှာ ချဲလ်ဆီး ပရိသတ်တွေထံကနေ အကြီးအကျယ် ငြိုငြင်မှုကို ခံခဲ့ရပါတယ် ။

အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင်ကတော့ ဂရေဟမ် ပေါ်တာဟာ ဖိအားတွေ ရှိနေချိန် ၊ ဒဏ်ရာ ပြဿနာ ၊ ပွဲစဉ်ဇယားတွေမှာပါ ကံဆိုးနေခဲ့ကြောင်း စာနာစကား ပြောခဲ့ပေမယ့် ၊ ရှေ့ဆက် ရလဒ်ကောင်းတွေ မစွမ်းဆောင်နိုင်ရင်တော့ ပရိသတ်တွေရဲ့ အသံကြောင့် ရာထူးဆက်မြဲဖို့ လွယ်မှာ မဟုတ်ကြောင်း သတိပေးသွားပါတယ် ။

Sky Sports နဲ့ တွေ့ဆုံခဲ့ရာမှာ ပေါလ်မာဆင် က ” အရိုးသားဆုံး ထင်မြင်ချက် ပေးရရင် ဂရေဟမ် ပေါ်တာဟာ အတော် ဆိုးဆိုးရွားရွား ကံဆိုးနေတာလို့ ကျွန်တော် ထင်ပါတယ် ။ သူတို့ ချဉ်းကပ် ကစားတဲ့ ၃ယောက်တန်း ခံစစ ကစားကွက်ဟာ wing-back ကောင်းကောင်း လိုအပ်ပါတယ် ။ ”

” ဒါပေမယ့် ရိစ်ဂျိမ်းစ်နဲ့ ဘန်ချေဝဲလ်တို့ဟာ ဒဏ်ရာ ရနေကြပြီး ၊ သူတို့မှာ တိုက်စစ်မှူးကောင်းလည်း တယောက်မှ ရှိမနေပါဘူး ။ ကျွန်တော်ကတော့ သူ အချိန်ပေးခံရဖို့ မျှော်လင့်ပါတယ် ။ ဘာလို့လဲဆိုတော့ သူဟာ အရည်အချင်း မရှိတဲ့ မန်နေဂျာ တဦး အသွင်ဆီ နေ့ချင်ညချင်း ပြောင်းလဲသွားတယ် ဆိုတာကို ကျွန်တော် မယုံကြည်လို့ပါ ။ ”

” လက်ရှိ ချဲလ်ဆီးမှာ ဒဏ်ရာ ပြဿနာ အများကြီး ရှိနေတာကြောင့် သူ့ရဲ့ လောလောလတ်လတ် စွမ်းဆောင်ရည်ကို အကဲဖြတ်ရ ခက်ပါတယ် ။ ပိုဆိုးတာက ခင်ဗျား ဒုက္ခရောက်နေတဲ့အချိန် နောက်လိုက်လာတာတွေက ခက်ခဲတဲ့ ပွဲတွေ ဖြစ်နေတာပါပဲ ။ ”

” ခင်ဗျားဟာ ဖောရက်စ်နဲ့ ပွဲမှာ အနိုင်ရဖို့ ပက်ပက်စက်စက် လိုအပ်ခဲ့ပါတယ် ၊ ဖောရက်စ်ကို ကျွန်တော် မလေးစားတာ မဟုတ်ပါဘူး ။ ဒါပေမယ့် သူတို့ဟာ နိုင်ပွဲကို ဆက်မသယ်နိုင်ခဲ့ပါဘူး ။ အဲဒီအစား မန်စီးတီး ၂ပွဲဆက် တွေ့သွားပါတယ် ။ သူဟာ ဒဏ်ရာ ပြဿနာတွေနဲ့ရော ၊ ပွဲစဉ်ဇယားတွေနဲ့ပါ ကံမကောင်းနေတာလို့ ကျွန်တော် ထင်ပါတယ် ။ ”

” မန်စီးတီးကို ၂ပွဲဆက် တွေ့ပြီး ၊ တဖက်ကလည်း ခင်ဗျားမှာ ဒေါင်ဒေါင်မြည် ပွဲထွက်စာရင်း မရှိသလို ၊ ဖိအားတွေအောက် ရောက်နေတဲ့အခါ အရာရာဟာ ခင်ဗျား ဖြစ်ချင်တာနဲ့ လွဲမှာ အသေအချာပါပဲ ။ သူဟာ လိုအပ်တဲ့ နေရာမှာ လူငယ် ခြေတက်တွေနဲ့ ပြန်ဖြည့်ထားပြီး ၊ တချို့ကတော့ အားထားခဲ့ရပါတယ် ။ ”

” ဒါပေမယ့် ဒါက ခက်ခဲတဲ့ အခြေအနေ တရပ်ပါ ။ လက်ရှိ ချဲလ်ဆီးမှာ အများကြီး ပြုပြင် ပြောင်းလဲဖို့ ကျန်နေပါသေးတယ် ။ အထူးသဖြင့် တိုက်စစ်နေရာမှာပါ ။ ခင်ဗျားဟာ နောက်ခံလူတွေ အတွက် ငွေအများကြီး သုံးထားပေမယ့် ၊ ဂိုးမသွင်းနိုင်ရင် ဘာအောင်မြင်မှုမှ ရမှာ မဟုတ်ပါဘူး ။ ”

” အခုအချိန် ခေါ်လို့ရမယ့် တိုက်စစ်မှူးကောင်းဆိုလို့ ဘယ်သူတွေ ရှိသလဲ ဆိုတာ ကျွန်တော် မွှေနှောက် စဉ်းစားကြည့်ပေမယ့် ၊ စဉ်းစားနိုင်တဲ့ တိုက်စစ်မှူး ဆိုလို့ ဟယ်ရီကိန်းပဲ ရှိပါတယ် ။ ဒါပေမယ့် သူဟာ ချဲလ်ဆီးကို ပြောင်းချင်လိမ့်မယ်လို့ ကျွန်တော် မထင်သလို ၊ တော့တင်ဟမ်ကလည်း သူ့ကို ချဲလ်ဆီးဆီ ရောင်းမှာ မဟုတ်ပါဘူး ။ ”

” ဒါပေမယ့် တကမ္ဘာလုံး ပတ်ရှာရင်လည်း သူတို့ ခေါ်လို့ ရမယ့် တိုက်စစ်မှူးကောင်း ထင်ထင်ရှားရှား ရှိမနေပါဘူး ။ ဒါက ကြီးမားတဲ့ ပြဿနာ ဖြစ်ပါတယ် ။ ပရိသတ်တွေကလည်း သောမတ်စ် တူချယ်ရဲ့ နာမည်ကို ကွင်းတွင်းမှာ သံပြိုင်သီဆိုနေကြတာကြောင့် ကျွန်တော်ကတော့ ဂရေဟမ် ပေါ်တာ အတွက် စိုးရိမ်မိပါတယ် ။ အဆုံးမှာ ပရိသတ်တွေရဲ့ အသံကပဲ ခင်ဗျားကို အလုပ်ပြုတ်စေတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR