မြောက်လန်ဒန်ဒါဘီပွဲမှာ တော့တင်ဟမ် အသင်း ကစားသမား တစ်ဦးကို သတိထားရမယ်လို့ အာဆင်နယ် ကို သတိပေးလိုက်တဲ့ ဟယ်ရီရက်နပ်

 

စပါး အသင်း ရဲ့ နည်းပြဟောင်း ဟယ်ရီ ရက်နပ် က ဒီတစ်ပတ် မြောက်လန်ဒန် ဒါဘီပွဲမှာ အာဆင်နယ် အသင်း အနေနဲ့ တော့တင်ဟမ် အသင်း ရဲ့တိုက်စစ်မှူး ဟယ်ရီကိန်း ကို အထူး သတိထားသင့်တယ်လို့ ပြောကြား လိုက်ပါတယ် ။ ဟယ်ရီကိန်း ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ၁၈ ပွဲ ကစားပြီး ၁၅ ဂိုး သွင်းယူ ထားသူပါ ။

ဟယ်ရီရက်နပ် က Sky Sports မှာ ” ဒီအာဆင်နယ် အသင်းက သိပ်ကောင်းတယ် ဆိုတာ ကျနော် လုံးဝ ဝန်ခံပါတယ် ။ သူတို့ ကစားတာ တကယ့်ကို သဘောကျစရာပါ ၊ သူတို့ ဘောလုံး ကစားတာ တကယ့်ကို အံ့ဖွယ်ပါပဲ ၊ သူတို့ က ထိပ်တန်း တောင်ပံ ကစားသမား ၂ ဦး ပိုင်ဆိုင်ထားတော့ တိုက်စစ် ဆင်တိုင်း အတော်မြန်ပါတယ် ။ ”

” အော်ဒီဂတ် ကလည်း တကယ့်ကို စွမ်းဆောင်ရည်ကောင်းတွေ ပြသ နေပါတယ် ၊ ကျနော် ကတော့ သူတို့ အခု ကစားနေတဲ့ ပုံစံကို နှစ်ခြိုက် သဘောကျပါတယ် ၊ အာဆင်နယ် အသင်း နဲ့ ပွဲမှာ အမှား သွားလုပ်လို့ မရပါဘူး ၊ ဒါကြောင့် အာဆင်နယ် နဲ့ ရင်ဆိုင်ရမယ့် ပြိုင်ဘ​က် အတွက် ခက်ခဲ ပါလိမ့်မယ် ၊ ဒီတစ်ကြိမ်တော့ သူတို့က ရေပန်းစားတဲ့ အသင်း ဖြစ်နေပါတယ် ။ ”

” ဒါပေမယ့် တော့တင်ဟမ် က အိမ်ကွင်းမှာဆို သွားရှုပ်လို့ မရတဲ့ အသင်း တစ်သင်းပါ ။ သူတို့ကို အနိုင်ယူ ကျော်ဖြတ်ဖို့ ခက်ခဲ ပါလိမ့်မယ် ၊ သူတို့မှာ ဟယ်ရီကိန်း လည်း ရှိပါတယ် ။ ဟယ်ရီကိန်း ကို ပိုင်ဆိုင်ထားတဲ့ အသင်းက ဘယ်အသင်း နဲ့ မဆို ရင်ဆိုင် ရတိုင်း နိုင်ဖို့ အခွင့်အရေး ရှိပါတယ် ၊ ကြည့်လို့ ကောင်းမယ့်ပွဲ ဖြစ်ပါလိမ့်မယ် ၊ ကျနော်ကတော့ ကြည့်ဖို့ မစောင့်နိုင်လောက်တော့အောင် ဖြစ်နေပါပြီ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

စပါး အသင်းရဲ့ ကစားသမား ဆွန်ဟောင်မင် ကတော့ သူ အပါအဝင် ကျန်တဲ့ အသင်းသားတွေ အားလုံး အာဆင်နယ် အသင်း အကြောင်း စိတ်မဝင်စားကြောင်း ဆိုလိုက်ပြီး အိမ်ကွင်းမှာ ပထမအကျော့ ရှုံးကြွေး ကို ပြန်ဆပ်ဖို့ပဲ ရည်မှန်းထားတယ်လို့ ပြောကြား ထားပါတယ် ။ အာဆင်နယ် အသင်းဟာ အမ်းမရိတ်မှာတုန်းက တော့တင်ဟမ် အသင်းကို ၃-၁ နဲ့ အနိုင်ယူ ခဲ့တာ ဖြစ်ပါတယ် ။

ပိုစ့်မောက် အသင်း ကို အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ သတင်းထောက် တစ်ဦးက အာဆင်နယ် အသင်း ထိပ်ဆုံး ရောက်နေတဲ့ အပေါ် ဘယ်လို မြင်သလဲလို့ ဆွန်ဟောင်မင် ကို မေးမြန်း ခဲ့ရာ ဆွန် ” I’m not interested ( သူတို့အကြောင်း ကျနော် စိတ်မဝင်စားပါဘူး ။ ”

” အဝေးကွင်းမှာ ကျနော်တို့ သူတို့ကို ရှုံးနိမ့် ခဲ့ပါတယ် ၊ ဒီတစ်ပတ် ပွဲမှာ ပိုကောင်းတဲ့ ပုံစံ ပြသနိုင်ဖို့ ကျနော်တို့ အိမ်စာတွေ အများကြီး လုပ်ရပါဦးမယ် ။အမ်းမရိတ်မှာ ရှုံးတုန်းက ပရိသတ်တွေ အတွက် အတော်လေး စိတ်ပျက်စရာ ဖြစ်ခဲ့တယ်လို့ ထင်ပါတယ် ၊ ဒါကြောင့် ကျနော်တို့ အိမ်ကွင်းမှာ ကြီးမားတဲ့ တာဝန် တစ်ခုကို ကျေပွန်အောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ် ။ ”

 

“အသင်းမှာ ရှိတဲ့ ကစားသမားတိုင်း လာမယ့် ပွဲအတွက် ရေကုန်ရေခန်း အားစိုက် ကြိုးစား ရမှာပါ ။ ကျနော်တို့ အဆင်သင့် ဖြစ်နေအောင် ပြင်ဆင် ရပါမယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ စပါး အသင်းဟာ လက်ရှိ အချိန်မှာ အမှတ်ပေး ဇယား အဆင့် ၅ နေရာ ရောက်နေပြီး အာဆင်နယ် နဲ့ ၁၁ မှတ် အထိ ကွာဟ နေပါတယ် ။

SM