ဂရေဟမ် ပေါ်တာ အပေါ် စိတ်ရှည်သည်းခံမှု ကုန်ဆုံးနေကြတဲ့ ချဲလ်ဆီး ပရိသတ်တွေထံ မက်ဆေ့ခ်ျ ပေးလိုက်တဲ့ ဟက်ဆယ်ဘိန့်ခ်

 

ချဲလ်ဆီး အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၈ပွဲမှာ တန်းတက် ဘုန်းမောက် တသင်းတည်းကိုသာ နိုင်ထားပြီး ၊ ၆ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ် ။ ဒါဟာ ပြီးခဲ့တဲ့ရာသီ ပြိုင်ပွဲစုံမှာ မျက်နှာပန်း လှခဲ့တဲ့ ချဲလ်ဆီး ပရိသတ်တွေ အဖို့ လက်ခံရခက်တဲ့ အနေအထား တရပ် ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ စက်တင်ဘာလမှ ယခင် နည်းပြဟောင်း သောမတ်စ် တူချယ် အစား ဝင်လာတဲ့ ဂရေဟမ် ပေါ်တာဟာ အစောပိုင်းမှာ အလားအလာကောင်းတဲ့ ကစားဟန် ၊ ရလဒ်တွေ ယူပြခဲ့့သလို ၊ ချန်ပီယံလိဂ်မှာလည်း အုပ်စုဗိုလ် နေရာကနေ ၁၆သင်း ရှုံးထွက်အဆင့်သို့ တက်လှမ်းနိုင်အောင် စွမ်းဆောင်ပေးထားပါတယ် ။

ထိုနောက်ပိုင်းမှာ ချဲလ်ဆီးတို့ ကစားပုံ ၊ ရလဒ်ပိုင်းတွေ သိသိသာသာ ထိုးကျလာတာနဲ့ အမျှ ကစားသမားတွေ ဒဏ်ရာရလာတာကလည်း တပတ်တခြား ပိုပိုတိုးလာပါတယ် ။ နောက်ဆုံး ကစားခဲ့တဲ့ မန်စီးတီးနဲ့ အက်ဖ်အေဖလား ပွဲဟာ ယခုနှစ် ရာသီ ချဲလ်ဆီးရဲ့ အဆိုးရွားဆုံး စွမ်းဆောင်ရည်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ် ။

စ ၊ လယ် ၊ ဆုံး နေရာစုံမှာ ချဲလ်ဆီးတို့ အားနည်းခဲ့ပြီး ၊ ကစားခွင့် ရတဲ့ အသင်းသားတွေကလည်း အသင်းလိုဂို ၊ ဂုဏ်သိက္ခာ အတွက်တောင် တိုက်ပွဲဝင်ခဲ့ခြင်း မရှိတဲ့ အနေအထား အထိ အရှက်ရဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်မျိုး ပြသခဲ့ပါတယ် ။

အီတီဟတ် အထိ လာရောက် အားပေးခဲ့တဲ့ အဝေးကွင်း ချဲလ်ဆီး ပရိသတ်တွေကတော့ ပိုင်ရှင်သစ် တော့ဒ်ဘိုလီနဲ့ နည်းပြသစ် ဂရေဟမ် ပေါ်တာတို့ရဲ့ လုပ်ပုံကိုင်ပုံ အပေါ် စိတ်ရှည်သည်းခံမှု ကုန်ဆုံးခဲ့ကြပြီး ၊ ထိုပွဲရဲ့ ဒုတိယပိုင်းမှာ ပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ခ်ျ ၊ နည်းပြဟောင်း သောမတ်စ် တူချယ်တို့ရဲ့ အမည်ကို သံပြိုင်သီဆိုခဲ့ကြပါတယ် ။

နောက်ဆုံး ၂၅နှစ် နောက်ပိုင်း ပထမဆုံး အကြိမ် အက်ဖ်အေဖလား တတိယအဆင့်ကနေ လက်ပြနှုတ်ဆက်ခဲ့ရသည့်တိုင် ၊ ချဲလ်ဆီး ပိုင်ရှင်တွေဟာ ဂရေဟမ် ပေါ်တာ အပေါ် ယုံကြည်မှု ရှိနေဆဲ ဖြစ်ပြီး ၊ ထောက်ပံ့မှုတွေ ဆက်ပေးသွားမယ်လို့လည်း သိရပါတယ် ။

ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဂျင်မီဖလွိုက်ဒ် ဟက်ဆယ်ဘိန့်ခ်ကတော့ ဂရေဟမ် ပေါ်တာ အပေါ် စိတ်ရှည်သည်းခံမှု ကုန်ဆုံးနေကြတဲ့ ပရိသတ်တွေ အနေနဲ့ ၄င်းဟာ ယခင် နည်းပြဟောင်း တူချယ်ရဲ့ ကစားသမားစာရင်းအား ကိုင်တွယ်နေရတာဖြစ်ပြီး ၊ ၄င်းအတွက် အထိုင်ကျရန် အချိန်ပေးဖို့ မက်ဆေ့ခ်ျပေးသွားခဲ့ပါတယ် ။

BetWay နဲ့ တွေ့ဆုံခဲ့ရာမှာ ဟက်ဆယ်ဘိန့်ခ် က ” ပရိသတ်တွေ အနေနဲ့ ဂရေဟမ် ပေါ်တာကို ချဲလ်ဆီးကနေ ထွက်ခွာဖို့ တောင်းဆိုနေတာက စိတ်အရမ်းလောရာ ကျနေပါတယ် ။ ဒါက မျှတမှု မရှိပါဘူး ။ သူဟာ ဒီကို မရောက်လာခင်ကတည်းက ပြဿနာပေါင်းများစွာ ရှိနေတဲ့ ဒီကစားသမားစာရင်းကို လက်ခံထားရတာပါ ။ ”

 

” ပေါ်တာကို ကျွန်တော်တို့ အချိန်ပေးဖို့ လိုပါမယ် ။ ပရိသတ်တွေ အနေနဲ့ သူ့အပေါ်မှာ စိတ်ရှည်သည်းခံဖို့ လိုပြီး ၊ ဒီမန်နေဂျာကို အလုပ်လုပ်ခွင့် ပေးရပါမယ် ။ ချဲလ်ဆီးဟာ ရလဒ်ကောင်းတွေ လိုအပ်နေပါတယ် ။ ဒါဟာ လောလောဆယ် သူတို့ ကြုံတွေ့နေရတဲ့ တခုတည်းသော ပြဿနာ ဖြစ်ပါတယ် ။ ”

” ခင်ဗျားဟာ အိမ်ကွင်းမှာ ကစားပုံ ကောင်းပြီး မန်စီးတီးကို ရှုံးတာ လက်ခံလို့ ရပေမယ့် ၊ နော်တင်ဟမ် ဖောရက်စ်ကို အဝေးကွင်းမှာ ဆိုးရွားတဲ့ ကစားပုံနဲ့ သရေကျခဲ့တာကိုတော့ လက်ခံလို့ မရပါဘူး ။ ဒါက ပြဿနာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ချဲလ်ဆီးဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲမှာ ၄င်းတို့ထက် ရပ်တည်မှု ပိုမြင့်နေတဲ့ လန်ဒန်ဒါဘီ ပြိုင်ဖက် ဖူလ်ဟမ် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ဖို့ ရှိပါတယ် ။

SPORTS MYANMAR