ချဲလ်ဆီးနဲ့ အပြောင်းအရွှေ့ ဆွေးနွေးမှု ပျက်ပြယ်ခဲ့တဲ့ အပေါ် အန်ဇို ဖာနန်ဒက်ဇ် ဘယ်လို တုန့်ပြန်ခဲ့လဲ ဆိုတာ ဖွင့်ဟလာတဲ့ ဘင်ဖီကာနည်းပြ ရော်ဂျာ ရှမစ်

 

လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလ အတွင်းမှာ ချဲလ်ဆီး အသင်းဟာ ခြေလှမ်းသွက်သွက်နဲ့ လှုပ်ရှားနေပြီး ၊ လူငယ် ကြယ်ပွင့် ၃ဦးဖြစ်တဲ့ ဘန်နွိုင်း ဘတ်ဒီယာရှီးလ် ၊ အန်ဒရေ ဆန်းတို့စ်နဲ့ ဒေးဗစ်ဒတ်ထရို ဖိုဖာနာတို့ကို ယူရိုသန်း ၅၀ ဝန်းကျင် အသုံးပြုကာ ခေါ်ယူထားပြီး ဖြစ်ပါတယ် ။

ဒီကြားထဲ ချဲလ်ဆီးဟာ ဘင်ဖီကာ အသင်းရဲ့ အာဂျင်တီးနား လက်ရွေးစင် ကြယ်ပွင့် ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ် ၊ ရှက်တာဒိုးနက်စ် အသင်းရဲ့ ယူကရိန်း ကြယ်ပွင့် တောင်ပံ ကစားသမား မစ်ဟိုင်လို မူဒရစ် ၊ အက်သလက်တီကို အသင်းရဲ့ ပေါ်တူဂီ လက်ရွေးစင် ကြယ်ပွင့် တိုက်စစ်ကစားသမား ယာအို ဖီးလစ်တို့ကို ခေါ်ယူဖို့ ဆွေးနွေးခဲ့ပါသေးတယ် ။

လောလောဆယ်မှာ ချဲလ်ဆီးဟာ ဖီးလစ်ကို ရာသီဝက် အငှားနဲ့ ခေါ်ယူဖို့ ယူရို ၁၁သန်းနဲ့ နှုတ်အားဖြင့် အက်သလက်တီကိုနဲ့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ် ။ မူဒရစ် အတွက် အပြောင်းအရွှေ့ ဆွေးနွေးမှု အခြေအနေက မသိရသေးပေမယ့် ၊ အန်ဇို ဖာနန်ဒက်ဇ် အတွက် ပြောင်းရွှေ့ကြေး ဆွေးနွေးမှုကတော့ ပျက်ပြယ်သွားခဲ့ပြီ ဖြစ်ပါတယ် ။

အသက် ၂၁နှစ် အရွယ်ရှိ အန်ဇိုဟာ ပြီးခဲ့တဲ့ ကာတာ ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ အာဂျင်တီးနား အသင်းရဲ့ ကွင်းလယ် အတွက် အထူး အရေးပါခဲ့ပြီး ၊ ထိုပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ် ကစားသမားဆုကိုပါ ဆွတ်ခူးခဲ့ပါတယ် ။

ပြီးခဲ့တဲ့ နွေရာသီမှာမှ ရေးဗားပလိတ် အသင်းကနေ ဘင်ဖီကာသို့ ပြောင်းရွှေ့ အခြေချခဲ့တဲ့ အန်ဇိုဟာ ဥရောပ ဘောလုံး လောကနဲ့ ထိတွေ့တာ ၆လသာသာပဲ ရှိသေးပေမယ့် ၊ ဥရောပ အသင်းကြီးတွေရဲ့ မျက်စိကျခြင်းကို စောစောစီးစီး ခံလာရတာ ဖြစ်ပါတယ် ။

လက်ရှိ ဇန်နဝါရီ စျေးကွက် အတွင်းမှာတော့ ချဲလ်ဆီး တသင်းတည်းက ၄င်းကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားခဲ့တာ ဖြစ်ပေမယ့် ၊ ဘင်ဖီကာ ဥက္ကဋ္ဌ ရူဝီကော်စတာကတော့ အန်ဇိုကို စာချုပ်ပါ လျော်ကြေး ယူရိုသန်း ၁၂၀က လွဲပြီး ၊ ကျန်တဲ့ ချဉ်းကပ်မှုမျိုး လုံးဝ လက်ခံမှာ မဟုတ်ကြောင်း ခပ်ပြတ်ပြတ်ပဲ တုန့်ပြန်ခဲ့ပါတယ် ။

 

ချဲလ်ဆီးဟာ အန်ဇို အတွက် အမြင့်မားဆုံး ကမ်းလှမ်းမှု အနေနဲ့ ယူရို ၈၅သန်းသာ ပေးချေဖို့ အလိုရှိတာကြောင့် အပြောင်းအရွှေ့ ဆွေးနွေးမှုက လုံးဝနီးစပ်ခဲ့ခြင်း မရှိပါဘူး ။ ချဲလ်ဆီးနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့ပြီးမှ အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့တဲ့ အန်ဇိုဟာ ပြီးခဲ့တဲ့ သောကြာနေ့က ကစားခဲ့တဲ့ ပေါ်တိုမွန်းနိစ်နဲ့ ပွဲမှာ ဘင်ဖီကာရဲ့ ကစားသမားစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ် ။

အခုအခါမှာတော့ အန်ဇိုဟာ ယင်းပေါ်တူဂီကလပ်နဲ့ ထရိန်နင် ပြန်ဆင်းနေပြီ ဖြစ်ကာ ၊ ဘင်ဖီကာ နည်းပြ ရော်ဂျာ ရှမစ်ကတော့ ယင်းအာဂျင်တိုင်းသားဟာ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ပုံစံကောင်းမှာ ရှိနေပြီး ၊ အသင်းမှာ ဆက်နေရတဲ့ အပေါ်လည်း ပျော်ရွှင်နေတဲ့ အကြောင်း အခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ် ။

ရှမစ် က ” အန်ဇိုရဲ့ အခြေအနေ အကြောင်း ကျွန်တော် ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့သလို ၊ ပေါ်တီမွန်းနိစ် အသင်းနဲ့ ပွဲအပြီးမှာလည်း ပြောပြီးပါပြီ ။ အန်ဇိုရဲ့ အပြောင်းအရွှေ့ ကိစ္စက ပိတ်သိမ်းသွားပါပြီ ။ ဘာပြဿနာမှ မရှိတော့ပါဘူး ။ ”

 

” ဒီတော့ သူဟာ အခုအချိန်မှာ ကျွန်တော်တို့ရဲ့ ကစားသမား အဖြစ် ဆက်ရှိသွားမှာပါ ။ သူဟာ ပုံစံကောင်းမှာ ရှိနေသလို ၊ ထရိန်နင်လည်း ကောင်းကောင်း ဆင်းထားပါတယ် ။ ဒီမှာ သူ ပျော်ရွှင်နေပါတယ် ။ သူဟာ အသင်းရဲ့ ကစားသမား စာရင်းမှာ တစိတ်တပိုင်း ပါဝင်ထားပြီး ၊ အဓိက သော့ချက် ကစားသမား တဦးလည်း ဖြစ်ပါတယ် ။ ”

” သူ့အကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော် အားလုံး ပြောထားပြီးပြီလို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဘင်ဖီကာဟာ ယနေ့ညမှာ ပေါ်တူဂီ ရှုံးထွက်ဖလား ပဉ္စမအဆင့် ပွဲအဖြစ် ဗာဇင် အသင်းနဲ့ ရင်ဆိုင်ဖို့ ရှိပြီး ၊ အန်ဇို ဖာနန်ဒက်ဇ်ဟာ ထိုပွဲမှာ ပြန်ပါလာဖို့လည်း ရှိပါတယ် ။

SPORTS MYANMAR