သူ့ကို အချိန်ပေးဖို့ ပြောကြားလာတဲ့ ပက်ဂွာဒီယိုလာရဲ့ မှတ်ချက် အပေါ် တုန့်ပြန်လိုက်တဲ့ ဂရေဟမ် ပေါ်တာ

 

မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာ ဟာ မနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲမှာ အခြေအနေ မဟန်တဲ့ ချဲလ်ဆီး အသင်းကို အိမ်ကွင်း အီတီဟတ်မှာ ဘာမှ ပြင်းပြင်းထန်ထန် ကြိုးစား အားထုတ်စရာ မလိုပဲ ၄ဂိုးပြတ်နဲ့ အနိုင်ယူ ကျော်ဖြတ်ပြီးတဲ့နောက် လက်ရှိ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာကို အချိန်ပေးဖို့ ချဲလ်ဆီး ပိုင်ရှင် တော့ဒ်ဘိုလီထံ အခုလိုပဲ အကြံပြုသွားခဲ့ပါတယ် ။

ဂွာဒီယိုလာ က ” ဟုတ်ပါတယ် ။ သူ မှန်ပါတယ် ။ တော့ဒ်ဘိုလီကို ကျွန်တော် ဒီနေရာကနေ ပြောချင်တာက သူ့ကို အပြင်မှာ ဆုံတွေ့ရတာ ဝမ်းသာပေမယ့် ၊ ဂရေဟမ်ကို အချိန်ပေးဖို့ပါပဲ ။ အသင်းကြီးတွေမှာ ရလဒ်က ပိုအရေးကြီးတာ မှန်ပေမယ့် ၊ ကျွန်တော်ကတော့ သူ့ကို အချိန်ပေးဖို့ပဲ ပြောချင်ပါတယ် ။ ”

” ဒီနေ့ပွဲရဲ့ ဒုတိယပိုင်း စွမ်းဆောင်ရည်ကမှ သူ့ရဲ့ ပင်ကို ကစားဟန် ဖြစ်ပါတယ် ။ ဘရိုက်တန်မှာ သူ လုပ်ပြခဲ့တာတွေက အံ့မခန်းပါ ။ မန်နေဂျာအားလုံး အချိန်လိုပါတယ် ။ ဒီတော့ သူ မှန်ပါတယ် ။ ကျွန်တော်တို့ဟာ ကိုယ် စတင်ကိုင်တွယ်တဲ့ ပထမဆုံး ရာသီမှာ အချိန် လိုအပ်ပါတယ် ။ ”

” ဘာစီလိုနာမှာတုန်းက ပထမဆုံးရာသီမှာပဲ ကျွန်တော် ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့တာ မှန်ပေမယ့် ၊ ကျွန်တော့မှာ လီယွန်နယ် မက်ဆီ ရှိနေခဲ့တာကြောင့် တရာသီက လုံလောက်ခဲ့ပါတယ် ။ ဟုတ်ပါတယ် ။ မန်နေဂျာ လောကမှာတော့ လူတိုင်းက အရူးတွေပါ ။ ”

” မန်စီးတီးလို အဆင့်အတန်းမျိုးနဲ့ အသင်း တသင်းကို ကာရာဘောင်ဖလား သို့မဟုတ် အက်ဖ်အေဖလားမှာပါ ရင်ဆိုင်ကျော်ဖြတ်ဖို့က မလွယ်ပါဘူး ။ ဒါက ဂရေဟမ်နဲ့ ချဲလ်ဆီး အတွက်သာမက ၊ တခြား အသင်းတွေ အတွက်ပါ ပါဝင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ရိုမန် အေဘရာမိုဗစ်ခ်ျထံကနေ ချဲလ်ဆီး အသင်းကို ဝယ်ယူခဲ့ကြတဲ့ တော့ဒ်ဘိုလီနဲ့ အမေရိကန် ပိုင်ရှင်သစ်တွေဟာ ပြီးခဲ့တဲ့ ၄လကမှ ဂရေဟမ် ပေါ်တာကို ဘရိုက်တန် အသင်းကနေ လျော်ကြေးပေးပြီး ခေါ်ယူထားကာ ၊ နှစ်ရှည် စာချုပ်နဲ့ အသင်းရဲ့ လာမယ့် ၅နှစ်တာ စီမံကိန်းကို ယုံယုံကြည်ကြည် အပ်နှင်းထားပါတယ် ။

ဂွာဒီယိုလာရဲ့ တိုက်တွန်းမှုကို မရခင်ကတည်းက တော့ဒ်ဘိုလီတို့ အုပ်စုဟာ ဂရေဟမ် ပေါ်တာ အပေါ် ထောက်ခံမှု အပြည့်အဝ ပေးထားပြီး ဖြစ်ပေမယ့် ၊ ချဲလ်ဆီး ပရိသတ် အများအပြားကတော့ ၄င်းအပေါ် စိတ်ရှည် သည်းခံမှုတွေ ကုန်ဆုံးနေပြီ ဆိုတာ မနေ့က ပွဲအတွင်းမှာရော ၊ ဆိုရှယ်မီဒီယာတွေကပါ ခံစားချက် ကိုယ်စီ ဖွင့်ဟထားကြပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ဂရေဟမ် ပေါ်တာ က ၄င်းကို ချဲလ်ဆီး နည်းပြ ရာထူးမှာ ဆက်လက် ရှိစေလိုတဲ့ ပက်ဂွာဒီယိုလာရဲ့ မှတ်ချက် ၊ လက်ရှိ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အချိန် ဘယ်လောက် ယူရမလဲ ဆိုတာနဲ့ ပတ်သက်တဲ့ မေးမြန်းမှုတွေကို အခုလိုပဲ တုန့်ပြန် ဖြေကြားခဲ့ပါတယ် ။

ပေါ်တာ က ” ပရီးမီးယားလိဂ်က ရလဒ်ပိုင်းတွေ အရတော့ ကျွန်တော့ လက်အောက်မှာ အသင်းက ၄ပွဲ အထိ ရှုံးနိမ့်ထားပါတယ် ။ ကမ္ဘာ့ဖလား မတိုင်ခင် နောက်ဆုံး ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲကို ကျွန်တော်တို့ဟာ ဒဏ်ရာရ ကစားသမား ၉ယောက် အထိ မပါဝင်ပဲ ကစားခဲ့ရပြီး ၊ ၁ – ၀ နဲ့ အရေးနိမ့်ခဲ့ပါတယ် ။ ”

” အာဆင်နယ်ကို ၀ – ၁ နဲ့ ရှုံး ၊ ဘရိုက်တန်ကိုတော့ ဆိုးဆိုးရွားရွား ရှုံးခဲ့ပါတယ် ။ အဲဒီနောက် မန်စီးတီးကို ကျွန်တော်တို့ ရှုံးခဲ့ပါတယ် ။ ဒါတွေက ကျွန်တော်တို့ ရှုံးခဲ့တဲ့ အသင်းတွေပါ ။ မန်ချက်စတာ ယူနိုက်တက် ၊ ဘရန်းဖို့ဒ်တို့ကိုတော့ သရေကျခဲ့ပါတယ် ။ ဒီတော့ အချိန်တို ကာလ အတွင်း ဒီရလဒ်တွေက အပေါင်း လက္ခဏာတော့ မဆောင်ခဲ့ပါဘူး ။ ”

” ကျွန်တော် ရှေ့မှာ ပြောခဲ့ဖူးသလိုပါပဲ ၊ ခင်ဗျားဟာ ဆင်ခြေတွေ ပေးနိုင်တယ် ၊ အကြောင်းပြချက်တွေ ရှာနိုင်တယ် ၊ ဒါမှမဟုတ် လက်ရှိ အခြေအနေက လုံလုံလောက်လောက် မကောင်းနေဘူးလို့ ပြောနိုင်ပါတယ် ။ အဖြေ ၂ခုလုံးကတော့ မှန်နေတာပါပဲ ။ ”

” ဒီတော့ ကျွန်တော်တို့ဟာ ရှေ့ဆက် တိုးတက်ဖို့ ကြိုးစားရမှာ ဖြစ်သလို ၊ စည်းစည်းလုံးလုံး ဖြစ်နေဖို့လည်း လိုပါတယ် ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ဘောလုံးကလပ် တသင်း အနေနဲ့ ဒီဒုက္ခကို ခံနေရတာ ဖြစ်ပြီး ၊ ဒါက ဘယ်လိုမှ မကောင်းတဲ့ အတွက်ကြောင့်ပါ ။ ဒါက ကျွန်တော်တို့ လက်ရှိ ရောက်နေတဲ့ အခိုက်အတန့်ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR