မန်စီးတီးနဲ့ အက်ဖ်အေဖလားပွဲမှ ရှက်စရာကောင်းလွန်းတဲ့ ချဲလ်ဆီး စတား ၃ဦးရဲ့ စွမ်းဆောင်ရည် အပေါ် ပယ်ပယ်နယ်နယ် ဝေဖန်လိုက်တဲ့ ဖရန့် လီဘို့ဖ်

 

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲမှာ မန်စီးတီး အသင်းကို ဒီရာသီ အစုတ်ပြတ်ဆုံး ခြေစွမ်းနဲ့ အတူ ၄ဂိုးပြတ် အရေးနိမ့်ကာ ၊ လွန်ခဲ့တဲ့ ၂၅နှစ် နောက်ပိုင်း ဒီပြိုင်ပွဲကနေ အစောဆုံး လက်ပြနှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ် ။

အသင်း တသင်းစာလောက် ဒဏ်ရာ ပြဿနာတွေ ရှိနေခဲ့သလို ၊ ကစားသမား အချို့ကိုလည်း အနားပေးချင်တာကြောင့် ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာဟာ အရန်နဲ့ လူငယ် ကစားသမားတွေကို ပွဲထုတ် အသုံးပြုလာတာကို တွေ့ရပါတယ် ။

သို့ပေမယ့် ပွဲထွက်စာရင်းမှာ ပါဝင်တဲ့ အဓိက ကျောရိုးတိုင် ကစားသမားတွေ ဖြစ်ကြတဲ့ ကိုင်ဟာဗက်ဇ် ၊ မေဆင်မောင့် ၊ ဂျော်ဂျင်ဟို ၊ ကာလီဒူ ကူလီဘာလီတို့ရဲ့ စွမ်းဆောင်ရည်က ပရိသတ်တွေ အတွက် လက်ခံနိုင်စရာ မရှိလောက်အောင် အထိ ညံ့ဖျင်းခဲ့ပါတယ် ။

ပထမပိုင်း အပြီး ESPN ရုပ်သံဌာနရဲ့ သုံးသပ်ချက် အစီအစဉ်မှာ ချဲလ်ဆီး နောက်ခံလူဟောင်း ဖရန့် လီဘို့ဖ်က ဟာဗက်ဇ် ၊ မောင့်နဲ့ ဂျော်ဂျင်ဟိုတို့ရဲ့ ခြေစွမ်းဟာ ရှက်စရာ အရမ်းကောင်းပြီး ၊ အသင်းနဲ့ ပရိသတ်တွေ အပေါ် မလေးမစား လုပ်ရာကျကြောင်း အခုလိုပဲ ပယ်ပယ်နယ်နယ် ဝေဖန်သွားပါတယ် ။

လီဘို့ဖ် က ” တကယ်တကယ်ကို ရှက်စရာကောင်းပါတယ် ။ တိုက်ပွဲဝင် စိတ်ဓာတ်နဲ့ ပတ်သက်ပြီး ဒီလောက်အထိ အခြေအနေ ဆိုးရွားတဲ့ ချဲလ်ဆီး အသင်းကို ကျွန်တော် အရင်က တခါမှ မမြင်ခဲ့ဖူးပါဘူး ။ သူတို့မှာ ဘာတိုက်ပွဲဝင်စိတ်ဓာတ်မှ မရှိခဲ့ပါဘူး ။ အသင်းရဲ့ ဂျာစီ ၊ အရောင် အတွက် တိုက်ပွဲဝင်ပေးဖို့လည်း သတ္တိမရှိခဲ့ပါဘူး ။ ”

” သူတို့မှာ ဘာဂုဏ်သိက္ခာမှ မရှိခဲ့ပါဘူး ။ ကစားသမားတွေဟာ ဘာတခုမှ သက်သေမပြထားတာကို ကျွန်တော် တွေ့ရပါတယ် ။ သူတို့ဟာ ပရိသတ်တွေနဲ့ ကလပ် အပေါ် မလေးမစား လုပ်နေကြပါတယ် ။ ကျွန်တော်ဟာ အသင်းရဲ့ ခေါင်းဆောင်တွေ အကြောင်း ပြောနေတာပါ ။ ”

” လူးဝစ်ဟောလ် ၊ ထရက်ဗာ ချာလိုဘာ ၊ ဘတ်ရှီယာ ဟမ်းဖရေးစ်တို့ အကြောင်း ပြောနေတာ မဟုတ်ပါဘူး ။ ကျွန်တော်ဟာ အသင်းရဲ့ ကျောရိုးတိုင်က ကစားသမားတွေ အကြောင်း ပြောနေတာပါ ။ သူတို့ရဲ့ စွမ်းဆောင်ရည်က ရှက်စရာကောင်းပါတယ် ။ သူတို့ ဘာတခုမှ မလုပ်ပြခဲ့ပါဘူး ။ ”

” ကိုင်ဟာဗက်ဇ်ဆို အခုထိ ဘာလုပ်လို့ လုပ်နေမှန်း မသိပါဘူး ။ သူ့မှာ ချန်ပီယံလိဂ် ဖိုင်နယ်မှာ ဂိုးသွင်းခဲ့တဲ့ မှတ်တမ်းက လွဲပြီး ကျန်တာ ဘာများ ရှိလို့လဲ ? မေဆင် ၊ ဟုတ်ပြီ ၊ ကျွန်တော် သူ့ကို ချစ်ပါတယ် ။ သူဟာ ကလပ်ရဲ့ ငယ်မွေးခြံပေါက် ကစားသမားပါ ။ ဒါပေမယ့် လုပ်ပါဦး ၊ သူ အသင်း အတွက် တခုခုတော့ လုပ်ပေးရမယ် မဟုတ်လား ။ ”

” ဂျော်ဂျင်ဟို အကြောင်းဆို ကျွန်တော် ပြောတောင် မပြောချင်ပါဘူး ။ ကွင်းထဲမှာ သူ ဘာဝင်လုပ်နေလဲ ဆိုတာ ကျွန်တော် သိတောင် မသိတော့ပါဘူး ။ အခု မြင်တွေ့ထားရသလောက် ကျွန်တော် အထူး စိတ်ပျက်မိပါတယ် ။ ဒါက အသင်း အပေါ် မလေးစားလွန်းရာ ကျနေပါတယ် ။ ”

” သူတို့ဟာ ပရိသတ်တွေ အနည်းဆုံးတော့ လေးစား ဂုဏ်ယူရမယ့် ကြိုးစား အားထုတ်မှုမျိုးတောင် မပြသခဲ့ကြပါဘူး ။ ဒီလောက်ဆို လုံလောက်ပါပြီ ။ တခုခုတော့ အပြောင်းအလဲ လုပ်ရပါမယ် ။ ဒါက ကျွန်တော် သိထားတဲ့ ကလပ် မဟုတ်တော့ပါဘူး ။ ”

” ဒီအသင်းဟာ ဥရောပအဆင့် ပြိုင်ပွဲတွေ အတွက် တိုက်ပွဲဝင်နေတဲ့ ၊ ဥရောပ ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ အသင်းမျိုး မဟုတ်တော့ပါဘူး ။ အဲဒီ အနေအထားနဲ့ အဝေးကြီးကို သူတို့ ရောက်နေပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR