ဝိန်းရွန်းနီရဲ့ အလန်းစား မှတ်တမ်းကို လိုက်မီဖို့ နီးစပ်နေပြီဖြစ်တဲ့ ရပ်ရှ်ဖို့

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ဟာ အသင်းဖော် တိုက်စစ်မှူးဟောင်း တစ်ဦး ဖြစ်တဲ့ ဝိန်း ရွန်းနီ ရဲ့ စံချိန် မှတ်တမ်းကောင်း တစ်ခုကို လိုက်မီဖို့ နီးစပ်နေပြီပဲ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မ​နေ့က အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ အဲဗာတန် အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး အဆိုပါ FA ဖလား ပွဲစဥ်မှာ ရပ်ရှ်ဖို့ ဟာ တစ်ဂိုးသွင််းယူနိုင်ခဲ့သလို အသင်းရဲ့ သွင်းဂိုးသုံးဂိုးလုံးနဲ့ တိုက်ရိုက် ပါဝင်ပတ်သက်နိုင်ခဲ့ပါတယ် ။

အဆိုပါ သွင်းဂိုးကြောင့် ရပ်ရှ်ဖို့ဟာ ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီးပြီးနောက် မန်ချက်စတာ ယူနိုက်တက် အသင်း အတွက်် ကစားပေးခဲ့တဲ့ ပွဲစဥ် 5 ပွဲလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်သွားနိုင်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ရာသီက မန်ချက်စတာ ယူနိုက်တက် အသင်းအတွက်် 5 ဂိုးသာ သွင်းယူပေးထားနိုင်ခဲ့တဲ့ ရပ်ရှ်ဖို့ဟာ အခုတော့ ရာသီဝက် မတိုင်ခင်မှာပဲ ပြိုင်ပွဲစုံ 13 ဂိုးသွင်းယူပြီး 5 ကြိမ် အထိ ဂိုးဖန်တီးထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ် ။

အခြားတဖက်မှာတော့ သူဟာ မန်ချက်စတာ ယူနိုက်တက်် အသင်း အတွက် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ 7 ပွဲထိ ဆက်တိုက် ဂိုးသွင်းယူထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ် ။ ဒါဟာ ယူနိုက်တက် သမိုင်း တစ်လျှောက် အိမ်ကွင်း ပွဲဆက် ဂိုးသွင်းနိုင်မှု ဒုတိယ နေရာကို ရောက်ရှိသွားစေခဲ့ပါတယ် ။

ယခင်က မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် အိမ်ကွင်းမှာ ပွဲဆက် အများဆုံး ဂိုးသွင်းနိုင်ခဲ့တဲ့ ကစား သမားက တိုက်စစ်မှူးဟောင်း ဖြစ်သူ ဝိန်းရွန်းနီပဲ ဖြစ်ခဲ့ရပါတယ် ။ သူဟာ အိမ်ကွင်းမှာ အသင်းအတွက် 8 ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကြားရက်မှာ ကာရာဘောင် ဖလား ကွာတားဖိုင်နယ် ပွဲစဥ် အဖြစ်် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ချာလ်တန် အသင်းနဲ့ ရင်ဆိုင်် ကစားရဖို့ ရှိနေခဲ့ပါပြီ ။

ဒီပွဲမှာသာ ရပ်ရှ်ဖို့ က ဂိုးထပ်မံသွင်းယူနိုင်ခဲ့ရင် လွန်ခဲ့တဲ့ 11 နှစ်က တင်ရှိနေခဲ့တဲ့ အသင်းဖော်ဟောင်း ဝိန်းရွန်းနီ ရဲ့ စံချိန် မှတ်တမ်းကောင်းကို လိုက်မီသွားမှာပဲ ဖြစ်ပါတယ် ။ ဒါကို ရပ်ရှ်ဖို့ လုပ်ပြနိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရပါတော့မယ် ။

ဘယ်လိုပဲ ဖြစ်ပါစေ ၊ မန်ချက်စတာ ယူနိုက်တက် အသင််းရဲ့ ကစားသမား ဘဝမှာ စုစုပေါင်း 253 ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပြီး သမိုင်း တစ်လျှောက် ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည်နေခဲ့တဲ့ ရွန်းနီ လို ဖြစ်နိုင်ဖို့ ရပ်ရှ်ဖို ဒီထက်ပိုပြီး ကြိုးစားရဦးမှာ အသေအချာပါပဲ ။

#Sports_Myanmar