ယာဂန်ကလော့ အတွက် စိုးရိမ်စရာ လီဗာပူးကစားသမား ၄ ဦးကို ပြောပြလိုက်တဲ့ ဂရေမီဆူးနက်

 

ဂရေမီဆူးနက်က သူဟာ ဒီိရာသီမှာ လီဗာပူးရဲ့ ရုန်းကန်ခဲ့ရမှုအပေါ် ‌အတော်လေး အံ့အားသင့်မိတယ်လို့ ဆိုလိုက်ပြီး လိုအပ်ချက်တွေ များပြားနေတဲ့ ယာဂန်ကလော့ရဲ့ squad ဟာ ပရီးမီးယားလိဂ် top 4 ဝင်အောင် စွမ်းဆောင်နိုင်ပမလားဆိုတာ စိုးရိမ်မိတယ်လို့ ပြောလိုက်ပါတယ်။ လီဗာပူးဟာ ခက်ခဲတဲ့ တာထွက်ကို ရင်ဆိုင်ခဲ့ရပေမယ့်လည်း ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီး လက်စတာ နဲ့ အက်စတွန်ဗီလာ တို့ကို အနိုင်ယူကာ ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက်တိုက် နိုင်ခဲ့တာကြောင့် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီလို့ ထင်မှတ်ခဲ့ရပါတယ်။

ဒါပေမယ့် ကလော့နဲ့ သူ့အသင်းဟာ ယခုတစ်ပတ် အစောပိုင်းက ဘရန်ဖို့ဒ်နဲ့ ပွဲစဉ်မှာ သူတို့ရဲ့ အခြေအနေမှန်ကို ခပ်ပြင်းပြင်း လှုပ်နှိုးခံခဲ့ရပြီး ထိပ်တန်း ဂိုးသွင်းရှင် အိုင်ဗန်တိုနီ မပါဝင်တဲ့ ဘရန်ဖို့ဒ်ကို အဝေးကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ လီဗာပူးဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၆ နေရာကို ရောက်နေပြီး အဆင့် ၄ နေရာက မန်ယူနိုက်တက်နဲ့ ၇ မှတ် ကွာဟနေကာ ပုံစံကောင်း ရနေတဲ့ နယူးကာဆယ် နဲ့ မန်ယူနိုက်တက် တို့ကို ကျော်ဖြတ်နိုင်ရန် ခက်ခဲတဲ့ စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

လီဗာပူးဟာ ယနေ့မနက် အစောပိုင်းက အက်ဖ်အေဖလား ပွဲစဉ်မှာလည်း ဝုဖ်ဗာဟမ်တန်ကို အိမ်ကွင်းမှာ သရေသာ ကစားနိုင်ခဲ့ပြီး Mollineuz မှာ ပြန်ကန်ပွဲ ကစားရမှာ ဖြစ်ကာ ကံကောင်းထောက်မလို့သာ ဒီအဆင့်ကနေ မနှုတ်ဆက်ခဲ့ရတာ ဖြစ်ပါတယ်။ ဂရေမီဆူးနက်က ယာဂန်ကလော့ရဲ့ လက်အောက်မှာ အဓိက အမှတ်အသား ဖြစ်တဲ့ လီဗာပူးရဲ့ high-octane intensity ကစားပုံဟာ ဒီအချိန်မှာ အတိတ်က အမှတ်တရ တစ်ခုလို ဖြစ်သွားခဲ့တယ်လို့ ဆိုလိုက်ပါတယ် ။

လီဗာပူး အသင်းခေါင်းဆောင်ဟောင်းက ဖာဘင်ညို နဲ့ ဟန်ဒါဆန် တို့ဟာ အကောင်းဆုံး အချိန်တွေကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သလို သူဟာ ဘယ်တုန်းကမှ တီယာဂိုအယ်ကန်တာရာကို နှစ်သက်ခဲ့သူ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ ဒါ့အပြင် ဒီိရာသီမှာ အလားအလာကောင်း တစ်ချို့ကို ပြသထားခဲ့တဲ့ ဟာဗေးအယ်လီယော့ ကလည်း ရေဆန်ကို တက်နေရသလို ရုန်းကန်နေရကာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ရန် ရုန်းကန်နေရတဲ့ အသင်းမှာ အရမ်းကို ကြီးမားတဲ့ တာဝန်ကို ပေးအပ်ခြင်း ခံထားရတယ်လို့ ပြောသွားပါတယ်။

‌ဆူးနက်က “ဒီရာသီ ဒိုင်လူကြီးတွေ အပေါ် ယာဂန်ကလော့ရဲ့ တုန့်ပြန်ပုံတွေဟာ အသင်းရဲ့ စိတ်ပျက်စရာ ကိစ္စတွေကနေ ထွက်ပေါ်လာခဲ့တာပါ။ တနင်္လာနေ့က ဘရန်ဖို့ဒ်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ် အပြီးမှာ လီဗာပူးဟာ ထိပ်ဆုံးနေရာက အသင်းနဲ့ ၁၆ မှတ်ထိ ကွာဟသွားခဲ့ပါတယ်။ ရာသီဝက်တောင် မကျိုးသေးချိန်မှာ ဒီလိုမျိုး ဖြစ်သွားလိမ့်မယ်လို့ ကျနော် ဘယ်တုန်းကမှ ထင်မထားခဲ့ပါဘူး။ ဒီကစားသမား အစုအဖွဲ့ဟာ သူတို့ကိုယ်သူတို့ လုံလောက်တဲ့ ကောင်းမွန်မှု ရှိတယ်လို့ ယုံကြည်ထားကာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာဖို့ဆိုတာ အချိန်ခဏပဲ စောင့်ရလိမ့်မယ်လို့ ကျနော် တွေးမိခဲ့တာပါ။

အခုချိန်မှာတော့ လီဗာပူးနဲ့ ပက်သက်ပြီး အနည်းငယ် စိုးရိမ်စရာ ကောင်းနေပါပြီ။ ဒါဟာ ခဏတာ စွမ်းဆောင်ရည် လျော့ကျသွားတာ မဟုတ်ဘူးဆိုတာကို ယာဂန်ကလော့လည်း ခံစားမိနေမှာပါ။ သူ့ရဲ့ ကစားသမားတွေဟာ အချင်းချင်း အငြင်းပွားမှုတွေ ရှိနေပါတယ်။ ဒါဟာ ဆိုးတဲ့အရာ မဟုတ်ပေမယ့် သူများကို လက်ညှိုးထိုး အပြစ်တင်တဲ့ ကစားသမားတွေ အနေနဲ့ အရင်ဆုံး ကိုယ့်ကိုကိုယ် မှန်ထဲ ပြန်ကြည့်ရမှာပါ။ ကလပ်ဟာ အခုလို ခက်ခဲတဲ့ အခိုက်အတန့် ကာလကို‌ ကျော်ဖြတ်နိုင်ရန် big personalities ၊ strong characters ရှိတဲ့ ကစားသမားတွေကို အထူး လိုအပ်နေပါတယ်။

ဒီအသင်းရဲ့ လက္ခဏာ တစ်ခု ဖြစ်တဲ့ high intensity ကလည်း ဒီအချိန်မှာ ပျောက်ဆုံးနေခဲ့ပါတယ်။ ရာသီမစခင်တုန်းက ယာဂန်ကလော့က သူတို့ အနေနဲ့ ကွင်းလယ်ပိုင်းမှာ နောက်ထပ် ကစားသမား တစ်ဦး ခေါ်ယူဖို့ မလိုအပ်ဘူးလို့ ဆိုခဲ့ပါတယ်။ ကျနော်ကတော့ သူတို့ ဒီနေရာကို အားဖြည့်ဖို့ လိုအပ်တယ်ဆိုတာကို တောက်လျှောက် ပြောလာခဲ့တာပါ။

တီယာဂိုအယ်ကန်တာရာဟာ skill ကောင်းတဲ့ ကစားသမား ဖြစ်ပေမယ့်လည်း သူဟာ pressing ကို ကောင်းကောင်း လုပ်နိုင်တဲ့ အရည်အသွေး မရှိပါဘူး။ ဂျော်ဒန်ဟန်ဒါဆန် ကလည်း တစ်ချိန်တုန်းက သူ့ရဲ့ energy တွေ မရှိတော့ပါဘူး။ အယ်လီယော့ အနေနဲ့ နိုင်ပွဲတွေ တောက်လျှောက် ရနေတဲ့ အသင်းမှာ rotation ပုံစံမျိုးနဲ့ ဝင်ကစားခွင့် ရနေမယ်ဆိုရင် သူ့ရဲ့ တိုးတက်မှုအတွက် အရမ်းကောင်းမှာ ဖြစ်ပေမယ့် သူ့ကို ပေးအပ်ထားတဲ့ တာဝန်တွေက တအားကြီးနေပြီး ယုံကြည်မှု ပျောက်နေတဲ့ အသင်းမှာ ကစားသမားက ရုန်းကန်နေရပါတယ်။ ဖာဘင်ညို ဟာ လီဗာပူး အတွက် အရမ်းကောင်းတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ပေမယ့်လည်း သူဟာ အခုချိန်မှာ squad player တစ်ဦးထက် မပိုတော့ဘူးလို့ ကျနော် ထင်ပါတယ်။” လို့ပြောသွားပါတယ်။

SM