မန်စီးတီးနဲ့ အာဆင်နယ် တို့ကြား ကြီးမားတဲ့ ခြားနားချက်ကို ပြောပြလိုက်တဲ့ ကာရေဂါ

လီဗာပူး ဂန္တဝင်ကစားသမား ဖြစ်သူ ဂျေမီကာရေဂါက အာဆင်နယ် နဲ့ မန်ချက်စတာစီးတီး အသင်းတို့ကြားက ကြီးမားတဲ့ ကွာဟချက်ကို ထောက်ပြသွားခဲ့ပါတယ်။ မန်စီးတီးဟာ ကြာသာပတေးနေ့က ချဲလ်ဆီးကို အဝေးကွင်းမှာ အနိုင်ယူကာ အာဆင်နယ်နဲ့ ရမှတ် ကွာဟမှုကို ၅ မှတ်ထိ ‌လျော့ချနိုင်ခဲ့ပါတယ်။

ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း အင်္ဂလန်မှာ လွှမ်းမိုးထားနိုင်ခဲ့တဲ့ အသင်းဖြစ်ပြီး နောက်ဆုံး ၅ နှစ်အတွင်း ပရီးမီးယားလိဂ်ဖလားကို လေးကြိမ် ဆွတ်ခူးထားနိုင်ခဲ့ကာ ဒီိရာသီ ပရီးမီးယားလိဂ် title race မှာတော့ လိဂ်ပွဲစဉ် ၁၇ ပွဲကစား ၁၄ ပွဲထိ အနိုင်ရရှိထားခဲ့တဲ့ အာဆင်နယ်နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ မန်စီးတီးဟာ ချဲလ်ဆီးနဲ့ ပွဲစဉ်မှာ ပထမပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့်လည်း ဒုတိယပိုင်းမှာတော့ ပက်ဂွာဒီယိုလာရဲ့ မှန်ကန်တဲ့ လူစားလဲမှုတွေနဲ့အတူ ပွဲကို ပြန်လည် စိုးမိုးနိုင်ခဲ့ပြီး မာရက်ဇ်ရဲ့ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

လူစားဝင်ကစားသမားတွေ ဖြစ်ကြတဲ့ ဂျက်ဂရီလစ်ခ်ျရဲ့ ဖန်တီးမှုကနေ မာရက်ဇ်က သွင်းယူခဲ့တာ ဖြစ်ပြီး အဆိုပါ ကစားသမား နှစ်ဦးရဲ့ တန်ကြေးဟာ ပေါင်သန်း ၁၆၀ ကျော် ရှိကာ ကာရေဂါက မန်စီးတီးအသင်းရဲ့ အရန်အင်အား တအားတောင့်တင်းမှုဟာ အာဆင်နယ် နဲ့ကြား ကြီးမားတဲ့ ကွာဟချက် ဖြစ်တယ်လို့ ဆိုလိုက်ပါတယ် ။

အာဆင်နယ်ရဲ့ အရန်အင်အား တောင့်တင်းမှု မရှိခြင်းဟာ စိတ်ပူစရာ အဖြစ် ရှိနေပြီး မီခေးအာတီတာ အနေနဲ့ နယူးကာဆယ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲစဉ်မှာ အရန်လူစာရင်းကနေ ပွဲကို အပြောင်းအလဲ လုပ်ပေးနိုင်မယ့် ကစားသမားကို ထည့်သွင်း အသုံးပြုဖို့ ခက်ခဲ‌နေခဲ့ပါတယ်။

ကာရေဂါက “ပြီးခဲ့တဲ့နေ့က နယူးကာဆယ်နဲ့ ပွဲစဉ်မှာ ပွဲကို အပြောင်းအလဲ လုပ်ရန် အရန်ခုံကနေ ထည့်သွင်း အသုံးပြုစရာ ကစားသမား မရှိခဲ့တဲ့အတွက် အာဆင်နယ် အပေါ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ မန်ချက်စတာစီးတီးနဲ့ ယှဉ်ကြည့်လိုက်တဲ့ အခါမှာ အရန်လူစာရင်းဟာ ကြီးမားတဲ့ ကွာဟချက် ဖြစ်နေပါတယ်။ မန်ချက်စတာစီးတီးနဲ့ ကျနော်တို့ ဟိုတနေ့က တွေ့ခဲ့ရတဲ့ အာဆင်နယ် အသင်းရဲ့ အရန်ခုံကို ကြည့်လိုက်ပါ။ ဒါဟာ ပွဲကို အလှည့်အပြောင်း လုပ်ရာမှာ တကယ့်ကို ကြီးမားတဲ့ ကွာဟချက် ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း မန်စီးတီးဟာ ချဲလ်ဆီးကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။” လို့ဆိုလိုက်ပါတယ်။

အာဆင်နယ်ဟာ လက်ရှိ ဇန်နဝါရီ အပြောင်းအရွေ့မှာ အသင်းရဲ့ လူအင်အားကို တောင့်တင်းအောင် ပြုလုပ်သွားရန် အစီအစဉ် ရေးဆွဲနေပြီး ရှက်တာဒိုးနက်ရဲ့ မူဒရစ်နဲ့ အက်သလက်တီကိုရဲ့ ဂျာအိုဖီးလစ် တို့ကို ချိတ်ဆက်နေပါတယ်။ ဂန်းနား တိုက်စစ်မှုးဟောင်း အီရန်ရိုက်ကလည်း သူ့ရဲ့ အသင်းဟောင်း အနေနဲ့ ဇန်နဝါရီမှာ လူစာရင်းကို အင်အားဖြည့်တင်းရန် တိုက်တွန်းခဲ့ပါတယ်။

 

အာဆင်နယ်ရဲ့ transfer plan နဲ့ပက်သက်ပြီး မေးမြန်းခဲ့ရာမှာ မီခေးအာတီတာက “အခုတော့ ရှိတဲ့ လူစာရင်းနဲ့ သွားနေပါတယ်။ ကျနော်တို့မှာ ဒဏ်ရာပြသနာ တစ်ချို့လည်း ရှိနေပါတယ်။ တိုက်စစ်ပိုင်းမှာ ကျနော်တို့ အနေနဲ့ ရွေးချယ်စရာ option တွေ သိပ်ပြီး မရှိပါဘူး။ ဒါပေမယ့်လည်း ရှိတဲ့လူနဲ့ အလုပ်လုပ်သွားရမှာပါ။ အသင်းရဲ့ အင်အားကို အပြောင်းအရွေ့ ဈေးကွက်တိုင်းမှာ တိုးတက်အောင် လုပ်သွားဖို့ကတော့ အမြဲတမ်း ကျနော်တို့ ကြိုးစားနေတဲ့ အရာ ဖြစ်ပါတယ်။” လို့ဆိုလိုက်ပါတယ်။

SM