မန်စီးတီးနဲ့ ပွဲမှာ ခြေစွမ်း နုံချာခဲ့တဲ့ ချဲလ်ဆီး စတား တဦးကို ဘယ်တော့မှ ထပ်မသုံးဖို့ ဂရေဟမ် ပေါ်တာထံ တိုက်တွန်းလိုက်တဲ့ ခရစ်ဆပ်တွန်

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ မန်စီးတီး အသင်းကို ဒုတိယပိုင်းမှာ ပေးခဲ့ရတဲ့ လူစားဝင် တောင်ပံ ကစားသမား ရီယဒ် မာရက်ဇ်ရဲ့ တလုံးတည်းသောဂိုးနဲ့ အရေးနိမ့်ကာ ၊ အဆင့် ၁၀ မှာသာ ဆက်လည် ရပ်တည်နေရပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီးဟာ ပျမ်းမျှအားဖြင့် ကစားပုံ မဆိုးလှဘူးလို့ သုံးသပ်လို့ရပေမယ့် ၊ အခွင့်အရေး ဖန်တီးမှုအား အတော်ကို နည်းခဲ့ပြီး ၊ ဒါဟာ ၄င်းတို့ရဲ့ ယခုနှစ် ရာသီ ကြုံတွေ့နေရတဲ့ အဓိက ပြဿနာ တရပ် ဖြစ်နေပါတယ် ။ ဒါ့အပြင် ဒဏ်ရာ ပြဿနာက ၄င်းတို့ကို အကြီးအကျယ် နှိပ်စက်ထားပြီး ၊ စုစုပေါင်း ကစားသမား ၁၀ဦး အထိ ဒဏ်ရာရထားပါတယ် ။

တဖက်မှာ ကစားခွင့် ရတဲ့ စီနီယာ ကစားသမားတွေထဲမှာ တချို့တဝက်က ထိပ်တန်း စွမ်းဆောင်ရည်မျိုး ပြသနေဆဲ ဖြစ်ပေမယ့် ၊ အချို့ကတော့ မနေ့ညက ပွဲမှာ ခြေစွမ်း နုံချာခဲ့ပါတယ် ။ ဒီအထဲမှာ ပွဲအစ ၅မိနစ်မှာပဲ နာသွားတဲ့ ရာဟင်း စတာလင် အစား လူစားဝင်ခွင့် ရခဲ့တဲ့ ဝါရင့် တိုက်စစ်မှူး ပီယာအမ်းမရစ် အူဘားမီးယန်းလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။

မိနစ် ၆၀ ဝန်းကျင် အထိ ကစားခွင့် ရခဲ့ပေမယ့် အူဘားမီးယန်းဟာ မနေ့ညက ပွဲမှာ ဂိုးပေါက် တကြိမ်မှ မကန်နိုင်ခဲ့သလို ၊ အခွင့်အရေးတွေလည်း မဖန်တီးနိုင်ခဲ့ပါဘူး ။ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ခရစ်ဆပ်တွန်ကတော့ သူသာဆိုရင် ယင်းဂါဘွန်သားကို ဘယ်တော့မှ သုံးတော့မှာ မဟုတ်ဘူးလို့ ဝေဖန်သွားပါတယ် ။

ဆပ်တွန် က ” အူဘားမီးယန်းဟာ ဒီနေ့ညနေပွဲမှာ ပါဝင် ကစားဖို့ စိတ်မပါနေတဲ့ပုံပါပဲ ။ သူချည်းပဲ မဟုတ်ပါဘူး ။ ကူကူရယ်လာလည်း ပါပါတယ် ။ ချဲလ်ဆီးဟာ သူ့အတွက် ကြီးမားတဲ့ ပြောင်းရွှေ့ကြေးမျိုး သုံးစွဲခဲ့တာပါ ။ သူဟာ ချဲလ်ဆီးလို ဆုဖလားတွေ ဆွတ်ခူးချင်တဲ့ အသင်း တသင်း အတွက်တော့ အရည်အသွေး အရမ်း အရမ်း နိမ့်ပါတယ် ။ ”

” ဒီနေ့ပွဲအပြီး ဂရေဟမ် ပေါ်တာ အူဘားမီးယန်းနဲ့ ပတ်သက်ပြီး ဘာတွေ စဉ်းစားနေမလဲ ဆိုတာ ကျွန်တော် သိချင်ပါတယ် ။ သူဟာ ဒီနေ့ညမှာ ခြေစွမ်း အတော် နုံချာခဲ့တာပါ ။ ကျွန်တော်ဟာ ကြိုးစားအားထုတ်မှု ကင်းမဲ့တဲ့ ကစားသမားတွေ အပေါ် အမြဲတမ်း ဝေဖန်ခဲ့ပြီး ၊ အူဘားမီးယန်းဟာ ဒီအထဲမှာ အဆိုးရွားဆုံးပါပဲ ။ ”

” သူဟာ ခြေစွမ်းက စိတ်ပျက်စရာကောင်းရုံတင်မက ၊ မျှော်လင့်ချက်ပါ မဲ့နေတဲ့ ကစားသမား ဖြစ်ပါတယ် ။ ဂရေဟမ် ပေါ်တာ သူနဲ့ ပတ်သက်ပြီး စဉ်းစားနေမယ့် အကြောင်း အပေါ် ကျွန်တော် သံသယတော့ ဖြစ်မိပါတယ် ။ ကျွန်တော်သာ သူ့နေရာမှာဆိုရင်တော့ အူဘားမီးယန်းကို ဘယ်တော့မှ ထပ်သုံးတော့မှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ပွဲချိန် ၆၈မိနစ်မှာ ဆယ်ကျော်သက် တောင်ပံကစားသမား အိုမာရီ ဟတ်ချင်ဆန်နဲ့ လူစားလဲခံရအပြီး အူဘားမီးယန်းရဲ့ မျက်နှာက သုန်မှုန်ခဲ့ပြီး ၊ ခေါင်းတခါခါနဲ့ အခြေအနေကို လက်မခံနိုင်ခဲ့ပါဘူး ။ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာကတော့ လူစားဝင်ပြီး လူစားလဲခံခဲ့ရခြင်း အပေါ် အူဘားမီးယန်း စိတ်ပျက်ခဲ့တာကို သူ နားလည်နိုင်ကြောင်း ပွဲအပြီးမှာ အခုလို ဖွင့်ဟခဲ့ပါတယ် ။

ပေါ်တာ က ” သူဟာ ပွဲစလို့ မိနစ်ပိုင်း အကြာမှာပဲ လူစားဝင် ကစားခဲ့ရတာပါ ။ ကျွန်တော်တို့ အတွက် သူ မကစားပေးရတာလည်း အတော်ကြာခဲ့ပါပြီ ။ မန်စီးတီးဟာ ခင်ဗျားတို့ကို အများကြီး ပြေးရအောင် လုပ်တာကြောင့် သူ လူစားဝင်လာတာက ကျွန်တော်တို့ရဲ့ တိုက်စစ် အတွက် လုံးဝ အလှည့်အပြောင်း တရပ် ဖြစ်စေပါတယ် ။ ”

” ဒီနေ့မှာ သူဟာ အသင်း အတွက် တတ်နိုင်သလောက် အရာရာ စွမ်းဆောင်ပေးခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဒါပေမယ့် သူဟာ ဟာကင် ( ဇီယက်ခ်ျ ) လိုပဲ အနည်းငယ် မောပန်းနေတဲ့ပုံ ပေါက်ခဲ့တာကြောင့် သူ့ကို လူစားလဲဖို့ ဆုံးဖြတ်လိုက်ရတာ ဖြစ်ပါတယ် ။ ”

” ကျွန်တော်တို့ဟာ ကွင်းတွင်း လတ်ဆတ်တဲ့ ကစားအားတွေ လိုအပ်တာကြောင့် အိုမာရီ ( ဟတ်ချင်ဆန် ) ၊ ကော်နာ ( ဂေါ်လဂါ ) နဲ့ လူးဝစ် ( ဟောလ် ) တို့ကို လူစားလဲသုံးခဲ့တာ ဖြစ်ပါတယ် ။ ကစားသမားတိုင်းကတော့ ကွင်းထဲမှာ ဆက်နေပြီး ၊ ကစားချင်ကြတာပါပဲ ။ ဒါက ပုံမှန် တုန့်ပြန်မှုသာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR