မန်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီး စတား၃ဦးရဲ့ ဒဏ်ရာ အခြေအနေ အကြောင်း ပြောပြလာတဲ့ ဂရေဟမ် ပေါ်တာ

 

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းကို ဒုတိယပိုင်းမှာ ပေးခဲ့ရတဲ့ လူစားဝင် တောင်ပံ ကစားသမား ရီယဒ် မာရက်ဇ်ရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ် ။

ဒီပွဲမတိုင်ခင် ချဲလ်ဆီးမှာ ဒဏ်ရာရ ကစားသမား ၇ဦး အထိ ရှိခဲ့ပြီး ၊ မနေ့က ထရိန်နင်မှာ အဓိက ပွဲထွက်ကစားသမား တဦး ဖြစ်တဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မေဆင်မောင့်ပါ ဒဏ်ရာရခဲ့ပါတယ် ။ တပူပေါ် ၂ပူဆင့်ဆိုသလို မနေ့ညက ပွဲမှာလည်း ပထမပိုင်း အတွင်း တောင်ပံ ကစားသမား ၂ဦး ဖြစ်တဲ့ ရာဟင်း စတာလင်နဲ့ ခရစ်တီယန် ပူလီဆစ်တို့ ဒဏ်ရာ အသီးသီး ထပ်ရခဲ့ပါတယ် ။

သို့ပေမယ့် ချဲလ်ဆီးဟာ ပထမပိုင်း တပိုင်းလုံး မန်စီးတီးထက် ပိုကောင်းခဲ့သလို ၊ ဒုတိယပိုင်းရဲ့ ဂိုးပေးခဲ့ရပြီး နောက်ပိုင်း မိနစ်တွေမှာလည်း ကစားပုံက အားရစရာကောင်းခဲ့ပေမယ့် ၊ ၄င်းတို့ရဲ့ အဓိက ပြဿနာ ၂ရပ်က အဆုံးသတ် အားနည်းခြင်းနဲ့ အပိုင် အခွင့်အရေး လုံလုံလောက်လောက် မဖန်တီးနိုင်ခြင်း ဖြစ်ပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာ က ထရိန်နင်မှာ ဒဏ်ရာ ရခဲ့တဲ့ မေဆင်မောင့် အပြင် ၊ မနေ့ညက ပွဲအတွင်း ဒဏ်ရာ ကိုယ်စီ ထပ်ရခဲ့တဲ့ စတာလင်နဲ့ ပူလီဆစ်တို့ရဲ့ နောက်ဆုံးရ အခြေအနေ အကြောင်း အခုလိုပဲ အသိပေးခဲ့ပါတယ် ။

ပေါ်တာ က ” ဒီဒဏ်ရာတွေက လက်ရှိ အခြေအနေကို ပိုဆိုးစေပါတယ် ။ ရာဟင်းရဲ့ ဒဏ်ရာ အတိမ်အနက် ဘယ်လောက်ရှိလဲ ဆိုတာ ပြောဖို့ စောလွန်းပါသေးတယ် ။ ဒါက သူ့ရဲ့ ပထမဆုံး action မှာ စဖြစ်ခဲ့တာပါ ။ ထူးလည်း ထူးဆန်းပါတယ် ။ ခြေဖနောင့်ရဲ့ အနောက် နေရာကို ထိခဲ့တာပါ ။ ”

” ခရစ်တီယန်ကတော့ အရှိန်နဲ့ ပြေးနေရာကနေ ဘောလုံးဖြတ်ထုတ်ခံခဲ့ရပြီးနောက် ၊ သူ့ရဲ့ ဒူးကို သွားထိခဲ့ပါတယ် ။ သူ့ဒဏ်ရာ မပြင်းထန်ဖို့တော့ ကျွန်တော် မျှော်လင့်ပါတယ် ။ မေဆင်ကတော့ မနေ့က ထရိန်နင်မှာ အသေးစား ဒဏ်ရာလေး ရခဲ့ပါတယ် ။ သန်ဖက်ခါ အက်ဖ်အေဖလား ပွဲအမှီ ကစားနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ် ။ ”

” ဒါပေမယ့် ဒီဒဏ်ရာက လတ်တလော ကြုံနေရတဲ့ အရာတွေထဲက တခုပါပဲ ။ ဒီလို ဒဏ်ရာ ပမာဏမျိုး ကျွန်တော် တခါမှ မကြုံဖူးပါဘူး ။ ဒီအတွေ့အကြုံကိုလည်း ကျွန်တော် တကယ်ကို အလိုမရှိခဲ့ပါဘူး ။ ဒါပေမယ့် ဖြစ်ပြီးတာက ဖြစ်ပြီးပါပြီ ။ ကျွန်တော့ အနေနဲ့ ဒီအတိုင်း ရှေ့ဆက်ရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ပေါ်တာ က ” ဒဏ်ရာတွေကြောင့် ဘယ်အရာတခုမှ အဆင်မပြေနေဘူးလို့ ခံစားရလား ? ကျွန်တော်ကတော့ ဒီနေ့မှာ စွမ်းဆောင်ရည်အားဖြင့် မှန်ကန်ခဲ့တာတွေ အများကြီး ရှိပါတယ် ။ အသင်းသားတွေရဲ့ အရည်အသွေးကို ကျွန်တော် နှစ်သက်ပါတယ် ။ ကျွန်တော်တို့ ဒီနေ့ ကြိုးစားလုပ်ပြခဲ့တာတွေကိုလည်း ကျွန်တော် ကြိုက်ပါတယ် ။ ”

” ကျွန်တော်တို့ဟာ ထိပ်တန်း ကလပ် တသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည် အဆင့်အတန်းက ကောင်းခဲ့ပါတယ် ။ ပြိုင်ဆိုင်လိုစိတ် အပြည့်ရှိခဲ့ပါတယ် ။ ပထမပိုင်း ပြီးခါနီးက အခွင့်အရေး တကြိမ် တိုင်ထိထွက်ခဲ့ပြီး ၊ အခြား အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ် ။ ”

” တိုက်စစ်ဆင်တဲ့ နေရာမှာ သတ္တိ ပြသနိုင်ခဲ့ပြီး ၊ ခံစစ်ဆင်းတဲ့ နေရာမှာလည်း ကိုယ့်တာဝန် ကိုယ်အပြည့်ယူခဲ့ကြပါတယ် ။ ဒီတော့ သဘောကျစရာ အရာတွေတော့ အများကြီး ရှိခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR