အာဆင်နယ် သတင်းတိုများ

 

မွန်ဇာ အသင်းမှာ အငှား သွားရောက် ကစားရင်း ဓါးနဲ့ ရန်ပြု တိုက်ခိုက်ခြင်း ခံခဲ့ရပြီး ခွဲစိတ်ကုသမှု ခံယူခဲ့ရတဲ့ အာဆင်နယ် အသင်း နောက်ခံလူ ပါဘလို မာရီ ဟာ မနေ့က ဖီအိုရင်တီးနား အသင်း နဲ့ စီရီးအေ ပွဲမှာ လူစားဝင် ကစား ခဲ့ပါတယ် ။ မာရီ ဟာ လိုင်ယွန် အသင်း နဲ့ ခြေစွမ်းပွဲ မှာကတည်းက မွန်ဇာ အသင်း နဲ့ ပြန်ကစားနေတာ ဖြစ်ပေမယ့် ဒီတစ်ပတ်မှ တရားဝင် ပြိုင်ပွဲတွေမှာ ပထမဆုံး အကြိမ် ပြန်လည် ကစားတာ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ စပိန် ဆီဂန်ဒါ ကလပ် UD Ibiza မှာ အငှား သွားရောက် ကစားနေတဲ့ ကွင်းလယ်လူ မီဂွယ်လ် အဇီးဇ် ရဲ့ တစ်ရာသီ အငှား စာချုပ်ကို ဖျက်သိမ်းပြီး အသင်းထံ ပြန်ခေါ် လိုက်ပြီ ဖြစ်ပါတယ် ။ အဇီးဇ် ဟာ UD Ibiza အသင်းမှာ လုံလောက်တဲ့ ပွဲမကစားခွင့် မရတာကြောင့် အာဆင်နယ် အသင်း က ပြန်ခေါ်လိုက်တာ ဖြစ်ပြီး နောက်ထပ် အသင်း တစ်သင်းကို အငှားပြန်ချသွားဖွယ် ရှိပါတယ် ။ အဇီးဇ် ဟာ UD Ibiza ရဲ့ နောက်ဆုံး ၉ ပွဲမှာ ၂ ပွဲသာ ကစားခွင့် ရခဲ့ပါတယ် ။

The Athletic UK ရဲ့ဖော်ပြချက်အရ ဒဏ်ရာကြောင့် ကာလ အတန်ကြာ အနားယူ နေရတဲ့ အမ်မလီ စမစ်ရို ဟာ တနင်္လာနေ့မှာ ကစားမယ့် အောက်ဖိုဒ့် အသင်း နဲ့ အက်ဖ်အေ ဖလား ပွဲစဉ် မှာ ပွဲထွက် ပါဝင်လာဖွယ် ရှိတယ်လို့ သိရပါတယ် ။

Sky Sports ရဲ့ သတင်းထောက် Florian Pletternberg က အာဆင်နယ် အသင်းဟာ ဂါနာ ကြယ်ပွင့် ကူဒက်စ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ များစွာသော အသင်းတွေထဲက တစ်သင်း ဖြစ်တယ်လို့ ဆိုလိုက်ပါတယ် ။ အိုင်းယက်စ် တောင်ပံ ကစားသမား ကူဒက်စ် ဟာ ပြီးခဲ့တဲ့ ကာတာ ကမ္ဘာ့ဖလား မှာ ဂါနာ အတွက် နှစ်ဂိုး သွင်းယူ ပေးခဲ့သူ ဖြစ်ပါတယ် ။

 

အာဆင်နယ် အသင်း ရဲ့ ကွင်းလယ်လူဟောင်း ဖာဘရီဂက်စ် ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သူ့ရဲ့ coaching development အတွက် ယူ၁၈ နည်းပြ ဂျက်ဝဲလ်ရှား အပါအဝင် အကယ်ဒမီ ဝန်ထမ်းတွေ နဲ့ အလုပ်အတူ တွဲလုပ် ခဲ့ပါတယ် ။ ဖာဘရီဂက်စ် ဟာ ကစားသမား ဘဝ က အနားယူချိန်မှာ မန်နေဂျာ လောကထဲ ဝင်ရောက်ဖို့ အစီအစဉ် ရှိသူ ဖြစ်ပါတယ် ။

 

အာဆင်နယ် အသင်းဟာ ရာသီကုန်မှာ မန်ချက်စတာ စီးတီး အသင်း နဲ့ အတူတူ ရမှတ် ၈၃ မှတ် ရမှာ ဖြစ်ပေမယ့် ဂိုးကွာခြားချက် နည်းပါးမှုကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆု နဲ့ လွဲချော် သွားလိမ့်မယ်လို့ Five Thirty Eight ရဲ့ စူပါ ကွန်ပြူတာ က သုံးသပ် လိုက်ပါတယ် ။

ဒီတစ်ပတ်မှာ နူနိုတာဗာရက်စ် ဟာ မာဆေးလ် အတွက် သွင်းဂိုး တစ်ဂိုး သွင်းယူ ခဲ့ပေမယ့် အနီကဒ် ပြခံရတာကြောင့် ပွဲချိန်ပြည့် မကစားလိုက်ရပါဘူး ။ ဘာလိုဂန် ကတော့ ရိန်းစ် အသင်း အတွက် သွင်းဂိုး ၂ ဂိုး သွင်းယူ ပေးခဲ့ပါတယ် ။ ပေပေ ကလည်း ဒီတစ်ပတ် အတွင်း နိစ် အသင်းအတွက် နှစ်ပွဲ စလုံး ပါဝင် ကစားပေးခဲ့ပေမယ့် ဂိုးသွင်းယူ နိုင်ခဲ့ခြင်း မရှိပါဘူး ။

ရူနာဆန် က အလန်ယာစပေါ် အသင်း ၃-၁ နဲ့ အနိုင်ရအောင် ကူညီ ပေးနိုင်ခဲ့ပြီး မေလန်နိုင်းလ်စ် ကတော့ ဆောက်သမ်တန် အတွက် တစ်ပွဲ ပွဲထွက် ကစားပြီး ၊ တစ်ပွဲ အရန်ခုံ ထိုင်ခဲ့ရပါတယ် ။ ထရက်စ်တီ က မစ်ဒယ်ဘရော့ ကို ၃-၁ နဲ့ ရှုံးတဲ့ ပွဲမှာ ဘာမင်ဂမ် အတွက် ဒီရာသီ ပထမဆုံး ဂိုးဖန်တီးမှု လုပ်နိုင်ခဲ့ပါတယ် ။ ပါတီနို က ဒီရာသီ ဘလက်ပူးလ် အသင်း အတွက် ၂၂ ပွဲမြောက် ကစားခဲ့သလို ဟယ်ရီကလတ်ခ် က လည်း စတုတ်စီးတီး အသင်းအတွက် ပွဲချိန်ပြည့် ကစားခဲ့ပါတယ် ။ နော်တန်ကတ်ဖီ ကတော့ ရိုသာဟမ် အတွက် နှစ်ပွဲဆက် လူစားဝင်ကစားသမား အဖြစ်သာ ကစားခဲ့ရပါတယ် ။ အိုကွန်ကူး ကတော့ ဒီရာသီ ကိုးပွဲမြောက် Clean-Sheet ကို ရယူ နိုင်ခဲ့ပါတယ် ။

SPORTS MYANMAR