အရေးပါတဲ့ ပဲလေ့စ်နဲ့ နိုင်ပွဲမှာ အစွမ်းပြခဲ့တဲ့ ဟယ်ရီကိန်း ကို ချီးကျုးပြောဆို ခဲ့တဲ့ အန်တိုနီယို ကွန်တီ

 

တော့တင်ဟမ် ဟော့စပါး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ အနိုင် ရရှိပြီး ကမ္ဘာ့ဖလား အလွန် ပထမဆုံး နိုင်ပွဲကို ရယူ နိုင်ခဲ့ ပါတယ် ။

စပါး ဟာ လန်ဒန် မြို့ခံ ပြိုင်ဘက် ခရစ္စတယ် ပဲလေ့စ် နဲ့ အဝေးကွင်း ပွဲစဉ်ကို ကစားခဲ့တာ ဖြစ်ပြီး ၄ ဂိုးပြတ် အနိုင် ရရှိခဲ့ပါတယ် ။ စပါးအတွက် တိုက်စစ်မှူး ဟယ်ရီကိန်း က ၂ ဂိုး သွင်းယူ ပေးခဲ့ပြီး မက် ဒိုဟာတီ နဲ့ ဆွန်ဟောင်မင် တို့က ၁ ဂိုးစီ သွင်းပေးခဲ့ ကြပါတယ် ။

ဟယ်ရီကိန်း ရဲ့ ဂိုးတွေဟာ စပါး ကို နိုင်ပွဲဆီ ဦးဆောင်ပေးခဲ့သလို အင်္ဂလန် တိုက်စစ်မှူး ဟာလည်း ပွဲ ၃၀၀ ပြည့်တဲ့ ပွဲမှာ ပရီးမီးယားလိဂ် သွင်းဂိုး ၁၉၈ ဂိုးအထိ ရယူ ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

ဒါ့အပြင် ကိန်း ဟာ စပါး ရဲ့ ထာဝရ ဂိုးသွင်းရှင် ဂျင်မီဂရေဗ့် ရဲ ဂိုးအရေအတွက် ကို လိုက်မီဖို့ ၂ ဂိုး အလိုကိုလည်း ရောက်ရှိလာခဲ့ ပါတယ် ။

“ကမ္ဘာ့အဆင့် တိုက်စစ်မှူး တယောက် အကြောင်းကို ကျွန်တော်တို့ ပြောနေတာပါ ။ ဟယ်ရီ က သွင်းဂိုးနဲ့ ပတ်သက်တဲ့ ဘယ် စံချိန်ကို မဆို ချိုးဖျက်ဖို့ အဆင်သင့် ပါပဲ ။ အသင်းက ခက်ခဲနေတဲ့ အချိန်တွေမှာ ဟယ်ရီ က ကွင်းထဲမှာ ဘယ်လို ဦးဆောင်တယ် ၊ အသင်း နဲ့ အသင်းဖော်တွေကို ဘယ်လို ကူညီတယ် ၊ ဘယ်လို တိုက်ပွဲဝင်တယ်ဆိုတာကို အားလုံး သိကြပြီး ဖြစ်မှာပါ” လို့ တော့တင်ဟမ် ဟော့စပါး နည်းပြကြီး ကွန်တီ က ဟယ်ရီကိန်း ကို ချီးကျုး ပြောဆိုခဲ့ ပါတယ် ။

ဆက်လက်ပြီး ကွန်တီ က အိုလီဗာ စကစ် ၊ ပါပီ မာတာ ဆား ၊ ဘရိုင်ယန် ဂီလ် တို့လို လူငယ် ကစားသမားလေးတွေ ကိုလည်း ချီးကျုး ပြောဆိုခဲ့သလို ကူလူဆက်ဗ်စကီး ၊ ဘန်တန်ကာ နဲ့ ရစ်ချလီဆင် တို့ကို ဒဏ်ရာတွေ ကနေ အမြန်ဆုံး ပြန်လည် သက်သာလာဖို့ မျှော်လင့်ကြောင်းလည်း ပြောဆို သွားခဲ့ ပါတယ် ။

 

“၃ မှတ်ရဖို့က အရေးအကြီးဆုံးပါ ။ ၄ ဂိုးသွင်းပြီး ဂိုးပြန်မပေး ရတာကတော့ အပိုဆုပါပဲ ။ ဒီနိုင်ပွဲက အသင်းကို ယုံကြည်မှုတွေ ပေးစွမ်းနိုင်မှာပါ ။ ဗီလာ နဲ့ ပွဲတုန်းက ပထမပိုင်း ကစားပုံကောင်း ခဲ့ပေမယ့် ဂိုးပေး လိုက်ရ အပြီးမှာ ယုံကြည်ချက်တွေ ပျောက်သွားခဲ့ ပါတယ် ။ ဒါကို ၂ ရက် ၃ ရက်နဲ့ ပြန်ကုစား နိုင်တာ ကောင်းတဲ့ ကိစ္စပါပဲ” လို့ ကွန်တီ က ဆက်လက် ပြောဆိုခဲ့ ပါတယ် ။

ဟယ်ရီကိန်း ကလည်း ဒီနိုင်ပွဲဟာ အသင်းအတွက် အရေးပါတဲ့ အရွေ့တခု ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပြီး ဗီလာ ရှုံးပွဲက ဒဏ်ရာကို မြန်မြန် ကုစားနိုင်တဲ့ အတွက် ဝမ်းမြောက်မိတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

“ဒီပွဲက ဒီရာသီ အတွက် အရေးပါတဲ့ပွဲလို့ ကျွန်တော် ခံစားမိပါတယ် ။ ပွဲထဲမှာ ၁-၀ နဲ့ ဦးဆောင် ခံလိုက်ရပြီ ဆိုရင် ပြန် လိုက် ကစားနိုင်ဖို့ ခွန်အားတွေ လိုပါတယ် ။ ရှေ့ပွဲတုန်းက ဒါကို ကွှန်တော်တို့ မလုပ် နိုင်ခဲ့ပါဘူး ။ အခု ဒီပွဲမှာ ပြန်ချေပ နိုင်ခဲ့ပါပြီ”

 

“၁-၀ ဆိုတာ မသေချာတဲ့ အနေအထားပါ ၊ ပြိုင်ဘက် က အချိန်မရွေး ပြန်လာနိုင်ပါတယ် ။ ဒါကြောင့် ဒုတိယ ဂိုးက အမြဲ အရေးကြီးခဲ့တာပါ ။ ဒါကို ခပ်မြန်မြန်လုပ် နိုင်ခဲ့လို့ ဝမ်းသာမိပါတယ်” လို့ ကိန်းက ပြောဆိုခဲ့ ပါတယ် ။

ဒီနိုင်ပွဲဟာ စပါး ကို အဆင့် ၄ နေရာက မန်ယူနိုက်တက် နဲ့ ၂ မှတ်အကွာမှာ ဆက်လက် ရှိနေစေခဲ့ပြီး အဆင့် ၆ က လီဗာပူး ကိုလည်း ၅ မှတ် ဖြတ်ထားနိုင်ခဲ့ ပါတယ် ။ ( စပါးက တပွဲပို ကစားထားသည် )

 

တော့တင်ဟမ် ဟော့စပါး ဟာ လာမယ့် စနေနေ့မှာ FA Cup ပွဲစဉ် အဖြစ် ပိုစ့်မောက်သ် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပြီး အဆိုပါ ပွဲ အပြီးမှာတော့ အဆင့် ၁ က အာဆင်နယ် အသင်းကို ဇန်နဝါရီ ၁၅ ရက်နေ့မှာ ရင်ဆိုင် ကစားသွားရမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR