သရေကျတဲ့ ဆင်ပျံကြီး ၊ ရိုနယ်ဒို အကြောင်းငြင်းတဲ့ နည်းပြ ၊ ပီလီ ရဲ့ ဈာပန တို့နဲ့ . . . နံနက်ခင်း အားကစားသတင်းများ

 

မနေ့ညက ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ အဆင့် ၁ က အာဆင်နယ် အသင်းနဲ့ အဆင့် ၃ က နယူးကာဆယ် တို့ ထိပ်တိုက်တွေ့ဆုံ ခဲ့ကြပြီး ဂိုးမရှိ သရေ ရလဒ် နဲ့ ပြီးဆုံးသွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကတော့ ဘုန်းမောက် ကို အိမ်ကွင်းမှာ ၃ ဂိုးပြတ် အနိုင် ကစားပြီး နယူးကာဆယ် နဲ့ အမှတ်တူညီ သွားခဲ့ ပါတယ် ( နယူးကာဆယ် တပွဲပို )

အခြားပွဲတွေ မှာတော့ ဘရိုက်တန် က အဲဗာတန် ကို အဝေးကွင်းမှာ ၄-၁ ၊ ဖူလ်ဟမ် က လက်စတာ ကို အဝေးကွင်းမှာ ၁-၀ ရလဒ်တွေနဲ့ အသီးသီး အနိုင် ရရှိ ခဲ့ကြပါတယ် ။

အဲဗာတန် နည်းပြ ဖရန့်လမ်းပတ် နဲ့ လက်စတာ နည်းပြ ဘရန်ဒွန် ရော်ဂျာ တို့ရဲ့ ထုတ်ခံရနိုင်ချေ တွေကတော့ ပိုမိုမြင့်မားလာခဲ့ ကြပါတယ် ။

ဂျုဒ်ဘယ်လင်ဟမ် အနေနဲ့ နွေရာသီ အထိ အသင်းမှာ ဆက်လက် ရှိနေပါက ဒေါ့မွန် အနေနဲ့ အင်္ဂလန်သားရဲ့ ပြောင်းရွှေ့ကြေး ကို လျော့ချ ပေးသွားဖို့ စိတ်ကူး ရှိနေတယ်လို့ သတင်း ကြားသိရပါတယ် ။

နယူးကာဆယ် နည်းပြ အက်ဒီဟောင်း က သူတို့ အသင်း ချန်ပီယံလိဂ် ဝင်ခွင့် ရရှိပါက ဆော်ဒီ ကလပ် ကနေ ရိုနယ်ဒို ကို အငှားနဲ့ ခေါ်ယူဖို့ အစီအစဉ် ရှိထားတယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ ပါတယ် ။

မန်ချက်စတာ စီးတီး အသင်းဟာ ကမ္ဘာ့ဖလားအလွန် ပွဲစဉ်တွေမှာ နောက်ခံ အစွန်လူ အဖြစ် ပါဝင် ကစားနေတဲ့ အကယ်ဒမီ ကစားသမားလေး ရီကို လူးဝစ် ကို စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

လာဇီယို အသင်းကတော့ ဆီဗီးလား နဲ့ စာချုပ် ဖျက်သိမ်း လာခဲ့တဲ့ ရီးရဲမက်ဒရစ် နဲ့ စပိန် ကွင်းလယ်လူဟောင်း အစ္စကို ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သိရှိရပါတယ် ။

တော့တင်ဟမ် ဟော့စပါး နည်းပြ အန်တိုနီယို ကွန်တီ ဟာ အသင်းရဲ့ တိုးတက်မှု နဲ့ ပတ်သက်ပြီး သူ လိုချင်တဲ့ အနေအထားမျိုး မရှိလာပါက သူ့အနေနဲ့ အသင်းကနေ ထွက်ခွာ ရနိုင်တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

မနေ့ညက ဘုန်းမောက် နဲ့ ပွဲမှာ ဒဏ်ရာ ရရှိခဲ့တဲ့ မန်ယူနိုက်တက် ကွင်းလယ်လူ ဒွန်နီ ဗန်ဒီဘိ ဟာ ရက်သတ္တပတ် နဲ့ချီအောင် နားရနိုင်ပြီး နည်းပြ တန်ဟတ် ကလည်း နယ်သာလန်သားရဲ့ အခြေအနေဟာ အဆင်ပြေဖို့ အလားအလာ နည်းတယ်လို့ ယူဆရကြောင်း ထုတ်ဖော် ပြောဆိုခဲ့ ပါတယ် ။

ဝက်စ်ဟမ်း အသင်းဟာ စီးရီးအေ ကလပ် အတ္တလန်တာ မှာ ကစားနေတဲ့ ယူကရိန်း ကွင်းလယ်လူ ရူစလန် မီလန်နော့ဗ်စကီး ကို ခေါ်ယူဖို့ ပြောဆို ဆွေးနွေး နေပြီး တော့တင်ဟမ် ဟော့စပါး အသင်းကလည်း အပြိုင် ကမ်းလှမ်းဖွယ် ရှိနေပါတယ် ။

ဘရန့်ဖိုဒ့် အသင်းကတော့ ဖရိုင်းဘတ် မှာ ကစားနေတဲ့ ၂၁ နှစ် အရွယ် တောင်ပံ ကစားသမားလေး ကီဗင် ရှိတ် ကို ပေါင် ၂၂ သန်း နဲ့ ခေါ်ယူ နိုင်ခဲ့ပြီး ဖြစ်ကာ လူငယ်လေးဟာ ဆေးစစ်မှု ခံယူဖို့ လန်ဒန် ကို ထွက်ခွာ လာခဲ့ပြီလိ့ု သိရပါတယ် ။

လီဗာပူး တောင်ပံ ကစားသမားသစ် ကိုဒီ ဂတ်ပို ဟာ ဝုဗ် အသင်းနဲ့ ကစားမယ့် FA Cup ပွဲစဉ်မှာ အန်ဖီးလ် ကလပ် အတွက် စတင် ပါဝင် ကစားဖွယ် ရှိတယ်လို့လည်း ကြားသိရပါတယ် ။

ဂျာမန် ကလပ် ဖရန့်ဖွတ် ဟာ နွေရာသီမှာ စာချုပ် သက်တမ်းကုန်မယ့် ဂျပန် ကွင်းလယ်လူ ကာမာဒါ ကို စာချုပ် သက်တမ်းတိုးဖို့ အခက်အခဲ ရှိနေပြီး ဆီဗီးလား အပါအဝင် လာလီဂါ ကလပ်တွေက ဂျပန် ကွင်းလယ်လူ ရဲ့ အခြေအနေကို စောင့်ကြည့် နေကြပါတယ် ။

ဘောလုံး ဂန္ထဝင်ကြီး ပီလီ ရဲ့ ဈာပန ကို မနေ့က ပြုလုပ် သွားခဲ့ ပါတယ် ။ ပီလီ ရဲ့ ရုပ် ခန္ဓာ ပါဝင်တဲ့ အခေါင်း ကို ဆန်းတိုစ့် ကွင်းထဲကနေ မီးသတ်ကား နဲ့ သယ်ဆောင် လာခဲ့ပြီး မြို့တွင်း သုဿာန်မှာ မြုပ်နှံ ခဲ့ပါတယ် ။

ဒီအခမ်းအနား ကို ပရိသတ် သောင်းနဲ့ချီပြီး လာရောက် နှုတ်ဆက်ခဲ့ကြတယ်လို့ သိရှိရ ပါတယ် ခင်ဗျာ . . . ။

 

SPORTS MYANMAR