ဘုန်းမောက်နဲ့ ပွဲစဥ်မှာ အတူတွဲဖက် ကစားခဲ့ရတဲ့ အသင်းဖော် မက်ဂွားယားရဲ့ ​စွမ်းဆောင်ရည်အပေါ် မှတ်ချက်ပေးလိုက်တဲ့ လင်ဒီလော့ဖ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ ဘုန်းမောက် အသင်းကို ရင်ဆိုင် ကစားခဲ့ရပြီး 3 – 0 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ်နိုင်ပွဲ ရယူသွားနိုင်ခဲ့ပြီး အမှတ်ပေး ဇယား အဆင့် 4 နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် ဟာ ရာဖေးလ် ဗာရန်းကို အနားပေးခဲဲ့ပြီး ဗဟို ခံစစ် နေရာမှာ ကစားလို့ ဝေဖန်ခံခဲ့ရတဲ့ လုခ်ရှော ကို ဘယ် နောက်ခံလူ နေရာ ပို့ဆောင်ခဲ့ကာ လင်ဒီလော့ဖ် နဲ့ မက်ဂွားယား တို့ကို ပွဲထုတ်ခဲ့ပါတယ် ။

ဒါဟာ ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီး ပြီးဆုံးပြီးနောက် လင်ဒီလော့ဖ် အတွက် ဒုတိယ အကြိမ်မြောက် ပွဲထွက် ကစားခွင့် ရရှိခြင်း ဖြစ်သွားခဲ့သလို မက်ဂွားယား အတွက်တော့ ပထမဆုံး အကြိမ် ပွဲထွက် ကစားခွင့် ရရှိခြင်း ဖြစ်ခဲ့ပြီး လင်ဒီ + မက်ဂွားယား ခံစစ်ကို တဖန် ပြန်လည် မြင်တွေ့ခဲ့ရပါတယ် ။

ဒီပွဲမှာတော့ သူတို့ နှစ်ဦးလုံးဟာ အကောင်းဆုံး ခြေစွမ်းတွေကို မပြသနိုင်ခဲ့ကြပေမဲ့ အတွဲအဖက်ညီစွာ လှုပ်ရှားနိုင်ခဲ့ကြပြီး ဒီဂီယာရဲ့ လက်စွမ်းကောင်း ပြသနိုင်မှုနဲ့အတူ Clean Sheet ရယူသွားနိုင်ခဲ့ကြပါတယ် ။ ဒါဟာ ယူနိုက်တက် အတွက် 4 ပွဲဆက် Clean Sheet ဖြစ်ခဲ့ရပါတယ် ။

အဆိုပါ ပွဲစဥ် အပြီးမှာတော့ ယူနိုက်တက် ခံစစ်မှူး လင်ဒီလော့ဖ် က သူနဲ့ မက်ဂွားယား တို့ဟာ ပွဲစဥ်တွေ အများကြီး တွဲဖက် ကစားဖူးသူတွေ ဖြစ်ကြောင်း ၊ ဒီတစ်ကြိမ် မက်ဂွားယား နဲ့ တွဲဖက် ကစားခဲ့ရတာက ကောင်းကောင်း အလုပ်ဖြစ်ခဲ့ကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

” သိပ်ဟုတ်တာပေါ့ ၊ ကွင်းထဲ ပြန်လည် ဝင်ရောက်ခွင့် ရရှိတာနဲ့ ပွဲကစားချိန် မိနစ်တွေ ပြန်လည် ရရှိတာက တကယ့်ကို ကောင်းမွန်လှပါတယ် ။ အသင်းကို အနိုင် သုံးမှတ် ရရှိအောင် ကူညီပေးနိုင်တယ်ဆိုတာက အမြဲတမ်း ​ကောင်းမွန်တဲ့အရာ ဖြစ်ခဲ့ရတယ်လေ ”

” ကျွန်တော်ကတော့ ရုပ်ပိုင်းဆိုင်ရာ ခံစားချက် ကောင်းမွန််ခဲ့ပါတယ်။ ကျွန်တော် မက်ဂွားယားနဲ့ ပွဲစဥ်တွေ အများကြီး အတူ တွဲဖက် ကစားဖူးပြီး ဒီတစ်ကြိမ် ကောင်းကောင််း အလုပ်ဖြစ်ခဲ့ရပါတယ် ။ သူဟာ အံ့ဖွယ် ကစားသမားကောင်း တစ်ဦးပါ ။ ဒီနေ့ သူဟာ high level စွမ်းဆောင်ရည် ပြသသွားနိုင်ခဲ့ပါတယ် ”

” ဂိုးတွေ သွင်းယူရင်း clean sheet ရတယ်ဆိုတာက တကယ့်ကို ကောင်းမွန်တဲ့ အရာပဲလေ ။ ဒါပေမဲ့ ပွဲစဥ်ပြီးဆုံးခါနီးမှာ ကျွန်တော်တို့ဟာ မိမိကိုယ်တိုင် ကစားရခက်သွားအောင် လုပ်သလို ဖြစ်သွားခဲ့ရပါတယ် ။ ကျွန်တော်တို့ ဒီထက် ပိုပြီး ပွဲစဥ်ကို ထိန်းချုပ်နိုင်ခဲ့သင့်ပါတယ် ”

” ဘယ်လိုပဲ ဖြစ်ပါစေ ၊ ကျွန်တော်တို့ Clean Sheet ရယူနိုင်ခဲ့ကြပြီး ပွဲစဥ်ကို အနိုင်ယူနိုင်ခဲ့ကြတယ်လေ ။ ဒါဟာ ဘောလုံးမှာ အရေးအကြီးဆုံး အရာပါပဲ ” လို့ လင်ဒီလော့ဖ် က ပွဲအပြီး အင်တာဗျူးမှာ ပြောကြားသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar