ကစားသမား ၃ ဦးသာ ကြံ့ခိုင်မှုပြည့်ဝနေမယ် ဆိုရင် အာဆင်နယ်တို့ ပရီးမီးယားလိဂ် ဆွတ်ခူးနိုင်ရန် အရမ်းကောင်းတဲ့ chance ရှိတယ်လို့ ဆိုလိုက်တဲ့ အီရန်ရိုက်

 

အာဆင်နယ် ဂန္တဝင်ကစားသမားဖြစ်သူ အီရန်ရိုက်က သူ့အသင်းဟောင်းရဲ့ ကစားသမား ၃ ဦးသာ ကြံ့ခိုင်မှု ပြည့်ဝနေမယ်‌ဆိုရင် ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်ရန် အရမ်းကောင်းတဲ့ အခွင့်အရေး ရှိနေတယ်လို့ ဆိုလိုက်ပါတယ်။ ဂန်းနားတို့ဟာ မနေ့ညက အမ်းမရိတ်မှာ နယူးကာဆယ်နဲ့ ဂိုးမရှိသရေကျသွားခဲ့တာကြောင့် သရေတစ်မှတ်သာ ရယူနိုင်ခဲ့ကာ ဒုတိယနေရာက မန်စီးတီးထက် တစ်ပွဲပို ကစားကာ ၈ မှတ်အသာနဲ့ ဦးဆောင်နေပါတယ်။

လက်ရှိ ချန်ပီယံ မန်စီးတီး အနေနဲ့ လာမည့် ကြာသပတေးနေ့မှာ ချဲလ်ဆီးကို အနိုင်ရရှိခဲ့မယ်ဆိုရင်တော့ အာဆင်နယ်နဲ့ ၅ မှတ်အကွာကို ပြန်လည် ရောက်ရှိလာမှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဒီိရာသီ ပရီးမီးယားလိဂ်မှာ ၁၇ ပွဲကစားထားခဲ့ရာမှာ ၃ ပွဲသာ အမှတ်လျော့ထားခဲ့တဲ့ အသင်း ဖြစ်ပြီး ရိုက်ဟာ ဒါဟာ ဂန်းနား ပရိတ်သတ်တွေအတွက် စပယ်ရှယ် အခိုက်အတန့်တွေ ဖြစ်တယ်လို့ ဆိုသွားပါတယ်။

အီရန်ရိုက်ဟာ မန်စီးတီးရဲ့ ခြိမ်းခြောက်နိုင်စွမ်းကို ကောင်းကောင်း သိနေပေမယ့်လည်း အာဆင်နယ် အနေနဲ့ ဘူကာယိုဆာကာ သောမတ်ပါတေး နဲ့ မာတင်အိုဒီဂတ် တို့သာ ကြံ့ခိုင်မှုပြည့်ဝနေမယ်ဆိုရင် ပက်ဂွာဒီယိုလာရဲ့ အသင်းကို ကျော်ကာ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်မှာ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ရိုက်က “လက်ရှိအချိန်မှာ အာဆင်နယ် ပရိတ်သတ်တွေ အနေနဲ့ ဒီအခိုက်အတန့်ကို enjoy ဖြစ်နေရန် ကျနော် တောက်လျှောက် ပြောလာခဲ့ပါတယ်။ ကစားသမားတွေဟာ လက်ရှိမှာ သူတို့ရဲ့ လုပ်ဆောင်မှုတွေ အပေါ် enjoy ဖြစ်နေပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်ဖို့ကတော့ ခက်ခဲမှာပါ။ မန်စီးတီးတို့ ဘယ်လောက် ကောင်းသလဲဆိုတာ ကျနော်တို့ သိထားပြီးသားပါ။ သူတို့ဟာ အဓိက ကစားသမား တစ်ချို့ ဒဏ်ရာရနေတာတောင် ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်အောင် လုပ်ဆောင်နိုင်တဲ့ တစ်ခုတည်းသော အသင်း ဖြစ်ပါတယ်။

ဒါဟာ တကယ့် စပယ်ရှယ် အခိုက်အတန့် ဆိုတာ အာဆင်နယ် ပရိတ်သတ်တွေ သိထားပြီးသားပါ။ သူတို့ဟာ အခုချိန်ထိ မေးခွန်းတိုင်းကို ကောင်းကောင်း ဖြေကြားထားနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒဏ်ရာပြသနာ တစ်ချို့သာ ကြုံကြုံတွေ့ခဲ့ရမယ်ဆိုရင် ခြားနားတဲ့ ပုံပြင် ဖြစ်သွားနိုင်ပါတယ်။ အာဆင်နယ် အနေနဲ့ ဇန်နဝါရီ အပြောင်းအရွေ့ဈေးကွက်မှာ ကစားသမား တစ်ချို့ ခေါ်ယူ အားဖြည့်နိုင်တဲ့ အခွင့်အရေးတော့ ရှိနေပါတယ်။ ဒါပေမယ့် ဒီိရာသီ အာဆင်နယ် အသင်းကို ကြည့်လိုက်ပါ။ ဆာကာ ပါတေး နဲ့ အိုဒီဂတ် တို့ဟာ အကောင်းဆုံး လုပ်ပြထားခဲ့ပါတယ်။

အကယ်၍ ပါတေး ဆာကာ နဲ့ အိုဒီဂတ် တို့သာ ရာသီကုန်ထိ ကြံ့ခိုင်မှု ပြည့်ဝနေမယ်ဆိုရင်…ဒီလို ဖြစ်နိုင်ဖို့အတွက် ခက်ခဲမှုတော့ ရှိပါတယ်။ ဒီသုံးဦးသာ ကြံ့ခိုင်မှု ပြည့်ဝနေမယ်ဆိုရင် အာဆင်နယ် အနေနဲ့ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်ရန် အရမ်းကောင်းတဲ့ အခွင့်အရေး ရှိနေပါတယ်။” လို့ပြောသွားပါတယ်။

အာဆင်နယ်ဟာ လာမည့် တနင်္လာနေ့မှာ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်မအဖြစ် အောက်စ်ဖို့ဒ်နဲ့ ကစားရမှာ ဖြစ်ကာ အဲဒီနောက် ဇန်နဝါရီ ၁၅ ရက်နေ့မှာ ‌မြောက်လန်ဒန်ဒါဘီ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် တော့တင်ဟမ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။

SPORTS MYANMAR