မန်ယူနိုက်တက်ကို ကျော်ပြီး ပရီးမီးယားလိဂ် စတား တဦးအား ချဲလ်ဆီးတို့ လက်ဦးမှု ရယူကာ ခေါ်ယူနိုင်ဖို့ မျှော်မှန်းထားတဲ့ မိုက်ကယ် အိုဝင်

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ စျေးကွက် အတွင်းမှာ ပေါင်သန်း ၂၅၀ကျော် သုံးစွဲကာ ကစားသမားသစ် အများအပြား ခေါ်ယူထားခဲ့သလို ၊ လက်ရှိ ဇန်နဝါရီ စျေးကွက် အတွင်းမှာလည်း ကစားသမားသစ် ၃ ၊ ၄ဦး ထပ်ဖြည့်နိုင်ဖို့ ပစ်မှတ်ထားလျက် ရှိပါတယ် ။

လာမယ့် နွေရာသီမှာလည်း ချဲလ်ဆီးတို့ ငွေသုံးဆက်ကြမ်းမယ့်ပုံ ပေါ်ပြီး ၊ အခုကတည်းက လိုက်ပ်ဇစ် အသင်းမှ ပြင်သစ် ကြယ်ပွင့် တိုက်စစ်မှူး ခရစ်တိုဖာ အန်ကန်ကူကို ခေါ်ယူဖို့ အကြို ုသဘောတူညီမှု ရထားပြီ ဖြစ်ပါတယ် ။ ဒါ့အပြင် ဂျော်ဂျင်ဟို ထွက်ဖို့ အလားအလာများနေတဲ့ ကွင်းလယ် တနေရာ အတွက်လည်း ချဲလ်ဆီးတို့ လာမယ့် နွေတတွင်းမှာ ဆက်လှုပ်ရှားသွားဖို့ ရှိပါတယ် ။

လောလောဆယ်မှာတော့ ချဲလ်ဆီးဟာ တရားဝင် ဂျာစီနဲ့ အတူ မကြေညာရသေးပေမယ့် ၊ နော်ဝေးကလပ် မိုလ်ဒီ အသင်းမှ အိုင်ဗရီကို့စ် လူငယ် တိုက်စစ်မှူး ဒေးဗစ်ဒတ်ထရို ဖိုဖာနာနဲ့ ဘရာဇီးကလပ် ဗတ်စကိုဒတ်ဂါးမား အသင်းမှ ဆယ်ကျော်သက် ကွင်းလယ်လူ အန်ဒရေ ဆန်းတို့စ်တို့ကို ခေါ်ယူထားပြီး ဖြစ်ပါတယ် ။

ဒါ့အပြင် မိုနာကိုမှ အသက် ၂၁နှစ် အရွယ် ပြင်သစ် ကြယ်ပွင့် ခံစစ်မှူး ဘန်နွိုင်း ဘတ်ဒီယာရှီးလ်ကိုလည်း ချဲလ်ဆီးတို့ မကြာခင်မှာ တရားဝင် ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ် ။ ဘင်ဖီကာ အသင်းမှ ကမ္ဘာ့ဖလား ချန်ပီယံဆုရ အာဂျင်တီးနား ကြယ်ပွင့် ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ကိုလည်း ဒီဇန်နဝါရီ အတွင်းမှာပဲ ခေါ်ယူနိုင်ဖို့ ချဲလ်ဆီးတို့ အကြိတ်အနယ် ကြိုးပမ်းနေပါတယ် ။

အန်ဇိုကို ခေါ်ယူနိုင်ခဲ့ရင်တော့ ချဲလ်ဆီးဟာ လာမယ့် နွေရာသီမှာ ဝက်စ်ဟမ်းမှ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ခံစစ်ကစားသမား ဒက်ကလန်ရိုက်စ်ကို ခေါ်ယူဖို့ အလားအလာ နည်းသွားနိုင်ပါတယ် ။ လီဗာပူး တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ လာမယ့် ရာသီ ရိုက်စ်ကို ချဲလ်ဆီးမှာ မြင်ရဖို့ မျှော်မှန်းထားပေမယ့် ၊ ချဲလ်ဆီးတို့ အမှန်တကယ် လိုအပ်တာက ဂိုးပုံမှန် သွင်းပေးမယ့် ဒေါင်ဒေါင်မြည် တိုက်စစ်မှူး တဦး ဖြစ်ကြောင်း သုံးသပ်သွားပါတယ် ။

Premier League Production နဲ့ တွေ့ဆုံခဲ့ရာမှာ အိုဝင် က ” ချဲလ်ဆီးဟာ အားထားရတဲ့ အထောင်တိုက်စစ်မှူးစစ်စစ် မရှိတာ အတော်ကြာပါပြီ ။ တိုက်စစ်မှူး နေရာ ဆိုတာ ချဲလ်ဆီးမှာ သင်္ချိုင်းသဖွယ်ပါပဲ ။ ဒီဒီယာ ဒရော့ဘာ နောက်ပိုင်း သူတို့ဟာ တိုက်စစ်မှူး နေရာ အတွက် ဖြည့်တင်းမှု လုပ်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။ ”

” ဒီကြားထဲ ချဲလ်ဆီးဟာ အံ့သြဖွယ်ကောင်းပြီး ၊ တန်ကြေးမြင့်မားတဲ့ ခေါ်ယူမှု အချို့ လုပ်ခဲ့ဖူးပါတယ် ။ ရိုမီလူ လူကာကူကတော့ နောက်ဆုံး တယောက်ပေါ့ ။ တိုက်စစ်မှူးတွေ အတွက် ပေါင်သန်း ရာကျော် သုံးလင့်ကစား သူတို့ဟာ အခုအချိန်မှာ တိုက်စစ်မှူးနဲ့တောင် ကစားနေတာ မဟုတ်ပါဘူး ။ ”

” တကယ်တမ်းမှာ သူတို့ဟာ လက်ရှိ အထောင်တိုက်စစ်မှူး လုံလုံလောက်လောက် မပိုင်ဆိုင်ထားပါဘူး ။ ရှိတဲ့ တယောက်ကလည်း ကာလရှည် ဒဏ်ရာ ရနေတဲ့ အာမန်ဒို ဘရိုဂျာ ဖြစ်ပါတယ် ။ သူဟာ မနှစ်က ဆောက်သမ်တန် အသင်းမှာ အငှားထွက်ခဲ့ရတာပါ ။ ”

” သူတို့ အနေနဲ့ မဖြစ်မနေ ထပ်ဖြည့်တင်းရမယ့် နေရာ တနေရာ အကြောင်း ပြောပါဆိုရင် တိုက်စစ်မှူး နေရာ ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဒီတော့ သူတို့ဟာ တိုက်စစ်မှူးသစ် အတွက် ငွေကြေးများစွာ သုံးစွဲပါဦးမယ် ။ ဒါ့အပြင် လာမယ့် နွေရာသီမှာ သူတို့ဆီ ဒက်ကလန်ရိုက်စ်တောင် ရောက်လာဖို့ ကျွန်တော် မြင်နေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR