အာဆင်နယ် ကြယ်ပွင့်ဟာ ဒီဘရိုင်း ထက် ပိုကောင်းနေတယ်လို့ သုံးသပ်လိုက်တဲ့ အဘွန်လဟော်

အက်စတွန်ဗီလာ အသင်း နဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း အဘွန်လဟော် က လက်ရှိ ခြေစွမ်း အရဆို အာဆင်နယ် အသင်း ရဲ့ အသင်း ခေါင်းဆောင် မာတင် အော်ဒီဂတ် ဟာ မန်စီးတီး ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်း ထက်် ပိုကောင်းနေတယ်လို့ သုံးသပ် ပြောကြား လိုက်ပါတယ် ။

ဒီရာသီမှာ နော်ဝေ နဲ့ အာဆင်နယ် အသင်း ရဲ့ ကပ္ပတိန် အော်ဒီဂတ် ဟာ သူ့ရဲ့ ဖန်တီးမှု ၊ ပင်ကို စွမ်းရည်နဲ့ အတူ နည်းပြ အာတီတာ ရဲ့ ကစားကွက်မှာ အဓိက ကျနေသူ တစ်ဦး ဖြစ်ပါတယ် ။ အသက် ၂၄ နှစ် အရွယ် အော်ဒီဂတ် ဟာ နောက်ဆုံး ကစားခဲ့တဲ့ ဘရိုက်တန် နဲ့ ပွဲမှာလည်း အထင်ကြီးစရာ စွမ်းဆောင်ရည် ပြသ နိုင်ခဲ့ပါတယ် ။

ဘရိုက်တန် နဲ့ ပွဲမှာ အော်ဒီဂတ် ဟာ အာဆင်နယ် အတွက်တစ်ဂိုး သွင်း ၊ တစ်ဂိုးဖန်တီး ပေးနိုင် ခဲ့ပါတယ် ။ ဘရိုက်တန် နဲ့ ပွဲက အော်ဒီဂတ် ရဲ့ သွင်းဂိုးဟာ လှပ သေသပ်ခဲ့သလို မာတင်နယ်လီ ရဲ့ သွင်းဂိုး ကို သူ့ရဲ့ဖန်တီးပေးပို့မှုကို တကယ့်ကို အဆင့်အတန်း မြင့်မားခဲ့ပါတယ် ။

အော်ဒီဂတ် ဟာ ဒီရာသီ အာဆင်နယ် အတွက် သွင်းဂိုး ပါဝင် ပတ်သက်မှု အများဆုံး ကစားသမားလည်း ဖြစ်နေပြီး သွင်းဂိုး ၇ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ် ထားပါတယ် ။ အဘွန်လဟော် ကတော့ ဘရိုက်တန် နဲ့ ပွဲက အော်ဒီဂတ် ရဲ့ assist ကို အထူးတလည် ချီးကျူးရင်း လက်ရှိမှာ ဒီဘရိုင်း ထက်တောင် ပိုကောင်းနေတယ်လို့ ဆိုလိုက်ပါတယ် ။

” အာဆင်နယ် အသင်း ရဲ့ စတုတ္တသွင်းဂိုးမှာ ဖန်တီး ပေးပို့သူက အော်ဒီဂတ် မဟုတ်ဘဲ ဒီဘရိုင်း သာ ဖြစ်နေရင် ကျနော်တို့ ဒီအကြောင်းကို ပြောလို့ ဆုံးမှာ မဟုတ်တော့ပါဘူး ။ လက်ရှိ ခြေစွမ်းအရဆို ကျနော်ကတော့ အော်ဒီဂတ် ဟာ ဒီဘရိုင်း ရဲ့ အထက်မှာ ရှိတယ်လို့ မြင်ပါတယ် ၊ သူ ကစားတာ အတော်လေး ကောင်းပါတယ် ။ ” လို့ ချီးကျူး သွားခဲ့ပါတယ် ။

လီဗာပူး ကစားသမားဟောင်း ဒန်နီမာဖီ ကလည်း BBC’s Match of the Day မှာ မာတင် အော်ဒီဂတ် ဟာ ဂန်းနားတို့အတွက် အစားထိုးလို့ မရတဲ့ ကစားသမား ဖြစ်တယ်လို့ ချီးကျူး ထားပါတယ် ။

” ကျနော်ကတော့ အော်ဒီဂတ် နေရာ အစားထိုးဖို့က အာဆင်နယ် အသင်းအတွက် ခက်ခဲ လိမ့်မယ်လို့ ထင်ပါတယ် ။ အာဆင်နယ် အသင်းမှာ တခြား အရည်အသွေးမြင့် ကစားသမားတွေ ရှိပါတယ် ၊ ဒါပေမယ့် အော်ဒီဂတ် နေရာကို အစားဝင်နိုင်မယ့်သူတော့ မမြင်မိပါဘူး ။ ”

” အာဆင်နယ် အသင်းက ထိပ်ဆုံးကို ထိုက်ထိုက်တန်တန် ရောက်နေတာပါ ၊ သူတို့ ပြန်ပြုတ်ကျလိမ့်မယ်လို့ တွေးထင် ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဖြစ်မလာ ခဲ့ပါဘူး ။ ” လို့ ပြောကြား ခဲ့တာပါ ။

SM