ဂတ်ပိုကို ခေါ်ယူခဲ့ပြီးနောက် လီဗာပူးတို့ ကွင်းလယ်လူတစ်ဦး ထပ်ပြီးခေါ်ယူဖို့ ရှိသလားဆိုတဲ့ မေးခွန်းကို ဖြေကြားလိုက်တဲ့ ယာဂန်ကလော့

ကိုဒီဂတ်ပိုကို ခေါ်ယူနိုင်ခဲ့ပြီးနောက် လီဗာပူးတို့ လက်ရှိ ဇန်နဝါရီ အအပြောင်းအရွေ့ဈေးကွက်မှာ ‌နောက်ထပ် ကစားသမားတွေ ခေါ်ယူသွားဖို့ အခြေအနေ ရှိသလားဆိုတဲ့ မေးခွန်းကို ယာဂန်ကလော့က တုန့်ပြန်သွားခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူး မန်နေဂျာက ယနေ့ည ဘရန်ဖို့ဒ် နဲ့ပွဲစဉ်မှာ နယ်သာလန် ကြယ်ပွင့် ပါဝင်နိုင်ဖို့ အခြေအနေ သိပ်မရှိတဲ့ အကြောင်းကိုလည်း ရှင်းပြသွားခဲ့ပါတယ်။

မာဆေးဆိုက်ကလပ်ဟာ ပြီးခဲ့တဲ့အပတ်က ဂတ်ပိုကို PSV ထံကနေ ‌ပေါင် ၄၄ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီး နယ်သာလန် လက်ရွေးစင်ဟာ လီဗာပူးတို့ လက်စတာကို အန်ဖီးမှာ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ကို ကွင်းထဲမှာ လာရောက် ကြည့်ရှုသွားခဲ့ပါတယ်။ လီဗာပူးဟာ အားနည်းနေတဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းရန် အစီအစဉ် ရေးဆွဲထားလျက်ရှိနေကာ ဒေါ့မွန်ရဲ့ ဘယ်လင်ဟမ် နဲ့ ဘင်ဖီကာရဲ့ အန်ဇိုဖာနန်ဒက်စ် တို့ဟာ ၎င်းတို့ရဲ့ ထိပ်တန်း ပစ်မှတ်ကစားသမားတွေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကလော့က ဇန်နဝါရီမှာ သူတို့အနေနဲ့ နောက်ထပ် ကစားသမားတစ်ဦး ခေါ်ယူသွားနိုင်ဖို့ အခြေအနေ သိပ်မရှိကြောင်းကို ယခုလိုပဲ ရှင်းပြလိုက်ပါတယ်။

ကလော့က “ကျနော် ဒီအသင်းမှာ ရှိနေတာဟာ ၇ နှစ်နဲ့ ၂ လ ၃ လလောက် ရှိနေပါပြီ။ အပြောင်းအရွေ့ဈေးကွက်တိုင်းမှာ ကျနော်တို့ အမြဲတမ်း တူညီတဲ့ ချည်းကပ်မှုပဲ လုပ်လေ့ရှိပါတယ်။ ငွေရေးကြေးရေးပိုင်းဟာ အဓိကမကျတဲ့ ပုံစံမျိုးနဲ့ ခင်‌ဗျားတို့ အမြဲပြောနေခဲ့ပါတယ်။ ‘ဘယ်သူ့ကို ဂရုစိုက်ရမလဲ?’ ဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့။ ဒါဒါပေမယ့် ကျနော်တို့ ငွေကို အတိုင်းအဆ မရှိဘဲ သုံးစွဲတာမျိုး ဘယ်တော့မှ လုပ်သွားမှာ မဟုတ်ပါဘူး။ ကျနော် ခင်ဗျားတို့ကို စိတ်ပျက်လက်ပျက် ဖြစ်အောင် လုပ်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ဟာ ဂတ်ပိုလို ထူးချွန်တဲ့ ကစားသမားတစ်ဦးကို ခေါ်ယူထားခဲ့တာပါ။ အဲဒီနောက် ခင်ဗျားတို့ တပ်တဲ့ နောက်ထပ်သတင်းခေါင်းကြီးက ‘နောက်တစ်ယောက် ဘယ်သူဖြစ်မလဲ?’ ဆိုတာပါပဲ။

ကျနော်တို့မှာ အသင်းမှာ ဘယ်သူမှ ရှိမနေတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ ကျနော်တို့ တစ်ဦးတည်း လက်ဝါးကြီးအုပ်တဲ့ ပုံစံမျိုးနဲ့ ဈေးကွက်မှာ မကစားပါဘူး။ ဘယ်တုန်းကမှလည်း မလုပ်ခဲ့ပါဘူး။ ဒါ့ကြောင့် ခင်ဗျားတို့ရဲ့ မေးခွန်းကို ကျနော် နားမလည်နိုင်ပါဘူး။ အမှန်ပါပဲ။ ကျနော်တို့ဟာ ‌ငွေကို ဒီအတိုင်း သုံးပစ်လိုက်တာမျိုး မလုပ်ပါဘူး။ အမြဲတမ်း အသင်းတွင်းမှာပဲ အရင် ဖြေရှင်းပါတယ်။ ကိုယ့်မှာ ရှိတဲ့ ကစားသမားတွေ အပေါ် အပြည့်အဝ ယုံကြည်မှုပေးကာ အလုပ်လုပ်သွားတာဟာ ကျ‌နော့်ရဲ့ philosophy ဖြစ်ပြီး ဒီနေရာ ဟိုနေရာအတွက် ကစားသမား လိုအပ်တယ်ဆိုပြီး ကစားသမားတွေကို ကိုယ့်ကိုကိုယ် မေးခွန်းထုတ်အောင် လုပ်တာမျိုးကို ဘယ်တော့မှ မလုပ်ပါဘူး။

ကိုဒီဂတ်ပိုကို ခေါ်ယူခဲ့တဲ့ ကိစ္စကတော့ သိသာထင်ရှားပါတယ်။ ကျနော်တို့ အခု ဒီနေရာမှာ ကစားသမား လိုအပ်ချက် ရှိနေတဲ့အပြင် သူ့ရဲ့ အရည်အသွေးကြောင့်လည်း ဖြစ်ပါတယ်။ timing ကတော့ လုံးဝ အကိုက်ပါပဲ။ အကယ်၍ ကျနော်တို့ သူ့ကို နွေရာသီထိ စောင့်ဆိုင်းလိုက်မယ်ဆိုရင် ဈေးနှုန်းက ဒီထက်ပိုမို များပြားသွားနိုင်တဲ့အပြင် တစ်သင်းသင်းကလည်း သူ့ကို ခေါ်ယူသွားနိုင်ပါတယ်။ သူ့မှာ အရမ်းကိုကောင်းတဲ့ အလားအလာကလည်း ရှိနေတာကြောင့် ဒါဟာ လက်တွေ့ကျတဲ့ အပြောင်းအရွေ့ လုပ်ဆောင်မှုပါ။

ပြီးတော့ လာမည့်နှစ်တွေမှာ ပွဲတွေဟာ နည်းပါးသွားမှာ မဟုတ်ပါဘူး။ ပွဲစဉ်တွေ ပိုမိုများပြားလာတာပဲ ရှိပါတယ်။ ဒါ့ကြောင့် နေရာစုံမှာ အရည်အသွေးမြင့် ကစားသမားတွေ လိုအပ်တယ်ဆိုတာ ရှင်းလင်းပါတယ်။ တူညီတဲ့ အရည်အသွေးနဲ့ ၂ သင်းစာလောက် လိုအပ်တယ်လို့ ပြောလို့ရပါတယ်။ ဒါမှသာ rotation လုပ်သွားတာတို့ ဘာတို့ လုပ်နိုင်မှာပါ။ ကျနော်တို့ ဒီအတွက် ပြင်ဆင်မှုတွေ လုပ်နေတာပါ။

ကျနော်တို့ ငွေကြေးသုံးစွဲမှုတွေ များစွာ လုပ်သွားမှာ မဟုတ်ဘူးလို့ ပြောလိုက်တာဟာ ခင်ဗျားတို့အတွက် အံ့ဩစရာတော့ မဟုတ်လောက်ပါဘူး။ ကျနော်တို့ ဘယ်တုန်းကမှ ဒီလိုမျိုး လုပ်ခဲ့တာ မဟုတ်လို့ပါ။ ဒါကိုတော့ ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်။ အကယ်၍ ကျနော်တို့ မှန်ကန်တဲ့ ကစားသမား နဲ့ ငွေရေးကြေးရေး အရ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာမှာ ရှိတဲ့ ကစားသမား တစ်ဦးဦးကို တွေ့ခဲ့မယ်ဆိုရင်တော့ ကျနော်တို့ ဈေးကွက်ထဲ ဝင်ရောက်သွားမှာပါ။ ဒီလိုမျိုး မဟုတ်ဘူးဆိုရင်တော့ ကျနော်တို့ တစ်စုံတစ်ရာ လုပ်သွားမှာ မဟုတ်ပါဘူး။” လို့ပြောသွားပါတယ်။

ယနေ့ဟာ ယူကေမှာ ဘဏ်ပိတ်ရက် ဖြစ်တဲ့အပြင် ယနေ့ည ဘရန်ဖို့ဒ်နဲ့ အဝေးကွင်း ပွဲစဉ်မှာ ဂတ်ပိုကို အသုံးပြုနိုင်ဖို့အတွက် ဆိုရင် နေ့လည်မတိုင်မီ ၎င်းကို register လုပ်သွားရမှာ ဖြစ်တာကြောင့် ကလော့က ဒီကိစ္စကို အချိန်မှီအောင် လုပ်နိုင်မယ်လို့ မထင်မိကြောင်း ဆိုလိုက်ပါတယ်။

ကလော့က “ကျနော်သာ အဆုံးအဖြတ် ပေးနိုင်တဲ့ အေဂျင်စီ ဒါမှမဟုတ် အဆုံးအဖြတ် ပေးနိုင်တဲ့ ရုံးတွေမှာ အလုပ်လုပ်နေတဲ့သူဆိုရင် ဒီစာရွက်စာတမ်းတွေကို လုပ်သွားဖို့အတွက် မနက်တိုင်း အစောကြီးထနေရမှာပါ။ ကျနော်ကတော့ ဒီလို ဖြစ်လိမ့်မယ်လို့ မထင်မိပါဘူး။ ဒီနေ့ နေ့လည် ၁၂ နာရီ မတိုင်မီ သူ့ကို register လုပ်သွားမှသာ အသုံးပြုနိုင်မှာပါ။ ဒါ့အပြင် ဒီစာရွက်စာတမ်းတွေ အပြီးမသတ်ခင်အထိ ဂတ်ပိုဟာ အသင်းနဲ့အတူ ပူးပေါင်းလေ့ကျင့်ခွင့် မရှိပါဘူး။ Technically အရကတော့ သူဟာ အခုထိ PSV ကစားသမားအဖြစ် ရှိနေဆဲပါ။ ဒ့ါကြောင့် သူ့ကို ကျနော်တို့နဲ့ လေ့ကျင့်ခန်းဆင်းဖို့ ခွင့်မပြုထားပါဘူး။ ဒါ့ကြောင့် ဘရန်ဖို့ဒ်နဲ့ ပွဲစဉ်အတွက် သူ အခွင့်အရေး မရှိနိုင်လောက်ပါဘူး”

SM