အိမ်ကွင်းမှာ ရမှတ် ၂ မှတ် ဆုံးရှုံးသွားခဲ့ပြီးနောက် အဲ‌ဗာတန်ရဲ့ tactics အပေါ် ဝေဖန်မှု လုပ်သွားခဲ့တဲ့ ဂွာဒီယိုလာ

မန်စီးတီးဟာ မနေ့ညက အီတီဟတ်မှာ အဲဗာတန်နဲ့ ၁ ဂိုးစီ သရေကျခဲ့တာကြောင့် ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အာဆင်နယ် အသင်းနဲ့ ၇ မှတ်ထိ ကွာဟသွားခဲ့ကာ ပက်ဂွာဒီယိုလာဟာ အဆိုပါ ပွဲစဉ်အပြီး ပြိုင်ဘက်အဲဗာတန်ကို တိုက်ခိုက်ပြောဆိုမှု လုပ်သွားခဲ့ပါတယ်။ နောက်ဆုံး ၅ ရာသီမှာ ၄ ကြိမ် အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ မန်စီးတီးဟာ မနေ့ညက မထင်မှတ်ဘဲ ဒီရာသီ တန်းမဆင်းရဖို့အတွက် တိုက်ပွဲဝင်နေရတဲ့ အဲဗာတန်နဲ့ သရေကျခဲ့တာပါ။

ဒါပေမယ့်လည်း အဆိုပါပွဲစဉ်မှာ အဲ‌ဗာတန်ဟာ မာကျောလှတဲ့ ကစားပုံကို ပြသသွားခဲ့ပြီး မန်စီးတီးကို နိုင်ပွဲပျောက်စေခဲ့ကာ အာဆင်နယ် ကတော့ နောက်ကျပွဲမှာ ဘရိုက်တန်ကို အဝေးကွင်းမှာ ၄-၂ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ဒီနှစ်သင်းကြား ရမှတ် ၇ မှတ် ကွာသွားခဲ့ပါတယ်။ အဆိုပါပွဲစဉ်အပြီးမှာ ဂွာဒီယိုလာဟာ သူ့အသင်းရဲ့ ကစားပုံနဲ့ ပက်သက်ပြီး ကာကွယ်ပြောဆိုသွားခဲ့ကာ အဲဗာတန်ရဲ့ tactics တွေအပေါ် မပျော်မရွှင် ဖြစ်နေခဲ့ပြီး ဖရန့်လမ်းပတ်ရဲ့ အသင်းဟာ ခံစစ်မှာ ကစားသမား ၈ ယောက် ထားကစားသွားခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။

ဂွာဒီယိုလာက “သူတို့ဟာ နောက်တန်းမှာ ခံစစ်ကစားသမား ၈ ဦး ထားကစားခဲ့တယ်လို့ ကျနော် ပြောနိုင်ပါတယ်။ ဒီလို အချိန်မှာ အရေးကြီးဆုံးအရာ ကတော့ ရွေ့လျားမှုတွေနဲ့ မှန်ကန်တဲ့အချိန်မှာ တိုက်စစ်ဆင်သွားတာပါ။ ယေဘူယျအားဖြင့် ကျနော်တို့ ဒီလို လုပ်ခဲ့ပါတယ်။ သူတို့ကို တန်ပြန်တိုက်စစ်ဆင်ခွင့် မရအောင်လည်း တားဆီးနိုင်ခဲ့ပါတယ်။ သူတို့ဟာ တအားကောင်းတဲ့ဂိုးကို သွင်းယူခဲ့ကာ ဒီလိုမျိုး ဖြစ်သွားခဲ့တဲ့အခါ သူတို့ကို ဂုဏ်ပြုသွားရမှာပါ။ ဒါပေမယ့်လည်း ကျနော်တို့ ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။” လို့ပြောသွားပါတယ်။

Title race ပြီးဆုံးဖို့ဆိုတာ အများကြီး လိုအပ်နေသေးပြီး ဂန်းနားတို့ဟာ လာမည့်ပွဲစဉ် ၆ ပွဲမှာ နယူးကာဆယ် တော့တင်ဟမ် မန်ယူနိုက်တက် မန်စီးတီး တို့နဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။ စီးတီးနဲ့ အာဆင်နယ် တို့ ထိပ်တိုက်တွေ့ဆုံမယ့် ၂ ပွဲဟာ title race အတွက် တအားကို အရေးပါမှာ ဖြစ်ပြီး လီဗာပူး ဂန္တဝင်ကစားသမား ဂျွန်ဘန်းကတော့ မန်စီးတီးဟာ title race မှာ အာဆင်နယ်ကို အသာရနိုင်မယ်လို့ ယုံကြည်နေဆဲ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ် ။

ဘန်းက “အတွေ့အကြုံပိုင်းကြောင့် မန်စီးတီးဟာ အမှတ်ပေးဖလား အတွက် ရေပန်းစားနေဆဲလို့ ကျနော် ယုံကြည်ထားပါတယ်။ အာဆင်နယ်ဟာ ငယ်ရွယ်တဲ့ အသင်း ဖြစ်ပြီး ဒီအချိန်မှာ အကောင်းဆုံး လုပ်ပြနေပါတယ်။ နယူးကာဆယ် လိုမျိုးပေါ့။ အာဆင်နယ်ဟာ အတွေ့အကြုံနည်းတဲ့ အသင်း ဖြစ်တာကြောင့် ဖိအားတွေ များလာပြီဆိုရင် ရှုံးပွဲတွေ ကြုံလာရနိုင်ပါတယ်။ ဒီအချိန်မှာ မန်စီးတီးကတော့ ပွဲတွေ သိပ်အများကြီး ရှုံးနိမ့်မယ့်အသင်း မဟုတ်ပါဘူး။” လို့ဆိုလိုက်ပါတယ်။

SM