ယူနိုက်တက် ကစားသမား တစ်ဦးကို အသင်းပြောင်းဖို့ တိုက်တွန်းလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟို ခံစစ်မှူးဟောင်း တစ်ဦးဖြစ်သူ ရီယို ဖာဒီနန် က အသင်းအတွက် နောက်ထပ် လူစားဝင် ကစားခွင့်သာ ထပ်မံ ပိုင်ဆိုင်ခဲ့ရတဲ့ အသင်း ခေါင်းဆောင် ဟယ်ရီ မက်ဂွားယားကို အသင်းပြောင်းလိုက်ဖို့ တိုက်တွန်းသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက်တို့ မိုလီနက်စ် ကွင်းထဲ ဝုလ်ဗ် အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဥ်မှာ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွားယား ဟာ ပွဲထွက် ကစားခွင့် ပျောက်ဆုံးခဲ့ပြီး ဘယ်နောက်ခံလူ လုခ်ရှော က ဗဟို ခံစစ် နေရာမှာ ဗာရန်းနဲ့ တွဲဖက် ကစားခွင့် ရရှိသွားခဲ့ပါတယ် ။

အဲရစ် တန်ဟတ်ဟာ ဒီပွဲမတိုင်မီ နော်တင်ဟမ် ဖောရက်စ် အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဥ်မှာလည်း လုခ်ရှောကို ပွဲထွက်ခွင့် ပေးခဲ့ပြီး မက်ဂွားယားကို အရန်လူ အဖြစ် ထားရှိခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါဟာ ကမ္ဘာ့ ဖလားမှာ​ ခြေစွမ်းပြခဲ့တဲ့ ကစားသမားအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ် ။

တကယ်တော့ အသင်းမှာ ဗာရန်း နဲ့ တွဲဖက် ကစားစေဖို့ မာတီနက်ဇ် မရှိချိန်မှာ မက်ဂွားယား နဲ့ လင်ဒီလော့ဖ် တို့ပဲ အသင်းအတွက် ပွဲထွက်ခွင့်တွေ ရရှိလိမ့်မယ်လို့ ပရိသတ်တွေက မျှော်လင့်ခဲ့ကြတာပါ ။ ဒါပေမဲ့ လက်တွေ့မှာတော့ သူတို့ကို ကျော်ပြီး လုခ်ရှော ပွဲထွက်ခဲ့တာက မေးခွန်းထုတ််စရာ ဖြစ်ခဲ့ရပါတယ် ။

ဒါပေမဲ့ ရှောကတော့ နေရာသစ်မှာ အကောင်းဆုံး ကစားပေးနိုင်ခဲ့တဲ့အတွက် ဝေဖန်သံတွေ ငြိမ်သက်သွားခဲ့ရတာပဲ ဖြစ်ပါတယ် ။ အခုတော့ ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန် က အခွင့်အရေးတွေ ဆုံးရှုံးနေခဲ့ရတဲ့ မက်ဂွားယား ကို အသင်းပြောင်းဖို့ တိုက်တွန်းသွားခဲ့လိုက်ပါတယ် ။

” သူ (ရှော) ဟာ ပြီးခဲ့တဲ့ ပွဲစဥ်တွေတုန်းက ကစားပုံတွေ ကောင်းမွန်ခဲ့ပါတယ် ။ ဒါပေမဲ့ အဲ့ဒီ နေရာက ကျွန်တော် သူ ကစားတာကို မြင်ချင်တဲ့ နေရာမျိုး မဟုတ်ရပါဘူး ။ အထူးသဖြင့် နှစ်ပွဲဆက် ကစားရတာမျိုးပေါ့ ။ မာတီနက်ဇ် ရောက်လာလို့ သူ ကစားရသေးရင် ကျွန်တော် အံ့သြမိမှာပါ ”

” ကျွန်တော်က သူ့ကို ခံစစ်မှာတောင် သုံးယောက်တန်း ခံစစ်လောက်ပဲ ကစားစေချင်တာပါ ။ အခုလို အချိန်မှာ လင်ဒီလော့ဖ် နဲ့ မက်ဂွားယား တို့ကို အရန်ခုံပေါ် မြင်ခဲ့ရတာက ကျွန်တော့်ကို အံ့အားသင့်စေခဲ့ပါတယ် ။ သူတို့ ကြံ့ခိုင်မှု မပြည့်ရင် အရန်ခုံပေါ်တောင် ရှိရမှာ မဟုတ်ဘူးလေ ”

” သူတို့ ပွဲထွက် ကစားပေးနိုင်စွမ်း မရှိရင် ဒီလိုလူတွေက အရန်ခုံပေါ်မှာ ရှိနေရမှာ မဟုတ်ပါဘူး ။ အခုလို လုခ်ရှော ကို ပွဲထွက်စေလိုက်တာက သူ (တန်ဟတ်) ဖက်က မက်ဂွားယား နဲ့ လင်ဒီလော့ဖ် တို့အပေါ် ဘယ်လို သဘောထားလဲ ဆိုတာကို ပြသလိုက်ခြင်းပါပဲ ”

” ကျွန်တော်သာ မက်ဂွားယား နေရာမှာဆိုရင် အခုပဲ အသင််းသစ် တစ်သင်းကို စတင်ရှာဖွေလိုက်တော့မှာပါ ။ ဒါကို ရိုးရိုးသားသား ပြောတာပါ ။ သူ အင်္ဂလန်မှာ ဘာတွေ ဘယ်လိုတွေ လုပ်ပြခဲ့သလဲဆိုတာကို ခင်ဗျားတို့ မြင်တွေ့ခဲ့ကြတယ်လေ ။ သူဟာ အမှားကင်းခဲ့ပါတယ် ”

” လူတွေ အမျိုးမျိုး ထင်မြင်ချက် ပေးကြပါလိမ့်မယ် ။ ဒါပေမဲ့ သူကတော့ အင်္ဂလန် အတွက် အကောင်းဆုံး ပေးဆပ််နိုင်ခဲ့ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် အတွက်တော့ အခုထိ အလုပ်မဖြစ်သေးဘူးပေါ့ဗျာ ။ အခု မန််နေဂျာရဲ့ ရွေးချယ်မှုက သူဟာ ပွဲထွက်ခွင့် နံပါတ်သုံး နေရာတောင် မဝင်တော့ပါဘူး ”

” ကျွန်တော်သာ သူ့နေရာမှာဆိုရင် ၊ သူ့ရဲ့ဖိနပ်တွေကိုစီးထားရမယ်ဆိုရင် နည်းပြဆီသွားပြီး ‘ကျွန်တော် ဘောလုံးကို ပျော်ရွှင် ခံစားလို့ရနိုင်မယ့် နေရာ ၊ ပွဲထွက်ခွင့်တွေ ရနိုင်မယ့် အသင်း ရှာပေးလိုက်ပါ’ လို့ ပြောလိုက်မိမှာပါပဲ ” လို့ ဖာဒီနန် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar