ဂတ်ပိုရဲ့ အပြောင်းအရွေ့မှာ သူ့ကို အံ့သြစေခဲ့တဲ့အရာကို ပြောပြလိုက်တဲ့ ကာရေဂါ

ဂျေမီကာရေဂါက မန်ချက်စတာယူနိုက်တက်တို့ ပြီးခဲ့တဲ့ နွေရာသီက အန်သိုနီအတွက် စံချိန်တင် ပြောင်းရွေ့ကြေးကို သုံးစွဲခဲ့ရတာကို ကြည့်ပြီး လီဗာပူးတို့ ဂတ်ပို အတွက် ပေးချေခဲ့ရတဲ့ ပြောင်းရွေ့ကြေး အပေါ် အတော်လေး အံံ့အားသင့်မိခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မန်ယူနိုက်တက်တို့ ကာလရှည် လိုက်နေတဲ့ နယ်သာလန် လက်ရွေးစင်ကို ပီအက်စ်ဗီကနေ ပြောင်းရွေ့ကြေး ပေါင် ၄၄ သန်း ၀န်းကျင်နဲ့ ခေါ်ယူနိုင်ခဲ့ပြီး ၆ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

ဂတ်ပိုဟာ ဒီရာသီ ပီအက်စ်ဗီမှာ အကောင်းဆုံး ပုံစံကို ပြသလျက် ရှိနေသူ ဖြစ်ပြီး လိဂ်ပွဲစဉ် ၁၄ ပွဲမှာ ၉ ဂိုးသွင်းကာ ၁၂ ကြိမ် ဖန်တီးမှု လုပ်ထားခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားက ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့တဲ့ ဟော်လန် အတွက်လည်း ၅ ပွဲကစား ၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဲရစ်တန်းဟတ်ဟာ ပြီးခဲ့တဲ့ နွေရာသီက ဂတ်ပို နဲ့ အန်သိုနီ တို့ထဲက တစ်ဦးကို ရွေးချယ်ခဲ့ရပြီး နောက်ဆုံးမှာတော့ အိုင်ယက်က သူ့ရဲ့ တပည့်ဟောင်းကို ပေါင် ၈၅ သန်းထိ အသုံးပြုကာ အိုးထရပ်ဖို့ဒ်ကို ခေါ်ယူခဲ့ပါတယ်။

ဂတ်ပိုဟာ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း အန်သိုနီထက် ဂိုးပိုမို သွင်းယူထားခဲ့သူ ဖြစ်ပေမယ့်လည်း အသင်းကြီးတွေရဲ့ စိတ်၀င်စားမှုကို သိပ်ပြီး ခံခဲ့ရသူ မဟုတ်ခဲ့ပေမယ့် ကမ္ဘာ့ဖလားမှာ ပြသခဲ့တဲ့ ပုံစံကောင်းကတော့ လူတွေရဲ့ အမြင်ကို ပြောင်းလဲစေခဲ့ပါတယ်။ လီဗာပူး နောက်ခံလူဟောင်း ကာရေဂါက သူဟာ ဂတ်ပိုရဲ့ ပြောင်းရွေ့ကြေး အတော်လေး နည်းပါးနေတဲ့ အပေါ် အံ့အားသင့်မိတယ်လို့ ၀န်ခံလိုက်ပြီး ဒါဟာ လီဗာပူးတို့ ပြုလုပ်ရန် မဖြစ်မနေ လိုအပ်တဲ့ ခေါ်ယူမှုလို့ ဆိုလိုက်ပါတယ်။

ကာရေဂါက “ကျွန်တော်ကတော့ လီဗာပူးဟာ ဒီအချိန်မှာ ဒီအပြောင်းအရွေ့ကို လုပ်သွားရန် လိုအပ်နေတယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော် ယာဂန်ကလော့ကို မေးခွန်းထုတ်ခဲ့တာပါ။ လူး၀စ်ဒီယက်ရဲ့ ကာလရှည် ဒဏ်ရာဟာ သူတို့အတွက် တကယ့် ပြသနာကြီး ဖြစ်ပါတယ်။ ဟော်လန်မှာ ဂတ်ပိုရဲ့ record ကို ခင်ဗျားတို့ ကြည့်လိုက်ပါ။ ဒီလို ကိန်းဂဏန်းတွေကို မျှော်လင့်ထားပြီးသားပါ။ အားလုံး သိကြတဲ့ အတိုင်းပဲ နယ်သာလန်လိဂ်ဟာ ပရီးမီးယားလိဂ်လောက် မတောင့်တင်းပါဘူး။ ပရီးမီးယားလိဂ်ကို ဒီလိဂ်ကနေ အခြေချခဲ့တဲ့ လူတွေထဲမှာ အောင်မြင်တာတွေ ရှိသလို အလုပ်မဖြစ်တာတွေလည်း ရှိခဲ့ပါတယ်။

ဒီအချိန်မှာ ခင်ဗျားတို့ လီဗာပူးကို ကြည့်လိုက်မယ်ဆိုရင် သူတို့ဟာ ဘယ်ခြမ်း တိုက်စစ်မှာ အောက်စလိတ်ချိန်ဘာလိန်ကို အသုံးပြုနေရပါတယ်။ ဒါဟာ သူ့ရဲ့ ပုံမှန် နေရာ မဟုတ်ပါဘူး။ အရန်ခုံက option တွေကလည်း သိပ်ပြီးတော့ မကောင်းလှပါဘူး။ ကျွန်တော် ကတော့ ဒီယက်ဟာ နောက်ထပ် ၂ လ ၃ လလောက် နားရအုံးမယ်လို့ ထင်ပါတယ်။ ဂျိုတာ ကလည်း တော်တော်နဲ့ ပြန်လာအုံးမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒါဟာ အရမ်းကို ကောင်းတဲ့ ခေါ်ယူမှုလို့ ကျွန်တော်ထင်ပါတယ်။

ကျွန်တော့်ကို အံ့အားသင့်စေခဲ့တဲ့ နောက်အရာ တစ်ခု ကတော့ သူ့ရဲ့ စျေးနှုန်းပဲ ဖြစ်ပါတယ်။ သူနဲ့ profile ချင်း ဆင်တူနေတဲ့ အန်သိုနီအတွက် မန်ယူနိ်ုက်တက်တို့ ပေးခဲ့ရတဲ့ စျေးနှုန်းကို ကြည့်ပြီး ဂတ်ပိုဟာ အခု လီဗာပူးတို့ ပေးခဲ့ရတဲ့ စျေးနှုန်းထက် များလိမ့်မယ်လို့ ကျွန်တော် ယူဆခဲ့ပါတယ်။ ဒီစျေးဟာ လီဗာပူးလို အပြောင်းအရွေ့ စျေးကွက်မှာ လည်၀ယ်တဲ့ အသင်းအတွက်လည်း ဖြစ်ကောင်း ဖြစ်နိုင်မှာပါ။

လူး၀စ်ဒီယက် ပြန်လာချိန်မှာ ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုပြီး အခုကတည်းက တွေးမိနေပါတယ်။ ဘာလို့လဲဆိုတော့ ဂတ်ပို ကလည်း ဘယ်တောင်ပံမှာ ကစားတာ မို့လို့ပါ။ ဒါပေမယ့် သူတို့ နှစ်ဦးကို position တွေ ချိန်းပြီး ကစားခိုင်းလို့တော့ ရပါတယ်။ အကယ်၍ သူတို့ကို ကစားကွက်မှာ အံ၀င်အောင် မသုံးနိုင်ဘူးဆိုရင် တစ်ဦးဦးကိုတော့ ရောင်းသွားနိုင်ပါတယ်။ ဒါပေမယ့် အခု ဂတ်ပိုကို ခေါ်ယူလိုက်တာဟာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တဲ့ အပြင် ကောင်းမွန်တဲ့ ခေါ်ယူမှုလည်း ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

လီဗာပူးဟာ ဒီယက် နဲ့ ဂျိုတာ တို့ကို လက်လွှတ်ထားခဲ့ရတာကြောင့် ဗီလာ လက်စတာ တို့နဲ့ ပွဲစဉ်တွေမှာ ချိန်ဘာလိန်ကို ဘယ်ခြမ်းတိုက်စစ်မှာ ကစားခိုင်းခဲ့ရပြီး ဒီကစားသမား ၂ ဦးဟာ တော်တော်နဲ့ ပြန်လာအုံးမှာ မဟုတ်တာကြောင့် ဂတ်ပို အနေနဲ့ ဘရန့်ဖို့ဒ် or ဝုဖ် နဲ့ ပွဲစဉ်ကနေ စတင်ကာ လီဗာပူးရဲ့ ပွဲထွက်စာရင်းမှာ ချက်ချင်း ပါ၀င်လာဖို့ ရှိနေပါတယ်။

SM